မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
Published 17 August 2017

မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေးအကျိုးပြုလုပ်ငန်းများအား တစ်ရက်နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး နာရီ ၃၆၀ အထိ ဆောင်ရွက်ရမည့် အချက်များ အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား သြဂုတ် ၁၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် ယင်းဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ ပေးပို့၍ ဆက်လက်ဆွေးနွေးမည်ဖြစ်ကာ ထပ်မံပြင်ဆင်ဖြည့်စွက်လိုသည့် အချက်အလက်များ ရှိ၊ မရှိ အတည်ပြုခြင်း၊ ကန့်ကွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။ အကယ်၍ ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရာ၌ အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့်အတိုင်း ကွဲလွဲမှုမရှိဘဲ အတည်ပြုနိုင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းအား အတည်ပြုကြောင်း ကြေညာနိုင်မည်ဖြစ်သည်။  ယင်းနောက် သမ္မတထံပေးပို့၍ ဥပဒေ အတည်ပြုရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယင်းဥပဒေကြမ်းပါ အချက်အလက်များအနက် ဥပဒေကြမ်း၏ အခန်း ၇ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်စေခြင်း အခန်းတွင် ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉ ပုဒ်မခွဲ (ဆ) အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့် ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြီးကြပ်သူရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်းသဘော မသက်ရောက်သည့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်လျက် တစ်ရက် နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံးနာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်း၏ အပိုဒ် ၂၁ တွင် မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (က) တွင် ပုဒ်မ ၁၅ အရ ဆေးဝါးသုံးစွဲသူများအား လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်စေခြင်းမှအပ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်တတ်သူ သို့မဟုတ် ကျူးလွန်ကြောင်း ကျော်စောသတင်းရှိသူအား သုံးနှစ်ထက်မပိုသော ကာလအတွင်း ကောင်းမွန်စွာနေထိုင်စေရန် ခံဝန်ချုပ်ချုပ်ဆိုရမည်ဟုလည်းကောင်း၊ ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ပေးရေးနှင့် စပ်လျဉ်းပြီး စီမံချက်များချမှတ်ကာ စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုများပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းဟုလည်းကောင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ဖမ်းဆီးရမိခြင်း၊ အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များ၌ အားနည်းချက်များရှိခဲ့ပြီး မူးယစ်ဆေး အဓိကရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးရမိမှုထက် လက်ဝယ်တွေ့ရှိသူ၊ သယ်ဆောင်သူနှင့် အချို့ဆိုလျှင် ပမာဏအနည်းငယ်ဖြင့် ဖမ်းဆီးရမိခြင်းများသာ အများစုဖြစ်ခဲ့သည်ကို တွေ့ရသည်။ သို့သော် မည်သူမဆို ဥပဒေအရ ကျောသားရင်သားမခွဲခြားဘဲ ကျူးလွန်သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အရေးယူခံရမည်ဖြစ်သည်။ သို့ပါ၍ ယခုကဲ့သို့ ဥပဒေ ပြင်ဆင်ခြင်းများသည် ပြစ်မှုနှင့်ပြစ်ဒဏ်မျှတ၍ ဥပဒေအတိုင်း အရေးယူနိုင်ရန်အတွက်  အထောက်အကူဖြစ်စေရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)