မောင်တောနယ်စပ်တွင် ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများနှင့်အတူ ဘင်္ဂါလီငါးဦး ထပ်မံဖမ်းဆီးရမိ

မောင်တောနယ်စပ်တွင်  ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ ဘင်္ဂါလီငါးဦးကို မတ် ၂၀ ရက်က ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ် ၂၀ ရက် နံနက် ၇ နာရီတွင်  မောင်တောမြို့ မြို့မတောင်ရပ်ကွက် ငခူရရွာတွင် မူးယစ်ဆေးပြား ၉၇၀၀ ကျော်ကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြ၀င်းက “ဒီကနေ့ နံနက် ၇ နာရီလောက်မှာ မြို့မတောင် ငခူရရွာက မောင်လှဝင်း (ခ) မာမွတ်ယီယာ့စ်ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က သက်သေတွေနဲ့အတူ ၀င်ရှာဖွေတဲ့အခါ WY စိတ်ကြွမူးယစ်ဆေးပြား ၉၇၅၀ ကို ဖမ်းဆီးမိပါတယ်။ ဒေသတန်ဖိုးနဲ့ဆို ကျပ် ၁၉၅ သိန်းဖိုးရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါမူးယစ်ဆေးပြားများကို နေအိမ်နောက်ခန်း စာပွဲခုံအောက်မှ စက္ကူပုံးထဲတွင်  သတင်းစာစက္ကူဖြင့် ပတ်ထားသည့် အထုပ်ထဲမှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မောင်လှဝင်း (ခ) မာမွတ်ယီယာ့စ် (၃၂ နှစ်) (ဘ)မာမတ် ယာဂုတ်ကို မောင်တော မြို့မရဲစခန်းတွင် မယ (ပ)၅/၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ မတ်  ၂၀  ရက် နံနက် ၂ နာရီခန့်က နတ်မြစ်ထဲတွင် မသင်္ကာဖွယ် လက်ခတ်လှေတစ်စင်းကို တပ်မတော်ရေ လှည့်ကင်းအဖွဲ့မှ ရှာဖွေစစ်ဆေးသည့်အခါ စိတ်ကြွဆေးပြား ၁၈၀၀၀၀ ကျော်နှင့်အတူ  လူလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်ထဲ တက်ချောင်းအ၀တွင် တပ်မတော်ရေက လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် မသင်္ကာစရာ လက်ခတ်လှေတစ်စင်းကို တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာတွင်  ထွက်ပြေးသည့်အတွက် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး  လှေပေါ်ပါငါးဦးထဲက ရွှေဇား အနောက်ရွာနေ မာမက်အီလီယာ့စ်ဆိုသူ တစ်ဦးထွက်ပြေးသွားပြီး ရွှေဇားအလယ်ရွာနေ ယာဆိမ်း၊ အဒူရှုက္ကူ၊ နူရ်ဟာကိမ်း၊ မာမက်အီဆတ် တို့လေးဦးကို ဆာလာအိတ်ဖြင့်ထုတ်ထားသော စိတ်ကြွဆေးပြား အရေအတွက် ၁၈၅၀၀၀ ဒေသတန်ဖိုး ကျပ်သိန်း ၃၇၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၎င်းတို့စီးလာသည့် အလျား ပေ ၂၀၊ အနံသုံးပေရှိ လက်ခတ်လှေကိုပါ  ဖမ်းမိခဲ့ကြောင်နှင့် ဖမ်းမိသူများကို တပ်မတော်ရေက မူးယစ်တပ်စု (၄) သို့ လွှဲပြောင်းအပ်နှံခဲ့ပြီး ပြင်ဖြူရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Writer: 
သားရွှေဦး (ကစ္ဆပ)