ညောင်လေးပင်မြို့ စီဘီဘဏ်မန်နေဂျာက လက်ထောက်မန်နေဂျာ အမျိုးသမီးအား ငွေကျပ် သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်

ညောင်လေးပင်မြို့ စီဘီဘဏ်မန်နေဂျာက လက်ထောက်မန်နေဂျာ အမျိုးသမီးအား ငွေကျပ် သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်
Published 13 August 2017

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ စီဘီဘဏ် မန်နေဂျာဖြစ်သူမှ လ/ထ မန်နေဂျာဖြစ်သူ အမျိုးသမီးအား ငွေကျပ် သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုဖြင့် ညောင်လေးပင် ရဲစခန်း၌ သြဂုတ် ၁၁ ရက် ညနေပိုင်းက အမှုဖွင့် တိုင်ကြားခဲ့ပြီး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ညောင်လေးပင် မြို့မရဲစခန်းမှ သိရသည်။

ညောင်လေးပင် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ဟုတ်ပါတယ်။ ဘဏ်တာဝန်ခံက လက်ထောက်မန်နေဂျာကို အမှုဖွင့်တာပါ။ လက်ထောက်မန်နေဂျာက အမျိုးသမီးပါ။ ငွေက သိန်း ၁၅၀၀ ကျော်ပါ။ အဲဒီ အမျိုးသမီးကလည်း ဒီမှာ မရှိတော့ဘူး။ သူ့ကို ဖမ်းလို့ မမိသေးပါဘူး” ဟု ပြောကြားသည်။

အဆိုပါ ငွေကျပ် သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုနှင့် ပတ်သက်၍ သြဂုတ် ၁၁ ရက် ညနေ ၆ နာရီခန့်က ညောင်လေးပင်မြို့မ ၂ ရပ်ကွက်၊ သမစိတ္တလမ်း ဒေါ်--- (၃၆ နှစ်) (ဘ)ဦး--- ညောင်လေးပင်မြို့ စီဘီဘဏ်မန်နေဂျာက ၎င်းအလုပ်လုပ်ကိုင်နေသော စီဘီဘဏ်မှ လက်ထောက်မန်နေဂျာ ဒေါ်---(၄၅ နှစ်)(ဘ)ဦး--- မြို့မ ၃ ရပ်ကွက်၊ ပြွန်တန်ဆာမြို့နေသူသည် တာဝန်ယူဆောင်ရွက်ရသည့် (ချေးငွေ/စီမံဌာနစိတ်)မှ ဘဏ်သို့ပေးသွင်းရမည့် ငွေကျပ် ၁၅၄၆၇၂၀၀၀ တိတိအား ဘဏ်သို့ပေးသွင်းခြင်း မရှိဟုဆိုကာ ညောင်လေးပင် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငွေကြေး ကျပ်သိန်း ၁၅၀၀ ကျော်အား အလွဲသုံးစားပြုပြီး သြဂုတ် ၈ ရက်မှစ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် လ/ထ မန်နေဂျာ ဒေါ်--- အား ဥပဒေအရ အရေးယူပေးပါရန် စီဘီဘဏ်မန်နေဂျာ ဒေါ်--- မှ သြဂုတ် ၁၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent