ကျွန်းစုမြို့နယ်တွင် ဖခင်က ထိုးကြိတ်ကန်ကျောက်မှုကြောင့် သမီးအရင်းဖြစ်သူ သေဆုံးခဲ့

ကျွန်းစုမြို့နယ်တွင် ဖခင်က ထိုးကြိတ်ကန်ကျောက်မှုကြောင့် သမီးအရင်းဖြစ်သူ သေဆုံးခဲ့
Published 20 August 2017

ကျွန်းစုမြို့နယ်တွင် ဖခင်ဖြစ်သူက ထိုးကြိတ်ကန်ကျောက်မှုကြောင့် သမီးအရင်းဖြစ်သူ သေဆုံးခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ သံပြာကျေးရွာတွင် နေထိုင်သည့် ဦးအေးငယ် (၃၇)နှစ် ဆိုသူမှာ အသက် ကိုးနှစ်အရွယ် သမီးဖြစ်သူအား ကလေးထိန်းရာတွင် ညံ့ဖျင်းသည်ဟုဆိုကာ မကျေနပ် ဒေါသဖြစ်ပြီး သြဂုတ် ၁၆ ရက်က ထိုးကြိတ်ကန်ကျောက်ခဲ့ကြောင်း သိရသည်။ သံပြာကျေးရွာတွင် နေထိုင်သည့် မအေးမြတ်သွယ် (ခ) ခေါင်းစောင်း ကိုးနှစ် (ဘ) ဦးအေး ငယ်မှာ အငယ်ဆုံးမောင်လေးဖြစ်သူ မောင်အေးလင်း နှစ်,နှစ်ဆိုသူအား ထိန်းကျောင်းနေစဉ် ကလေးငယ်မှာ ငိုယိုခဲ့ကြောင်း၊ ကလေး ငိုယိုခြင်းမှာ မအေးမြတ်သွယ်ထိန်းကျောင်းမှု ညံ့သည်ဟုဆိုကာ ဖခင်ဖြစ်သူက မျက်နှာအား လက်သီးဖြင့်ထိုးခြင်း၊ လက်ဖြင့်ရိုက်ခြင်း၊ ကိုယ်အားခြေဖြင့် ကန်ကျောက်ခြင်းများ လုပ်ခဲ့ကြောင်း သိရသည်။ မအေးမြတ်သွယ်မှာ ညိုမည်းဒဏ်ရာများ ရရှိပြီး သြဂုတ် ၁၆ ရက်တွင် ညအိပ်ရာဝင်ခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် သေဆုံးနေခဲ့ကြောင်း သိရသည်။ မအေးမြတ်သွယ်၏ သေဆုံးနေသည့် ဘော်ဒီအား မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ဦးခေါင်းခွံအတွင်း သွေးခဲဒဏ်ရာ၊ မေးရိုးကျိုးကြေ ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း အဖြေထွက်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အား အဘိုးဖြစ်သူ ဦးစိုးတင့်က တရားလို ပြုလုပ်တိုင်တန်းသဖြင့် ကျွန်းစုမြို့နယ် သဇင်ရဲစခန်းမှ (ပ) ၁၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent