ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်ဖြစ်ရပ်များနှင့် ကမ္ဘာ့အကြမ်းဖက်အဖွဲ့ ကွန်ရက်များ၏ ချိတ်ဆက်မှု

ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်ဖြစ်ရပ်များနှင့် ကမ္ဘာ့အကြမ်းဖက်အဖွဲ့ ကွန်ရက်များ၏ ချိတ်ဆက်မှု
Published 19 August 2017

“ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တွေရဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးမှာ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးဖြစ်ပြီး အချိန်နဲ့တစ်ပြေးညီ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားကျေးရွာတွေက လူနည်းစုဒေသခံပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို မပေးနိုင်ပါက ရွာလုံးကျွတ်ပြောင်းရွှေ့ နေထိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ကမ္ဘာ့အကြမ်းဖက်အဖွဲ့တွေရဲ့ ကွန်ရက်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အနေအထားကို တွေ့ရှိနေရပါတယ်။ နိုင်ငံတော်အတွက် အန္တရာယ်ဆိုးတွေ အချိန်မရွေး ကျရောက်လာနိုင်တဲ့အတွက် အစိုးရအနေနဲ့ အချိန်မဆိုင်းဘဲ ရဲဝံ့ပြတ်သားစွာ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေပါတယ်” ဟူ၍ သြဂုတ် ၁၈ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့သည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနိုင်ရန် အကူအညီ အထောက်အပံ့နှင့် ငွေကြေးထောက်ပံ့ပေးနေမှုများသည်လည်း အထောက်အကူဖြစ်နေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပရောက်နေသည့် ဘင်္ဂါလီများသည် ၎င်းတို့နိုင်ငံမှတစ်ဆင့် လှုံ့ဆော်စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်း၊ OIC နိုင်ငံများမှ UN အဖွဲ့ကို ခုတုံးလုပ်ကာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း UN အဖွဲ့များ၊ NGO, INGO အဖွဲ့များမှလည်း အကူအညီ အထောက်အပံ့ ပေးနေသလိုလိုနှင့် ဘင်္ဂါလီများကို သွေးထိုးမြှောက်ပင့်ပေးနေခြင်းကြောင့် အကြမ်းဖက် အဖွဲ့အစည်းများ ပိုမိုလှုပ်ရှားလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို ဗန်းပြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ နိုင်ငံတော်နှင့်နိုင်ငံတော် အစိုးရအား လက်နက်ကိုင် တိုက်ခိုက်ပုန်ကန်နေခြင်းဖြစ်သည့်အတွက် တာဝန်ရှိအစိုးရ အဆင့်ဆင့်အနေဖြင့် အမြစ်ပြတ်ချေမှုန်းသွားရန် အထူးလိုအပ်ကြောင်း၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် နယ်မြေလုံခြုံရေးအင်အား တိုးချဲ့ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား ကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးပြီး လက်နက်တပ်ဆင်ပေးရန်၊ UN, NGO, INGO အဖွဲ့များအား ရုပ်သိမ်းပေးရန်၊ ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ပေးရန် အချက်အား ထည့်သွင်းဆွေးနွေးခဲ့သည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန်အဆိုအား လွှတ်တော်သို့ တင်သွင်းမှုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ လွှတ်တော်ကိုယ်စားအချို့က ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက်လုပ်ရပ်များနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး သာမက မြန်မာနိုင်ငံ၏ တည်ငြိမ်မှုအတွက်ပါ အရေးပါသည်ဖြစ်ရာ အဆိုပါဒေသမှ အကြမ်းဖက်ဖြစ်စဉ်များ ကိုင်တွယ်ရာတွင် သတိပြု ဆောင်ရွက်သင့်ပါကြောင်းနှင့် ကမ္ဘာ့အကြမ်းဖက်ကွန်ရက်များနှင့် ချိတ်ဆက်နေမှု အနေအထားများအားလည်း စနစ်တကျ စုံစမ်းဖော်ထုတ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent