ရန်ကုန်မြို့တွင် အပတ်စဉ် စာပေရပ်ဝန်းနေရာတစ်ခု ဖြစ်လာမည့် စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း ဖွင့်လှစ်


ရန်ကုန်မြို့တွင် အပတ်စဉ် စာပေရပ်ဝန်း နေရာတစ်ခုဖြစ်လာမည့် စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို ဇန်ဝါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ စာအုပ်လမ်းကို ၀န်ကြီးများရုံးနှင့် ဗဟိုပုံနှိပ်စက်ရုံရှေ့ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား သိမ်ဖြူလမ်းမပေါ်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း  နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

“ဒီစာအုပ်လမ်း ဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့။ စာပေဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စာရေးသူတွေ များဖို့၊ စာဖတ်သူတွေ များဖို့၊ စာအုပ်ဆိုင်တွေ များဖို့ လိုပါတယ်။ အဲဒီလိုရည်ရွယ်ချက်တွေနဲ့ စာတမ်းဖတ်ပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတွေကို လုပ်ခဲ့တယ်။ အခု ဒီနေရာလေးက လူနေအိမ်တွေနဲ့လည်း နည်းနည်းလှမ်းတော့ စာအုပ်နဲ့ ပတ်သက်တဲ့ သီးသန့်ဈေးတန်းလေးဖြစ်ပြီး စာဖတ်ဝါသနာပါသူတွေ၊ စာသမားတွေ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ စာအုပ်ဝယ်ကြနဲ့ဖြစ်အောင် ဖွင့်လှစ်ပေးဖြစ်ခဲ့တာပါ”ဟု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်စာအုပ်လမ်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက် စိတ်ကူးချိုချို စာအုပ်တိုက်မှ ထုတ်ဝေသူ ဦးစန်းဦးကလည်း “အခုလို စာအုပ်တွေနဲ့ နေရာလေးတစ်ခု ဖြစ်လာတာကို ကြိုဆိုပါတယ်။ စာချစ်သူတွေအတွက် စာအုပ်ဆိုင်တွေ တစ်စုတစ်စည်းထဲ ရှိနေတဲ့အတွက် အဆင်ပြေသလို ကျွန်တော်တို့လို စာအုပ်တိုက်တွေအနေနဲ့လည်း နေရာအခက်အခဲကြောင့် ဆိုင်တွေပေါ်မှာ နေရာမရခဲ့တဲ စာအုပ်တွေကို ခင်းကျင်းရောင်းချနိုင်မှာပါ။ စာအုပ်ဝယ်သူတွေ အနေနဲ့လည်း စာအုပ်တိုက်အလိုက်ဆိုတော့ ၀ယ်ရတာ၊ စာအုပ်ရှာရတာပိုပြီး အဆင်ပြေသွားတာပေါ့။ နောက်ပြီး နေရာပျောက်နေတဲ့ စာအုပ်အဟောင်းတန်းအတွက်လည်း အခုလို နေရာလေးတစ်ခု ဖြစ်လာတာကို ၀မ်းသာပါတယ်”ဟု ပြောပြခဲ့သည်။

အဆိုပါ စာအုပ်လမ်းတွင် မြို့တွင်းနေရာ အခက်အခဲများကြောင့် အဆင်မပြေဖြစ်နေသည့် စာအုပ်အဟောင်းတန်းမှ အရောင်းဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် စာအုပ်လမ်း၌ ၆ပေ x ၈ပေ အကျယ်ရှိ ဆိုင်ခန်းပေါင်း ၁၂၀ ပြင်ဆင်ထားပြီး စာအုပ်အဟောင်းတန်း ဆိုင်ခန်းပေါင်း ၃၅ ဆိုင်နှင့် စာအုပ်သစ်ဆိုင်ခန်းပေါင်း ၅၅ ဆိုင် စုစုပေါင်း ဆိုင်ခန်းပေါင်း ၉၀ ၀န်းကျင်ဖွင့်လှစ်ထားကြောင်း သိရသည်။ ကျန်ရှိသည့် ဆိုင်ခန်းနေရာများကို အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ လက်မှုပစ္စည်း အရောင်းဆိုင်များ စသည့် ဆိုင်ခန်းများကို လက်ခံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အခုလို စာအုပ်လမ်းလေးဖွင့်တာ ကျွန်မတို့လို စာဖတ်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ တစ်ပတ်နှစ်ရက် ပိတ်ရက်လေးမှာ အပန်းဖြေစရာ နေရာတစ်ခု၊ သွားစရာနေရာတစ်ခု ရှိလာပြီပေါ့။ စာအုပ်တွေ ၀ယ်ချင်ရင်လည်း စာအုပ်တိုက်တွေက လာဖွင့်တာဆိုတော့ ကိုယ်လိုချင်တဲ့စာအုပ် ရနိုင်ဖို့ ပိုများတယ်လေ။ စာအုပ်ဆိုင်မှာဆိုရင်က အသစ်ထွက်စာအုပ်တွေပဲ ပိုစုံတာဆိုတော့ စာအုပ်တိုက်တွေဆီမှာ ရှာရတာ ပိုလွယ်တာပေါ့”ဟု ရေကျော်လမ်းတွင် နေထိုင်သူ မလဲ့ရည်က ပြောပြခဲ့သည်။

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့မှ ပူးပေါင်းစီစဉ် ပြုလုပ်ခြင်းဖြစ်ကာ မိုးတွင်းကာလသာ ခေတ္တရပ်နားသွားမည်ဖြစ်ပြီး ကျန်ပွင့်လင်းရာသီများတွင် အပတ်စဉ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။