ငါးဖမ်းလှေ တစ်စင်းနှင့်အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား လေးဦးအား မောင်တောတောင်ပိုင်း အလယ်သံကျော် ကမ်းခြေတွင် ဖမ်းဆီးရမိ

ငါးဖမ်းလှေ တစ်စင်းနှင့်အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား လေးဦးအား မောင်တောတောင်ပိုင်း အလယ်သံကျော် ကမ်းခြေတွင် ဖမ်းဆီးရမိ
Published 13 August 2017

ငါးဖမ်းစက်လှေ တစ်စင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လေးဦးအား မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် ကမ်းခြေတွင် ဖမ်းဆီးရမိကြောင်း နယ်ခြားစောင့်ရဲမှ သတင်းရရှိသည်။ သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် အလယ်သံကျော် နှာခေါင်းတိုကင်းစခန်း ချောင်းဝအနီးသို့ စက်လှေတစ်စင်း ဆိုက်ကပ်လာကြောင်း သတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လေးဦးအား လှေနှင့်အတူ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြသည့် ဟာလာရာ (၂၀ နှစ်) (ဘ) ဒူတူးမီးယား(မာလီမှူး)၊ မာမွတ်ရှော်ဖီ (၂၀ နှစ်) (ဘ)အဘူကာဆိန်း (ရေလုပ်သား)၊ မာမောက်မော်ဂျီ(၂၀ နှစ်)(ဘ)မာမောက် (ရေလုပ်သား)နှင့် မာမွတ်ယာဆိန်း (၁၉ နှစ်) (ဘ)ဟာဆိန်း (စက်ဆရာ)တို့ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ပင်လယ်ပြင်သို့ ငါးဖမ်းရန် ထွက်ခွာလာစဉ် ငါးဖမ်းလှေမှာ စက်ချွတ်ယွင်းခဲ့ရာမှ မြန်မာရေပိုင်နက်အတွင်းသို့ မျောပါလာပြီး နှာခေါင်းတို ကင်းစခန်း ချောင်းဝအနီးသို့ ဆိုက်ကပ်ခဲ့ရခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းဆီးရမိသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လေးဦးတို့အား အလယ်သံကျော် လဝက စခန်းမှ လဝက ဥပဒေဖြင့် အမှုဖွင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent