စီးပွားရေး သတင်းများ

သုံးရက်ဆက် ကျင်းပခဲ့သည့် အိမ်ခြံမြေ အရောင်းပြပွဲတွင် ပြခန်းအများစု လက်တွေ့ရောင်းချရမှု မရှိသလောက်နည်းပါး

မေ ၁ ရက်မှစတင်ကာ ၃ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် သုံးရက်ဆက်တိုက် ကျင်းပခဲ့သည့် အိမ်ခြံမြေအရောင်းပြပွဲတွင် ပြခန်းအများစု လက်တွေ့ရောင်းချရမှု မရှိသလောက်နည်းပါးကြောင်း သိရသည်။

အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီးတွင် အဆင့်မြင့်အိမ်ရာ အခန်းများ၊ ရုံးခန်းများ၊ ဆိုင်ခန်းများ၊ ကွန်ဒိုနှင့် တိုက်ခန်းရောင်းချမှု များအပြင် အိမ်ခန်းအလှဆင်ပစ္စည်းများ၊ အိမ်တွင်း ပရိဘောဂများရောင်းချသည့် ပြခန်းများပါဝင်ပြီး အဆိုပါပြပွဲတွင် ကုမ္ပဏီ ပေါင်း ၄၀ ကျော် ပါဝင်ပြသခဲ့ပြီး အိမ်ခြံမြေ အကြောင်း သိကောင်းစရာ ဟောပြောပွဲကို လည်း ပြုလုပ်ခဲ့ကြသည်။

ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ရှိလာ

ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ဟိုတယ်အလုံးရေ က ၄၇ လုံးအထိရှိလာပါပြီ။ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံရှိပါတယ်” ဟု Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International တို့ ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

လျာထားချက်ကျော်လွန်ခြင်း မရှိသော်လည်း မြ၀တီနယ်စပ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ် ကုန်သွယ်ရေးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားချက်ကို ကျော်လွန်ခဲ့ခြင်း မရှိသော်လည်း ယခင်နှစ်ကထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်များအနက် မြတီနယ်စပ်စခန်းမှ အများဆုံး ဒေါ်လာ ၄၄၇  သန်းကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ငွေပေးချေစာရင်း ရှင်းလင်းမှုဘဏ်အဖြစ် ထိပ်တန်းအခွန်ဆောင်စာရင်းဝင် ကမ္ဘောဇဘဏ်အား ရွေးချယ်

ရန်ကုန်စတော့အိတ်ချိန်း၏ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ငွေပေးချေမှု ဆောင်ရွက်မည့်ဘဏ်အဖြစ် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အား ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 

နိုင်ငံတကာငွေကြေးများနှင့် နှိုင်းယှဉ်ရာတွင် မြန်မာငွေတန်ဖိုး တစ်ပတ်အတွင်း သိသာစွာကျဆင်းလာ

မြန်မာငွေတန်ဖိုးသည် စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေး၊ အမေရိကန်ဒေါ်လာများနှင့်နှိုင်းယှဉ်ရာတွင် တစ်ပတ်အတွင်း မြန်မာ့ငွေတန်ဖိုး သိသာစွာကျဆင်းလာကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၆ ရက်တွင် အမေရိကန်တစ်ဒေါ်လာဝယ်ဈေးသည် ၁၀၆၉ ကျပ်နှင့် စင်ကာပူတစ်ဒေါ်လာ ၀ယ်ဈေး ကျပ် ၇၇၀ နှင့် ယူရိုဈေး ၁၁၅၀ ၀န်းကျင်သာရှိခဲ့ရာမှ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၀၈၈ ကျပ်၊ ရောင်းဈေး ၁၀၉၃ ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၀ယ်ဈေး ၈၁၈ ကျပ်၊ ရောင်းဈေး ၈၃၃ ကျပ်နှင့် ယူရိုငွေကြေး တစ်ဒေါ်လာလျှင် ၁၁၈၀ နှင့် ရောင်းဈေး ၁၂၀၀ ဈေးရှိနေကြောင်း သိရသည်။

အာဆီယံစီးပွားရေး အသိုက်အ၀န်း စတင်ချိန် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာများအတွက် တောင်းဆိုမှုများ မြင့်တက်နိုင်

အာဆီယံစီးပွားရေး အသိုက်အ၀န်း စတင်ချိန်တွင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာများအတွက် တောင်းဆိုမှုများ မြင့်တက်လာနိုင်ကြောင်း အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဆိုက် House.com.mm ၏ လေ့လာသုံးသပ်ချက်အရ သိရသည်။

၂၀၁၅ ခုနှစ်အကုန်တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ရေးဇုန်အဖြစ် ဖော်ဆောင်မည့် အာဆီယံစီးပွားရေး အသိုက်အ၀န်းကို စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။

စက်မှု (၁) လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ကြယ်ငါးပွင့်ဟိုတယ်အတွက် Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International ပူးပေါင်း

စက်မှု (၁) လမ်းနှင့် ကမ္ဘာအေးစေတီ လမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ကြယ်ငါးပွင့်ဟိုတယ်အတွက် ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International တို့ ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ရှိ Sedona Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်ခဲ့ပြီး Hoang Anh Gia Lai Myanmar နှင့် Melia Hotels International ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသဖြင့် အာဆီယံဒေသတွင်း တိုးတက်မှု ရာခိုင်နှုန်း အများဆုံးဖြစ်နေ

၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သဖြင့် အာဆီယံဒေသတွင်း ခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ တိုးတက်မှုရာခိုင်နှုန်း အများဆုံးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

နယ်စပ်မှ ဆန်လုပ်ငန်းရှင်များ ဆန်ထွက်ရာ ပင်ရင်းဒေသများအထိ ဆင်း၍ ၀ယ်ယူမှုများ ရှိသဖြင့် ဆန်ဈေး ဆက်တိုက်မြင့်တက်

နယ်စပ်မှ ဆန်လုပ်ငန်းရှင်များ ဆန်ထွက်ရာဒေသများအထိ ဆင်း၍ ၀ယ်ယူမှုများ ရှိသဖြင့် ဆန်ဈေး ဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။

“အခုဆိုရင် မူဆယ်နယ်စပ်ဘက်က ဆန်ကုန်သည်တွေက စပါးထွက်တဲ့ ပင်ရင်းဒေသတွေအထိ ဆင်းဝယ်လာတယ်။ ဥပမာ - ဧရာဝတီတိုင်းအထိ ဆင်းလာတာမျိုးပေါ့။ ပုံမှန်ပြည်တွင်းက အရောင်းအ၀ယ်လုပ်တဲ့သူတွေ လုပ်ငန်းရှင်တွေကလဲ ပုံမှန်အတိုင်း ၀ယ်လှောင်တယ်။ အဲဒီအချိန်မှာ နယ်စပ်ဘက်က လုပ်ငန်းရှင်တွေကလည်း ပင်ရင်းအထိ ဆင်းလာပြီး ၀ယ်တဲ့အတွက် ဆန်ဈေးက တစ်ရက်နဲ့တစ်ရက် အနည်းနဲ့အများဆိုသလို တက်နေတယ်။ ဆန်ကြမ်းဆိုရင် အခု တစ်အိတ်ကို ၁၈၀၀၀၊ ၁၈၅၀၀ ကျပ်လောက်အထိ တက်လာတယ်” ဟု ဆန်ပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဘီလျံကျော်အနက် အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုပ မာဏကို ဒေါ်လာ ၂၆ ဘီလျံနီးပါးရရှိရန် လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် ဒေါ်လာ ၂၈ဘီလျံကျော်သည်အထိ ကုန်သွယ်မှုပြု နိုင်ခဲ့ကြောင်း၊ ယင်းတို့အနက် အများစုမှာ အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ်မှု ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၁၃ ဘီလျံ အထိရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၂၆ ဘီလျံနီးပါး ရရှိဖို့လျာထားတယ်။ တကယ်တမ်းမှာ ၂၈ ဘီလျံကျော်တဲ့အထိ ရခဲ့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတ်လကုန်အထိ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရဟိုတယ် အလုံးရေပေါင်း ၁၁၄၈ လုံးရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် အများဆုံးဖွင့်လှစ်ထား

၂၀၁၅ ခုနှစ် မတ်လကုန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရဟိုတယ် အလုံးရေပေါင်း ၁၁၄၈ လုံးရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် အများဆုံး ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်များအား ချထားပေးရာတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် အသီးသီးတို့တွင် လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင် ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။

နှစ် ၃၀ အတွင်း ပထမဆုံးမဟာဗျူဟာအဖြစ် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဒေါ်လာ သန်း ၁၆၀၀ ကို နှစ်ရှည်အတိုးမဲ့ချေးငွေ ထောက်ပံ့မည်

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွက် အတည်ပြုလိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (CPF) အရ  ဒေါ်လာ သန်း ၁၆၀၀ အထိရှိမည့်  နှစ်ရှည် အတိုးမဲ့ချေးငွေနှင့် ထောက်ပံ့ငွေများကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်း (IDA) က မြန်မာနိုင်ငံကို ကူညီသွားမည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်စွဲဖြင့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
 

တရုတ်နှင့် တရားဝင်ဆန်တင်ပို့မှု စတင်ရန်ရှိရာ ယခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့ရန် မျှော်မှန်းထား

ယခုနှစ် တရုတ်နှင့် တရားဝင်ဆန်တင်ပို့မှု စတင်ရန်ရှိရာ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရ Bank of Tokyo Mitsubishi UFJ က ဒေါ်လာ သန်း ၁၀၀ စတင် ရင်းနှီးမြှုပ်နှံမည်

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဂျပန်နိုင်ငံဘဏ် Bank of Tokyo Mitsubishi က ဒေါ်လာ သန်း ၁၀၀ စတင်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး ပြည်တွင်း မိတ်ဖက်ဘဏ်အဖြစ် CB ဘဏ်နှင့် တွဲဖက်လုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ Asia & Oceania CEO Mr. Go Watanabe က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။

ရန်ကုန်ကဲ့သို့ အခြေခံအဆောက်အအုံများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်ပေးလျှင် အိမ်ခြံမြေဈေးကွက် ပျံ့နှံ့ပြီး တည်ငြိမ်လာနိုင်ဟု ဆို

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ကဲ့သို့ အခြားနေရာ ဒေသများကို အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင် တည်ဆောက်ပေးလျင် အိမ်ခြံမြေဈေးကွက် ပျံ့နှံ့သွားနိုင်ပြီး ဈေးနှုန်းများ ပိုမိုတည်ငြိမ်လာနိုင်သည်ဟု အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက် House.com.mm မှ မန်နေးဂျင်းဒါရိုက်တာ ဂျန်ဆွမ်းမားဖဒ်က ပြောကြားသည်။

နိုင်ငံစီးပွားရေး ပိုမိုဖွံ့ဖြိုးလာပြီး အိမ်ခြံမြေဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေး မြင့်တက်ပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၀၈၀ ဖြစ်လာ

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လျက်ရှိပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၁၀၇၅၊ ရောင်းဈေး ၁၀၈၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ပြင်ပငွေကြေးဈေးကွက်မှ သတင်းရရှိသည်။

သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းသည် ဧပြီ ၁၀ ရက်က တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ်ဖြစ်ပြီး သိမ်ဖြူကောင်တာ ငွေလဲနှုန်းမှာ ၀ယ်ဈေး ၁၀၇၃ ကျပ်၊ ရောင်းဈေး ၁၀၇၈ ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၀၇၅ ကျပ် ရောင်းဈေး ၁၀၇၉ ကျပ်ဖြစ်သည်။

ပြည်ပစတော့အိတ်ချိန်းဝန်ဆောင်မှုကုမ္ပဏီများမှာ DICA တွင် ၀န်ဆောင်မှုကုမ္ပဏီဟုသာ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ချထားပေးခြင်း လုံးဝမရှိကြောင်း SECM ပြောကြား

မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိကာ ၀န်ဆောင်မှုပေးနေသော ပြည်ပစတော့အိတ်ချိန်းဝန်ဆောင်မှု ကုမ္ပဏီများမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ၀န်ဆောင်မှုကုမ္ပဏီအမျိုးအစားအဖြစ်သာ မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့ကို ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ရန် လိုင်စင်ချထားပေးခြင်းမရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SECM မှ သိရသည်။
 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘော ၅၀၀ ကျော်ဖြင့် ပို့ကုန် ကုန်သေတ္တာ သုံးသိန်းကျော်တင်ပို့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန် ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘောစင်းရေ ၅၀၀ ကျော်ဖြင့် ပို့ကုန်ကုန်သေတ္တာ အလုံးရေ ၃၀၀၀၀၀ ကျော် သယ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်လက်များအရ သိရသည်။

ခနောက်စိမ်း၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံနှင့် ခရိုမီယမ်သတ္တုများ ထုတ်လုပ်ရန် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီပေါင်း ၁၃၉ ခုရှိ

ခနောက်စိမ်း၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံနှင့် ခရိုမီယမ်သတ္တုများ ထုတ်လုပ်ရန်အတွက် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီပေါင်း ၁၃၉ ခုရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကုမ္ပဏီအရေအတွက်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းဖြစ်ပြီး အသေးစားနှင့် အကြီးစား ထုတ်လုပ်မှုများအတွက် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး အသေးစား ထုတ်လုပ်မည့် ကုမ္ပဏီအရေအတွက်မှာ ပိုများကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ရာ နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင်တင်ပို့နိုင်ခြင်းဖြစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ရာ နှစ် ၅၀ အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှရရှိသော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန် တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂ သန်း တင်ပို့ခဲ့ကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားဖြစ်ဝိုင်များ တင်သွင်းခွင့်ပြုရာတွင် တင်သွင်းမည့်ဝိုင်၏ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမှာ ခုနစ်မှ ၂၀ အတွင်း ရှိရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှသာ တင်သွင်းခွင့် ပြုမည်

နိုင်ငံခြားဖြစ်ဝိုင်များအား တင်သွင်းခွင့်ပြုရာတွင် တင်သွင်းမည့်ဝိုင်၏ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ရှိရမည်ဖြစ်ပြီး ပင် လယ်ရေကြောင်းနှင့် လေကြောင်းမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသည် လက်ရှိပြောင်းလဲ တိုးတက်လာသည့် အခြေအနေအရ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာခြင်း၊ ပြည်တွင်း ဈေးကွက်လိုအပ်ချက် ရှိလာခြင်းတို့ကြောင့် နိုင်ငံခြားဖြစ် ၀ိုင်အမျိုးမျိုးကို ပြည်ပမှ တရားဝင်တင်သွင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့်နှုန်းမှာ နည်းပါးသည်ဟု ဝေဖန်ခြင်းကြောင့် ယခင် တစ်နှစ် ကျပ်သိန်း ၇၀၀ မှ ယခု ကျပ်သိန်း ၇၇၀ သို့ တိုးမြှင့်

ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခအား ယခင်တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ မှ ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၇၇၀ သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ငှားရမ်းပြီး ၀န်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနက ထူးထရိတ်ဒင်းကုမ္ပဏီသို့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုငှားရမ်းခဲ့ပြီး ငှားရမ်းသည့်ကာလမှာ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ ၁၀ နှစ်ဖြစ်ကာ နှစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုကြောင်း သိရသည်။                

မြန်မာ့အိမ်ခြံမြေဈေးကွက်ပြိုလဲခြင်းရဲ့အစလား၊ စက်မှု (၁) ၀န်ကြီးရုံးဟောင်းနေရာ၌ ဗီယက်နမ်ကုမ္ပဏီကဆောက်လုပ်နေသည့် စီမံကိန်းတွင် ဒေါ်လာသန်း ၅၅၀ မြှုပ်နှံမည့် သဘောတူညီမှုကို စင်ကာပူကုမ္ပဏီဖျက်သိမ်း

ရန်ကုန်မြို့ စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်ရှိ ယခင်စက်မှု(၁) ၀န်ကြီးရုံးဟောင်းနေရာတွင် ဗီယက်နမ်ကုမ္ပဏီ Hoang Anh Gia Lai Myanmar မှတည်ဆောက်နေသောစီမံကိန်း၌ ဒေါ်လာ သန်း ၅၅၀ မြှုပ်နှံရန် ယခင်သဘောတူညီထားမှုကို စင်ကာပူကုမ္ပဏီဘက်မှ ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း Vietnam net သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်ပစတော့ အိတ်ချိန်းများတွင် အရောင်းအ၀ယ်လုပ်နိုင်ရန် ပြည်တွင်းသို့ လာရောက်ဝန်ဆောင်မှု ပေးနေခြင်းမှာ ဥပဒေနှင့်မညီသဖြင့် အဆိုပါကုမ္ပဏီများကို သတိပြုရန်လို

ပြည်ပစတော့အိတ်ချိန်းများတွင် အရောင်းအဝယ်ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများရှိနေပြီး ထိုသို့ဝန်ဆောင်မှုပေးခြင်းမှာ ဥပဒေနှင့်မညီသဖြင့် အဆိုပါကုမ္ပဏီများကို သတိပြုရန်လိုအပ်သည်ဟု ငွေကြေးဈေးကွက်ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ထားသည်။

ထိုသို့ ပြည်ပစတော့ အိတ်ချိန်းများတွင် ရွှေ၊ ငွေကြေး၊ ရေနံ၊ ကုန်စည်စသည့်ဈေးကွက် များပေါ်တွင် အရောင်းအဝယ်ပြုသည့် ဈေး ကွက်ကို Future Exchange ဈေးကွက်ဟုခေါ်ဆိုပြီး ထိုဈေးကွက်တွင် ဝင်ရောက်အရောင်းအဝယ်လုပ်နိုင်ရန် ကော်မရှင်ခယူကာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်းခြောက်ခုခန့် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်နှင့် ကုန်သွယ်ခွန် ပေးဆောင်ထားသည့် ရွှေထည်များကို လေကြောင်းနှင့် ကုန်းကြောင်းမှ သယ်ယူကာ အရောင်းအ၀ယ် ပြုလုပ်ရန် အခက်အခဲ ရှိပါက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက ကူညီဖြေရှင်းပေးမည်

နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်နှင့် ကုန်သွယ်ခွန် ပေးဆောင်ထားသည့် ရွှေထည်များကို လေကြောင်းနှင့် ကုန်းကြောင်းမှ သယ်ယူကာ အရောင်းအ၀ယ် ပြုလုပ်ရန် အခက်အခဲရှိပါက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ အထူးအစည်းအဝေးမှ သိရသည်။

အဆိုပါ အထူးအစည်းအဝေးသို့ အသင်း၏ အလုပ်အမှုဆောင်နှင့် ရွှေလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ရွှေအရောင်းအ၀ယ် ပြုလုပ်ခြင်းဆိုင်ရာများနှင့် ရွှေဈေးတည်ငြိမ်မှု ရှိစေရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။    

Pages