အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့တွင် ထားရှိသည့် မက်ဆီ၏ ပုံတူရုပ်တု ဖြတ်တောက် ဖျက်ဆီးခြင်းခံခဲ့ရ

ဖြတ်တောက်ခံထားရသည့် မက်ဆီ၏ရုပ်တု (Photo: AFP)

မိခင်နိုင်ငံ၏မြို့တော် ဗျူနိုအေရိစ်တွင် ဂုဏ်ပြုထားရှိသည့် နာမည်ကျော် တိုက်စစ်မှူး မက်ဆီ၏ ပုံတူရုပ်တုမှာ ဇန်န၀ါရီ ၉ ရက်က ဖြတ်တောက် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။ FIFA ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲတွင် ခါးသီးသည့် မဟာပြိုင်ဘက် စီရော်နယ်လ်ဒို၏ ကျော်ဖြတ်ခြင်း ခံခဲ့ရသည့်နေ့နှင့် တိုက်ဆိုင်စွာပင် ရုပ်တုမှာတစ်ရက်တည်း ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းရုပ်တုမှာကိုပါ အမေရိကပြိုင်ပွဲ ဗိုလ်လုပွဲအပြီး နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူသွားသည့် မက်ဆီအား ဆုံးဖြတ်ချက်ကို ပြန်စဉ်စားပေးရန် လှုံ့ဆော်သည့် Campaign တစ်ခုအဖြစ် ပြီးခဲ့သည့်နှစ် ဇွန်လကမှ ဗျူနိုအေရိစ်မြို့တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ ဖျက်ဆီးသူများက မက်ဆီရုပ်တုအား ထက်ဝက်နီးပါး ဖြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး အပေါ်ပိုင်းမှာ ပျောက်ဆုံးနေလျက်ရှိကြောင်း မြို့တော်အစိုးရအဖွဲ့မှ တရားဝင် ထုတ်ပြန်ခဲ့သည်။ ပျက်စီးသွားသည့် ရုပ်တုကို အာဏာပိုင်များက ချက်ချင်းပြုပြင်လျက်ရှိကြောင်း သိရသည်။