ယဉ်ကျေးမှုအကျပ်အတည်းနှင့် ပညာရေး

ယဉ်ကျေးမှုအကျပ်အတည်းနှင့် ပညာရေး
Published 20 August 2017

ယဉ်ကျေးမှုဟူသည် သဘောတရားစိတ်ကူးများ၊ ရိုးရာဓလေ့များနှင့် လူနှင့် လူ့အဖွဲ့အစည်း နှစ်ခုစလုံး၏ လူမှုဆိုင်ရာအမူအကျင့်များ ပါဝင်သော လူသားတို့၏ အသိဉာဏ်ဆိုင်ရာ ရယူနိုင်ခဲ့မှုများကို ဖော်ညွှန်းသည့် စုစုပေါင်းအသားတင် ပုံစံတစ်ရပ်ဖြစ်သည်။ ယဉ်ကျေးမှုအကျပ်အတည်းဟူသည် လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် သက်ရောက်သော အန္တရာယ်အနေအထားတစ်ရပ်ဆီ ဦးတည်သွားစေနိုင်သည့် ဖြစ်ရပ်တစ်ခုအား ရည်ညွှန်းသည်။

ယဉ်ကျေးမှုဟူသည် လူတစ်ဦးချင်းဆိုင်ရာမှသည် ဘဝနေထိုင်မှုနှင့်ပတ်သက်သော လွှမ်းခြုံထားသည့် ဘောင်တစ်ရပ်အထိ အဓိပ္ပာယ်အမျိုးမျိုး ဖြာထွက်နိုင်သည့် သဘောရှိသောကြောင့် ယဉ်ကျေးမှု အကျပ်အတည်းသည်လည်း ပညာရေး၊ နိုင်ငံရေး၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု အစရှိသည့် နယ်ပယ်အမျိုးမျိုး၌ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် တိကျသောနယ်ပယ် ကန့်သတ်ပြီးမှသာ ယဉ်ကျေးမှုအကျပ်အတည်းကို ကောင်းစွာအဓိပ္ပာယ် ဖွင့်ဆိုနိုင်လိမ့်မည်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ယဉ်ကျေးမှု အကျပ်အတည်းဟူသည် ပျက်သုဉ်းလုလု အခြေအနေတစ်ရပ်ဆီသို့ ဦးတည်သွားစေသော သက်ဆိုင်ရာ နယ်ပယ်တစ်ရပ်အတွင်းမှ ရုတ်တရက်နှင့် အမှတ်တမဲ့ဖြစ်ပေါ်သော ကျဆုံးမှုတစ်ရပ်ဖြစ်သည်။

ပညာရေးဟူသည့်အဓိပ္ပာယ်ကို ပိုမိုကျယ်ပြန့်စွာ ပြောရလျှင် လူ့အဖွဲ့အစည်းတစ်ရပ်၏ ယဉ်ကျေးမှုအမွေအနှစ်များ သို့မဟုတ် ယဉ်ကျေးမှုအမျိုးအစား တစ်ရပ်ရပ်အား မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းပေးသော လုပ်ငန်းစဉ်ဟုခေါ်ဆိုနိုင်သည်။ ယင်းသို့ကူးပြောင်းပေးခြင်းနှင့် ပတ်သက်သော ပြဿနာသည် လူများသွားလာရွှေ့ပြောင်းမှုကြောင့် လည်းကောင်း၊ လူမှုရေးဆိုင်ရာ ပြောင်းလဲမှု လျင်မြန်ခြင်းကြောင့်လည်းကောင်း၊ နည်းပညာ တိုးတက်မှုများကြောင့်လည်းကောင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်သည်။ ရိုးရာနည်းလမ်းများနှင့် ဓလေ့များ၊ ဘာသာရေး ယုံကြည်ချက်များအပါအဝင် ရိုးရာအစဉ်အလာများကို ကူးပြောင်းပေးရာ၌ နေ့စဉ်ဘဝ၏ အကျိုးစီးပွား၊ လုပ်ဆောင်ချက်များနှင့် ကိုက်ညီမှုမရှိတော့သည့်အခါ ယဉ်ကျေးမှုအကျပ်အတည်း ဖြစ်ပေါ်လာသည်။

ပိုမိုငယ်ရွယ်သော မျိုးဆက်က ပို၍ကြီးသောမျိုးဆက်နှင့် ယဉ်ကျေးမှုအရ ထိတွေ့မှုမရှိတော့သည့်အခါ သို့မဟုတ် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ရပ် သို့မဟုတ် အလွှာတစ်ရပ်က လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ စံပြုမှုများ၊ အကျိုးစီးပွားများနှင့် လျော်ညီစွာ ပြုကျင့်မှုကို ရပ်ဆိုင်းလိုက်သည့်အခါ ပညာရေး၏ပြဿနာသည် ဆက်သွယ်ရေးကို ပြန်လည်ထူထောင်ရန်နှင့် လူပုဂ္ဂိုလ်အချင်းချင်းအကြား၌ ရင်းနှီးသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကွန်ရက်ကို ပြန်လည်ရက်လုပ်ရန် ဖြစ်လာသည်။

ကြီးသောမျိုးဆက်များနှင့် ငယ်ရွယ်သော မျိုးဆက်များကိုလည်းကောင်း၊ ဒေသအလိုက် ကွဲပြားခြားနားနေမှုများကို လည်းကောင်း နားလည်မှုရယူရန်နှင့် ယုံကြည်မှု ပြန်လည်အသက်သွင်းရန် ပညာရေးက ညှိနှိုင်းပေးသည့် တာဝန်ကိုယူရသည်။ ကိုယ်ကျင့်တရားသည် စီးပွားရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာတည်ရှိမှုနှင့် အခင်းအကျင်းများမှနေ၍ ကွဲပြားခြားနားသည့်အရာဖြစ်ကြောင်း ပြသရန်လည်း ပညာရေးကတာဝန်ရှိသည်။ သတင်းများ၊ အနုပညာများ၊ စာပေများနှင့် လူသားဆန်မှုများသည် လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်တရားဆိုင်ရာအရ စုစည်းညီညွတ်ကာ တစ်သားတည်းဖြစ်စေရန်အတွက် နားလည်မှုများကို တည်ဆောက်ပေးရသည်။ ယင်းနားလည်မှုများကို အနုပညာ၊ စာပေနှင့် တရားဝင်ပညာရေးတို့က တည်ဆောက် ထိန်းသိမ်းပေးနိုင်သည်။

ထို့ကြောင့် ယဉ်ကျေးမှုဆိုင်ရာ အကျပ်အတည်းတစ်ရပ်၌ နားလည်မှုများ တည်ဆောက်ပေးနိုင်သည့်အရာသည် ပညာရေးသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ (၂၀) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent