စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင်အတွင်း ဝင်ရောက်ကာ ဓားထောက် လုယက်သည့်အဖွဲ့အား ဖမ်းဆီးစစ်ဆေးရာ အခြားလုယက်မှုများ ထပ်မံပေါ်ပေါက်

စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင်အတွင်း ဝင်ရောက်ကာ ဓားထောက် လုယက်သည့်အဖွဲ့အား ဖမ်းဆီးစစ်ဆေးရာ အခြားလုယက်မှုများ ထပ်မံပေါ်ပေါက်
Published 17 August 2017

စတိုးဆိုင်များအတွင်း ဝင်ရောက်လုယက်သူ အချို့ကို သက်သေခံ ပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့)

စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင်အတွင်း ဝင်ရောက်လုယက်သူများကို ဖမ်းဆီးစစ်ဆေးခဲ့ရာ အခြားလုယက်မှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက် နံနက် ၂ နာရီ မိနစ် ၄၀ ခန့်က စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်) ရပ်ကွက် စမ်းချောင်းလမ်းရှိ g & g စတိုးဆိုင် အရောင်းဝန်ထမ်း တစ်ဦးဖြစ်သူ ကို.... သည် အခြားအရောင်းဝန်ထမ်း အမျိုးသား တစ်ဦးနှင့်အတူ ဆိုင်အတွင်း ဈေးရောင်းနေစဉ် Mask အနက်ရောင် တပ်ဆင်ထားသူ လေးဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ဓားဖြင့်ထောက်ကာ ကျပ်လေးသိန်းခန့်နှင့် အရောင်းဝန်ထမ်း နှစ်ဦးထံမှ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ဖုန်းငွေဖြည့်ကတ်မျိုးစုံ တန်ဖိုးကျပ် ၁၀၅၄၀၀၀ ခန့်တို့ကို လုယက်ကာ ဆိုင်ရှေ့တွင် အသင့်ရပ်ထားသော အငှားယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ စမ်းချောင်းမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၃၄၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် စည်သူလွင် (၂၈ နှစ်)၊ အာယုကျော် (၂၃ နှစ်)၊ ဖိုးလပြည့် (ခ) အောင်ပြည့်မြတ် (၁၉ နှစ်) နှင့် ကျော်ထူး (ခ) လှမျိုးနိုင် (၁၈ နှစ်) တို့အား သြဂုတ် ၁၁ ရက်တွင် ၎င်းတို့၏ နေအိမ်များ၌ လုယက်ခဲ့သည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးချက်အရ ၎င်းတို့သည် သြဂုတ် ၁၁ ရက် နံနက် ၁ နာရီခန့်က မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းနှင့် ဦးရေခဲလမ်းထောင့်ရှိ g & g စတိုးဆိုင်အတွင်း ဝင်ရောက်ပြီး အရောင်းဝန်ထမ်း အမျိုးသမီး နှစ်ဦးအား ဓားဖြင့်ထောက်ကာ ကျပ် ၉၈၀၀၀၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ရွှေလက်စွပ် တစ်ကွင်းတို့အား လုယက်ခဲ့သည်ဟု ပေါ်ပေါက်ခဲ့သည်။

ထို့ပြင် စည်သူလွင်၊ ကျော်ထူး (ခ)လှမျိုး နိုင်တို့နှစ်ဦးသည် ပြောင်ကြီး (ခ) ကျော်မိုးဝေ၊ ရှောင်ပေါင်း (ခ) ဝေရှောက်ပေါင်း၊ ရဲတင့် ဆွေ (ခ) ဝက်ကြီးဆိုသူတို့နှင့်အတူ မတ် ၁၈ ရက် နံနက် ၄ နာရီခန့်က ယာဉ်တစ်စီးဖြင့် အလုံမြို့နယ် ဌာနရပ်ကွက် ငုဝါလမ်းထိပ် အနီးရှိ g & g စတိုးဆိုင်အတွင်း ဝင်ရောက်၍ အရောင်းဝန်ထမ်း အမျိုးသမီးအား ဓားဖြင့်ထောက်ကာ ကျပ် ၂၅၄၀၀၊ ဖုန်းငွေဖြည့်ကတ် မျိုးစုံနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လည်းကောင်း၊ ကျော်ထူး (ခ) လှမျိုးနိုင်၊ အာယုကျော်တို့ နှစ်ဦးသည် ပြောင်ကြီး (ခ) ကျော်မျိုးဝေ၊ ဆိုးပေ (ခ) အောင်ဖြိုးကျော်၊ ဇင်ကိုထူး (ခ) အငယ်ကောင်တို့နှင့်အတူ သြဂုတ် ၁ ရက် နံနက် ၂ နာရီခန့်က ပရိုဘောက်ယာဉ်ဖြင့် မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ကျန်စစ်သားလမ်းရှိ g & g စတိုးဆိုင်အတွင်းသို့ဝင်၍ ဆိုင်ဝန်ထမ်းနှစ်ဦးအား ဓားဖြင့်ထောက်ကာ ကျပ် ၃၅၀၀၀၀၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ရွှေလက်စွပ် တစ်ကွင်းတို့အား လည်းကောင်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ဖိုးလပြည့် (ခ) အောင်ပြည့်မြတ်သည် ဆိုးပေ (ခ) အောင်ဖြိုးကျော်၊ ရှောင်ပေါင် (ခ) ဝေရှောင်ပေါင်းတို့နှင့်အတူ ဇူလိုင်လအတွင်းက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ g & g စတိုးဆိုင် အတွင်းဝင်ရောက်၍ ဆိုင်ဝန်ထမ်းအား ဓားဖြင့်ထောက်ကာ ကျပ် ၄၀၀၀၀၀၊ ဖုန်းငွေဖြည့်ကတ် မျိုးစုံတို့အား လုယက်ခဲ့သည်ဟု ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ကျူးလွန်မှုတွင် ပါဝင်သူများအနက် သြဂုတ် ၁၂ ရက်တွင် မရမ်းကုန်းမြို့နယ်နေ ဇင်ကိုထူး (ခ) အငယ်ကောင် (၂၄ နှစ်)၊ ရဲတင့်ဆွေ (ခ) ဝက်ကြီး (၂၀ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ပြီး ရှောင်ပေါင်း (ခ) ဝေရှောင်ပေါင်းနှင့် ဆိုးပေ (ခ) အောင်ဖြိုးကျော်တို့ နှစ်ဦးအား ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent