ဒီမိုကရေစီနှင့် တာဝန်ယူမှု

ဒီမိုကရေစီနှင့် တာဝန်ယူမှု
Published 15 August 2017

လူသားတိုင်း လွတ်လပ်မှုကို လိုလားကြသည်။ လွတ်လပ်မှုကို လိုလားသောကြောင့် အာဏာရှင်စနစ်များကို တိုက်ဖျက်ကာ ဒီမိုကရေစီစနစ်ကို ထူထောင်ကြခြင်းဖြစ်သည်။ သို့သော် လွတ်လပ်မှုနှင့် ဒီမိုကရေစီက အဓိကတောင်းဆိုသောအရာသည် တာဝန်ယူမှုဖြစ်ကြောင်း သိရှိရန်လိုသည်။ ဒီမိုကရေစီဆန်သော တာဝန်ယူမှုဟူသည် ခံစားမှုများကို မှန်ကန်သော အချက်အလက်များဖြင့် ထိန်းကျောင်းရခြင်းဖြစ်သည်။ သုံးနှစ်သား ကလေးငယ်တစ်ဦးပင်လျှင် ကိုယ်ပိုင်အမြင်တစ်ရပ်ရှိနိုင်သည်။ ယင်းကဲ့သို့ ကိုယ်ပိုင်အမြင်ရှိခြင်းသက်သက်ကို ဒီမိုကရေစီဆန်သည်ဟုမဆိုသာ။ မိမိ၏အမြင်ကို ဓမ္မဓိဋ္ဌာန်ကျသည့် အချက်အလက်ကို အခြေခံလျက် ယုတ္တိဗေဒနည်းကျ တည်ဆောက်ပြရန် တာဝန်ရှိသည်။

ထို့အပြင် တာဝန်ယူမှုဟူသည် လေးစားမှုရှိခြင်းဖြစ်သည်။ မိမိအနေဖြင့် အခြားသူများ၏ လွတ်လပ်မှုကို လေးစားမှုမရှိပါက အခြားသူများကလည်း မိမိ၏လွတ်လပ်မှုကို လေးစားလိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။

ဒီမိုကရေစီစနစ်၌ တာဝန်ယူမှုဟူသည် ဒီမိုကရေစီ၏ စံတန်ဖိုးများကို သဘောတူလျက် လေးစားလိုက်နာခြင်းဖြစ်သည်။ ယင်းသည် ပြည်သူများကို ကိုယ်စားပြုနိုင်စွမ်းရှိသည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်မှု ဖြစ်ပေါ်စေသည်။ ဒီမိုကရေစီ၏ စံတန်ဖိုးများက လူတစ်ဦးတစ်ယောက် သို့မဟုတ် လူနည်းစုက လွှမ်းမိုးချုပ်ကိုင်မှုအား ကာကွယ်ရန် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေးသည်။ မိမိတို့ကိုယ်တိုင်၏ လွတ်လပ်မှုကို လိုလားသူတို့က လူနည်းစုက အုပ်စိုးခြင်း (Oligarchy)၊ ဓနသြဇာကြီးသူများက အုပ်စိုးခြင်း (Plutocracy)၊ သက်ဦးစံပိုင်စနစ် (Monarchy) နှင့် အာဏာရှင်ဆန်သောအုပ်စိုးမှု (Despotism) အစရှိသည်တို့ကို အစားထိုးလိုသည့်အခါ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်၌ လွတ်လပ်မှုနှင့်အတူ တာဝန်ယူမှုက ယှဉ်တွဲလျက်ပါလာပြီးသား ဖြစ်သောကြောင့် တာဝန်ယူမှုများမရှိပါက လွတ်လပ်မှုများ ပျောက်ဆုံးကာ ဒီမိုကရေစီလည်း ချုပ်ငြိမ်းရပေလိမ့်မည်။

ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဟူသည် ပြည်သူများက ပြည်သူများအတွက် ဆောင်ရွက်သောနိုင်ငံဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ၌ နိုင်ငံသားများ၌ လွတ်လပ်မှုရှိသည်။ ဥပမာအားဖြင့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ မဲပေးခွင့် အစရှိသည်တို့အတွက် အာမခံချက်ရှိသည်။ ဒီမိုကရေစီနိုင်ငံသားများ၌ လွတ်လပ်ခွင့်ရှိသကဲ့သို့ တာဝန်ယူမှုလည်းရှိသည်။ အခြေခံအကျဆုံး တာဝန်ယူမှုများအနက်တစ်ခုမှာ မိမိတို့အား ကိုယ်စားပြုမည့် ခေါင်းဆောင်ကို ရွေးချယ်ပေးရခြင်းဖြစ်သည်။ အခြားအရေးကြီးသည့် အချက်တစ်ခုမှာ ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အစိုးရနှင့် မျှဝေရခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များကို အစိုးရထံသို့ အစီရင်ခံရန် လိုအပ်သကဲ့သို့ အစိုးရအနေဖြင့်လည်း ပြည်သူများအား သတင်းအချက်အလက်များနှင့် ပတ်သက်၍ အသိပေးရန်လိုသည်။ နောက်ထပ်အရေးကြီးသည့် အချက်တစ်ချက်မှာ နိုင်ငံသားများအနေဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို နေထိုင်ရန် ကောင်းမွန်သောနေရာများ ဖြစ်စေရေးအတွက် ဝိုင်းဝန်းကူညီရေးဖြစ်သည်။ ထိုကြောင့် ဒီမိုကရေစီစနစ်၌ နိုင်ငံသားများအတွက် အဓိကတာဝန်ယူမှု သုံးရပ်မှာ မဲပေးခြင်း၊ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံ့တာဝန်များကို ကူညီထမ်းဆောင်ခြင်းတို့ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်သည် နိုင်ငံသားအားလုံးအား လွတ်လပ်မှုကို ပေးသကဲ့သို့ တာဝန်ယူမှုများကိုလည်း ပေးအပ်ထားပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ (၁၅) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent