မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို စောင့်ကြည့်နေသည့် အမေရိကန် ကုမ္ပဏီများစွာ ရှိနေဟု ဆို

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို စောင့်ကြည့်နေသည့် အမေရိကန် ကုမ္ပဏီများစွာ ရှိနေဟု ဆို
Published 13 August 2017

သီလဝါ အထူးစီးပွားရေးဇုန်ရှိ အမေရိကန်ကုမ္ပဏီ Ball ၏ စက်ရုံကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို စောင့်ကြည့်နေသည့် အမေရိကန် ကုမ္ပဏီများစွာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Deputy Chief of Mission ဖြစ်သူ Mr. George Sibley က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Deputy Chief of Mission အဖြစ် မကြာသေးမီကမှ တာဝန်ယူခဲ့သည့် Mr. Geroge Sibley နှင့်အတူ သံရုံးမှ Economic Unit Chief Ms. Alyce abdall နှင့် တာဝန်ယူရှိသူများသည် ကုန်သည်စက်မှု အသင်းချုပ်၌ သြဂုတ် ၁၀ ရက် တွေ့ဆုံရာတွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို မသိရှိသေးသည့် အမေရိကန် ကုမ္ပဏီများနှင့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို စောင့်ကြည့်နေသည့် ကုမ္ပဏီများစွာ ရှိနေကြောင်း Mr. Geroge Sibley က ပြောကြားသည်။

မြန်မာ့ ဘဏ္ဍာရေးစနစ်ကို ဦးစွာပြုပြင် ပြောင်းလဲရန်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာရန်အတွက် အဓိက အတားအဆီး ဖြစ်နေကြောင်း Mr. Geroge Sibley က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် အထူးစိတ်ဝင်စားနေသည့် အမေရိကန် ကုမ္ပဏီကြီး  အများအပြား ရှိနေပြီး မြန်မာ့ထွက်ကုန်များ (အထူးသဖြင့် အဝတ်အထည်များ) ကို အများအပြား ဝယ်ယူရန် ပြင်ဆင်နေသည့် အမေရိကန် ကုမ္ပဏီကြီးများ ရှိနေကြောင်း၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ အလျင်အမြန် ဝင်ရောက်လာရေး အတွက် ပွင့်လင်းလွယ်ကူ မြန်ဆန်သည့် ငွေပေးချေမှုစနစ်နှင့် ငွေလွှဲစနစ် ဖွံ့ဖြိုးလာရန် အလွန်အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး H.E. Mr Scot Marciel က ကုန်သည်/စက်မှု အသင်းချုပ်သို့ ဇူလိုင်လအတွင်းက လာရောက်စဉ် ပြောကြားသည်။

ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်းငွေကြေး ထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ဟွန်ဒီငွေလွှဲစနစ်ကို ဥပဒေဖြင့် ကြပ်မတ်နိုင်ရေးအတွက် အမေရိကန် သံအမတ်ကြီး H.E. Mr.Scot.Marciel နှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ဇူလိုင် ၆ ရက်က ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က သတင်းထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၅၀ ခန့်ရှိနေပြီး အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူထားမှုများ ဖျက်သိမ်းထားပြီ ဖြစ်သဖြင့် လာမည့်သုံးနှစ်အတွင်း အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုနှစ်ဆ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ Coca Cola၊ Ball တို့ ဝင်ရောက်မြှုပ်နှံ ထားပါတယ်။ သူက အမေရိကန် အနေနဲ့ တိုက်ရိုက်လာတာ မဟုတ်ဘဲ စင်ကာပူကတစ်ဆင့် ခံပြီးလာတာ။ ကျွန်တော်တို့ မျှော်မှန်းတာက အမေရိကန်က လုပ်ငန်းရှင်တွေ စိတ်ဝင်စားတာက Financial Sector နဲ့ပတ်သက်တာတွေ Insurance တွေ IT ကဏ္ဍ၊ Financing ကိစ္စမှာ စိတ်ဝင်စားတယ်။ ကိုယ့်ဆီက ပေါ်လစီ အပေါ်တော့ မူတည်တာပေါ့။ ကိုယ့်ဆီက ဘယ်လောက် ဖွင့်ပေးမလဲပေါ့။ အဲဒီအပေါ် မူတည်ပြီး ဝင်လာပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်မှန်းတာကတော့ လက်ရှိမှာသန်း ၂၅၀ လောက်ရှိတယ်။ Sanction လည်း ဖွင့်ပေးထားပြီးပြီ။ အဲဒီအတွက်ကြောင့် သုံးနှစ်လောက် အတွင်းမှာ နှစ်ဆလောက် တက်လာမယ်လို့ မှန်းထားပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

 

Most Read

Most Recent