ခရီးသွားလုပ်ငန်းကဏ္ဍ လုပ်ကိုင်ရန် FMI က ထူထောင်ထားသည့် Target ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် SHC က ကျပ် ၆၉ ဘီလျံကျော်ဖြင့် ဝယ်ယူရန် စာချုပ်ပြင်ဆင် ချုပ်ဆို

ခရီးသွားလုပ်ငန်းကဏ္ဍ လုပ်ကိုင်ရန် FMI က ထူထောင်ထားသည့် Target ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် SHC က ကျပ် ၆၉ ဘီလျံကျော်ဖြင့် ဝယ်ယူရန် စာချုပ်ပြင်ဆင် ချုပ်ဆို
Published 19 August 2017

ခရီးသွားကဏ္ဍသို့တိုးချဲ့လာသည့် FMI ၏ ရန်ကုန်မြို့လယ်ရှိ The Central စီမံကိန်းကို တွေ့ရစဉ်

ခရီးသွားလုပ်ငန်းကဏ္ဍ တိုးချဲ့ရန် မိုးပျံဘောလုံးလုပ်ငန်း အပါအဝင် လုပ်ငန်းငါးမျိုး၌ လုပ်ကိုင်မည့် Target ကုမ္ပဏီကို FMI နှင့် လုပ်ငန်းစုများက ထူထောင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် SHC က ကျပ် ၆၉ ဘီလျံကျော်ဖြင့် ဝယ်ယူရန် စာချုပ်ပြင်ဆင် ချုပ်ဆိုလိုက်ကြောင်း FMI က သြဂုတ် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

Target ကုမ္ပဏီကို FMI၊ Yoma Strategic Investment Ltd(YSIL)၊ Exemplary Ventures Ltd,(EVL) တို့က သတ်မှတ်ထားသည့် အချိုးအစားများအတိုင်း တည်ထောင်မည်ဖြစ်ကာ ရာနှုန်းပြည့် ပိုင်ဆိုင်မှုကိုမူ စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် SHC သို့ လွှဲပြောင်းရောင်းချမည်ဖြစ်သည်။

Target ကုမ္ပဏီလက်အောက်တွင် ပေါင်းစည်းထားသည့် စီးပွားရေးလုပ်ငန်းများမှာ ပုဂံမြို့ရှိ BoB မိုးပျံဘောလုံးလုပ်ငန်း၊ PunHlaingLodge ခေတ်မီဟိုတယ် စီမံကိန်း လုပ်ငန်း၊ ညောင်ဦးမြို့တွင် တည်ဆောက်နေသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်းလုပ်ငန်း Bl Business၊ ဘားအံမြို့နယ်ရှိ Hpa-An Lodge ဟိုတယ်လုပ်ငန်းနှင့် Asia Holiday ခရီးသွားလုပ်ငန်းများတွင် ရှယ်ယာဝယ်ယူခြင်းများနှင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Target ကုမ္ပဏီမှ အထက်ပါ စီးပွားရေး လုပ်ငန်းများကို ရယူပြီးချိန်တွင် SHC က တန်ဖိုးငွေ စင်ကာပူဒေါ်လာ ၇၀၆၇၅၁၃၀ (ကျပ် ၇၀ ဒသမ ၆ ဘီလျံခန့်)ဖြင့် Target ကုမ္ပဏီကို ဝယ်ယူသွားရန် ယခင်က စာချုပ်ချုပ်ဆိုထားပြီး လက်ရှိတွင် ပြင်ဆင်ချုပ်ဆိုမှုအရ စင်ကာပူဒေါ်လာ ၆၉၆၉၄၂၂၈ (ကျပ် ၆၉ ဒသမ ၆ ဘီလျံခန့်) ဖြင့် ဝယ်ယူမည်ဖြစ်သည်။ ထိုသို့ ဝယ်ယူပြီးနောက် ရှယ်ယာ တစ်စုလျှင် စင်ကာပူဒေါ်လာ ၀ ဒသမ ၂၆၃ ဖြင့် တန်ဖိုးသင့်ကာ ရှယ်ယာများ ထုတ်ဝေပေးခြင်းဖြင့် တန်ဖိုးသင့်ကာ အလဲအထပ်ပြုလုပ် ပေးချေမည်ဖြစ်သည်။ ထိုသို့ ပေးချေမည့် ရှယ်ယာသစ်များမှာ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက် ရချိန်တွင် Singapore Exchange Limited ၏ Catalist Board ၌ စာရင်းဝင်သွားမည်ဖြစ်သည်။

ထိုသို့ ရှယ်ယာများ ပေးချေခွဲဝေရာတွင် FMI က ရှယ်ယာ ၄၁၉၄၇၄၂၆ ဖြင့် ၁၅ ဒ သမ ၆၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ YSIL က ၆၂ ဒသမ ၁၇ ရာခိုင်နှုန်းနှင့် EVL က ၂၂ ဒသမ ၂၂ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည်ဖြစ်ပြီး အဆိုပါ ရှယ်ယာများသည် Singapore Stock Exchange Securities Trading Ltd. (SGX) ၏ Catalist Board တွင် စာရင်းဝင်သွားမည် ဖြစ်ကြောင်းနှင့် မူလအတိုင်း အပြောင်းအလဲ မရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့အပြင် ရေရှည်မှာ ကျွန်တော်တို့ ရှယ်ယာရှင်တွေအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်ပါတယ်” ဟု FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဆိုသည်။

အထက်ပါ ပြင်ဆင်မှုများ ပြီးဆုံးပြီးနောက် SHC သည် မြန်မာနိုင်ငံအထူးပြု ခရီးသွားလုပ်ငန်း ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ရှယ်ယာရောင်းဝယ်မှု ကိစ္စရပ်များ အောင်မြင်ချိန်တွင် FMI က ရှယ်ယာ ၄၁၉၄၇၄၂၆ ဖြင့် ၁၅ ဒသမ ၆၁ ရာခိုင်နှုန်းကို SHC ကုမ္ပဏီ၏ ရှယ်ယာ ၁၃ ဒသမ ၄၃ ပိုင်ဆိုင်မှုဖြင့် ဖလှယ်သွားရမည်ဖြစ်ပြီး ရှယ်ယာဖလှယ်မှုတွင် ငွေသားအပေးအယူ မပါဝင်သော်လည်း ကုန်ကျသော စရိတ်စကများကို အချိုးကျ ကျခံရမည်ဖြစ်ကာ ကျပ် ၃၃၈ သန်းကျော် FMI က ကုန်ကျနိုင်မည် ဖြစ်သည်။

FMI အနေဖြင့် ရှယ်ယာရှင်များကို အကြံပြုလိုသည့် အချက်အနေဖြင့် အဆိုပါ လုပ်ငန်းကိစ္စများအား စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ရှယ်ယာရောင်းဝယ်မှု သဘောတူညီချက် ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင့်များစွာ ကျန်နေသေးသည့်အတွက် အကျိုးဖြစ်ထွန်းပြီးမြောက် အောင်မြင်မည်ဟု တထစ်ချ မမှတ်ယူသင့်ကြောင်းနှင့် FMI ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ရာတွင် ဂရုပြု အရောင်းအဝယ် ပြုစေလိုကြောင်း FMI မှ အမှုဆောင် ဒါရိုက်တာ ဦးထွန်းထွန်း၏ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent