ကုမ္ပဏီအချို့က မက်လုံးပေးပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အစုရှယ်ယာ ဝယ်ယူရောင်းချရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေသောကြောင့် အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခုစာရင်း DICA ထုတ်ပြန်

ကုမ္ပဏီအချို့က မက်လုံးပေးပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အစုရှယ်ယာ ဝယ်ယူရောင်းချရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေသောကြောင့် အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခုစာရင်း DICA ထုတ်ပြန်
Published 16 August 2017

စီးပွားရေးလုပ်ငန်းအချို့ မက်လုံးပေးပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ဖိတ်ခေါ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အစုရှယ်ယာ ဝယ်ယူရောင်းချရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသောကြောင့် အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသော အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများအနက် လက်ရှိအချိန်အထိ ကုမ္ပဏီ ၅၅ ခုသာ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် ရှိပါကြောင်း ကျန်ကုမ္ပဏီများသည် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိပါကြောင်း အသိပေးထားသည်။

အဆိုပါကုမ္ပဏီ ၅၅ ခုတွင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများဖြစ်သော First Myanmar Investment Co., Ltd၊ Myanmar Thilawa SEZ Holding Public Co., Ltd၊ First Private Bank Ltd၊ Myanmar Citizens Bank Ltd တို့အပြင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ရန် ပြင်ဆင်နေသည့် Myanmar Agribusiness Public Corporation (MAPCO) Ltd နှင့် Great Hor Khan Public Co.,Ltd တို့ ပါဝင်သည်။

ထို့ပြင် အစုရှယ်ယာ ရောင်းချခွင့် ရရှိထားသည့် ကုမ္ပဏီ ၅၅ ခုစာရင်းတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ သမဝါယမဘဏ် လီမိတက်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက်၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် လီမိတက်၊ ကမ္ဘာ့ရတနာဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုလီမိတက်၊ မြန်မာ့သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက်၊ ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၊ မြန်မာ့လယ်ယာထွက်ကုန် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် လီမိတက်၊ ရွှေမြန်မာလေကြောင်း အများပိုင် ကုမ္ပဏီလီမိတက်၊ Myanmar Edible Oil Industrial Public Corporation(MEICO) Ltd၊ ဂရင်းဂါးဒီးယန်း အာမခံအများပိုင် ကုမ္ပဏီလီမိတက်၊ ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် စသည့်ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီ ၅၅ ခုမှလွဲ၍ ကျန်မည်သည့် စီးပွားရေး လုပ်ငန်းမှကမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိပါကြောင်းနှင့် အများပြည်သူသို့ အစုယာရှယ်ရာ ရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများ ရှိလာပါက ၎င်းတို့ကိုလည်း ဆက်လက်အသိပေး ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း ကြေညာထားသည်။

Most Read

Most Recent