အိမ်ရောင်းချသည့် ငွေတောင်းရာ မပေးသဖြင့် မိခင်ဖြစ်သူအား သားဖြစ်သူက ထိုးကြိတ်သတ်မှု လက်ပံတန်းမြို့နယ်တွင် ဖြစ်ပွား

မိခင်ဖြစ်သူအား ထိုးကြိတ်သတ်ခဲ့သူ သားအရင်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးလာစဉ် (ဓာတ်ပုံ - ကိုဝဏ္ဏ)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အိမ်ရောင်းချရသည့်ငွေကို တောင်းရာမှ မပေးသဖြင့် မိခင်ဖြစ်သူအား သားဖြစ်သူက ထိုးကြိတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပံတန်းမြို့နယ် ခမုံနယ်မြေ ရဲစခန်းအပိုင် ဆင်မနီအုပ်စု ဆင်မနီကျေးရွာတွင် မတ် ၁၇ ရက်က မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်းနှင့် သားဖြစ်သူ လေးမြင့်တို့မှာ အိမ်ရောင်းချရာမှ ရရှိသည့် ငွေတောင်းသည့် ကိစ္စနှင့်ပတ်သက်၍ စကားများကာ မိခင်ဖြစ်သူအား လက်သီးဖြင့်ထိုးပြီး တွန်းလှဲစဉ် သေတ္တာစောင်းနှင့် တိုက်မိခဲ့ကာ သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ပထမဖြစ်စဉ်မှာတော့ ပြင်ပဒဏ်ရာ မတွေ့တဲ့အတွက် သေမှုသေခင်းနဲ့ဖွင့်ပြီး ဆေးစစ်ချက်ထွက်လာတဲ့ အခါကျမှ ရာဇသတ်ကြီး ပုဒ်မကို ပြောင်းတယ်။ ပြစ်မှုကျူးလွန်တဲ့သူကိုလည်း ၁၈ ရက်နေ့က ဖမ်းဆီးရမိပါပြီ။ ပထမရမန်ကိုတော့ ဒီနေ့ပဲ ကျွန်တော်တို့ ယူပါတယ်” ဟု ခမုံနယ်မြေ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းမင်းခိုင်က ဆိုသည်။

ထိုးကြိတ်ခံရမှုများကြောင့် မိခင်ဖြစ်သူ၏ ဦးခေါင်းဝဲဘက်ခြမ်းဦးနှောက်တွင် သွေးခဲခြင်း၊ ၀ဲဘက်နံရိုးနှစ်ချောင်း၊ ယာဘက်နံရိုး သုံးချောင်း ကျိုးနေပြီး ဦးနှောက်သွေးယိုစီးကာ သေဆုံးခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ လေးမြင့်ကိုလည်း ဖမ်းဆီးရမိထားပြီး အရက်သေစာ သောက်စားထားသဖြင့် ဒေါသအလျောက် ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍  ခမုံနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းလှိုင်က တရားလိုပြုလုပ်ကာ (၃၅/၂၀၁၇)၊  သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၇) မှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်ခဲ့သည်။            

Writer: 
ဝေလင်း (ပြည်)