မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀၀ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀၀ ဖမ်းဆီးရမိ
Published 12 August 2017

မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် သြဂုတ် ၁၂ ရက်က ခရီးသည် တစ်ဦးထံမှ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၂၀၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု ၁၇ နှင့် အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ သြဂုတ် ၁၂ ရက် နံနက် ၁ နာရီခန့်က ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် လားရှိုးမှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးအား ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ ခုံအမှတ် 11/A တွင် လိုက်ပါလာသည့် ခရီးသည် ယောလှ (၃၅ နှစ်) တောင်ယာလုပ်သူ၊ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နေသူ၏ ထိုင်ခုံခြေရင်း ကြမ်းပြင်ပေါ်မှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော လက်ဖက်ခြောက်အိတ်အတွင်း လက်ဖက်ခြောက်များဖြင့် ရောနှောသိုဝှက်ထားသည့် အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား၊ တန်ဖိုးကျပ်သိန်း ၁၀၀၀ ခန့်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းထွက်ဆိုချက်အရ သိမ်းဆည်းရမိသည့် ဆေးပြားများသည် လားရှိုးမြို့တွင် နေထိုင်သည့် စုံစမ်းဆဲ လူတစ်ဦးက ပို့ဆောင်ခ ငွေကျပ် ၁၃ သိန်းခွဲဖြင့် လားရှိုးမှ ရန်ကုန်သို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နယ်မြေရဲစခန်း (အုန်းချော)မှ မယ(ပ)၄၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent