တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူများနှင့် ကျောင်းသားမိဘများအတွက် စိတ်ခွန်အား ရရှိစေရန် ရည်ရွယ်သည့် ‘အလင်းဆုံးလ’ ဇာတ်လမ်းတိုအား Myanmar Media 7 ရိုက်ကူးထုတ်လွှင့်မည်

Myanmar Media 7 မှရိုက်ကူးထုတ်လုပ်ခဲ့သည့် ဇာတ်ကားတို ရိုက်ကူးမှု မြင်ကွင်းအချို့

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် စိတ်ပူပန်စိုးရိမ်တတ်ကြသည့် ကျောင်းသားမိဘများအတွက် စိတ်ခွန်အားရရှိစေရန် ရည်ရွယ်သည့် ‘အလင်းဆုံးလ (Brightest Moon)’ ဇာတ်ကားတိုအား Myanmar Media 7 မှ ရိုက် ကူးထုတ်လွှင့်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဇာတ်ကားတိုကို ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် အကယ်ဒမီမေသဉ္ဇာဦးနှင့် အကယ်ဒမီယွန်းယွန်းတို့က ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

“၁၀ တန်းစာမေးပွဲဆိုတာက ကျွန်တော်တို့နိုင်ငံမှာတော့ လူငယ်တွေအတွက် ဘ၀အချိုးအကွေ့တစ်ခုလို့ သတ်မှတ်ထားတာပေါ့နော်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအတွက် အရေးပါသလို မိဘတိုင်းကလည်း တအားစိတ်ပူကြတယ်။ စိုးရိမ်ကြတယ်။ ဖြေရမယ့် သူတွေထက်ကိုပိုပြီး စိတ်ပူပေးကြတယ်။ ဒါကြောင့် မကြာခင် စာမေးပွဲလည်း လုပ်ကြတော့မှာ ဖြစ်တဲ့အတွက် စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူများနဲ့ သားသမီးများအတွက် စိတ်ပူပန်စိုးရိမ်တဲ့ မိဘများအတွက် စိတ်ခွန်အားဖြစ်စေဖို့ ဒီဇာတ်ကားတိုကိုရိုက်ဖို့ စီစဉ်ထားတာပါ။ အရင်ဇာတ်ကားတိုတွေလိုပဲ သုံးမိနစ် လေးမိနစ်အတွင်းမှာ ဆိုလိုတဲ့ ရည်ရွယ်ချက်လည်း ရောက်အောင်၊ အနုပညာအရလည်း ကောင်းမွန်အောင် ကြိုးစားသွားပါမယ်” ဟု Myanmar Media 7 မှ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။

ယင်းဇာတ်ကားတိုတွင် ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်အကယ်ဒမီ ယွန်းယွန်းကလည်း “တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆိုတာက ကျောင်းသား ကျောင်းသူတိုင်းအတွက်တော့ ဘ၀ရဲ့ အချိုးအကွေ့ တစ်ခုပါပဲ။ ဒီလိုဘ၀ရဲ့ အချိုးအကွေ့ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ စိတ်ခွန်အား၊ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစားကြရတာကြောင့် အရမ်းပင်ပန်းပါတယ်။ ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေတင်မဟုတ်ဘဲ မိဘတွေလည်း အရမ်းစိုးရိမ်စိတ်နဲ့ ပင်ပန်းကြရပါတယ်။ ယွန်းလည်း ဒီအခြေအနေတစ်ခုကို  ဖြတ်သန်းခဲ့ပြီးသူ တစ်ယောက်အနေနဲ့ အခုနှစ်မှာ ၀င်ရောက်ဖြေဆိုကြမယ့် သူတွေကိုရော၊ မိဘတွေအတွက်ပါ အားပေးချင်တာကြောင့် ဒီဇာတ်ကားတိုလေးမှာ အကောင်းဆုံး သရုပ်ဆောင်သွားပါမယ်။ မကြာခင် ကျင်းပတော့မယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာလည်း အကောင်းဆုံး ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဟု ဆိုသည်။

Myanmar Media 7 မှ ရည်ရွယ်ချက် ထူးခြားကောင်းမွန်ကာ အကြောင်းအရာ ကွဲပြားသည့် ဇာတ်လမ်းတိုများ ရိုက်ကူး၍ အွန်လိုင်းမှတစ်ဆင့် အခမဲ့ လွှင့်တင်ပြသလျက်ရှိရာတွင် ယခုဇာတ်ကားတိုသည်လည်း တစ်ကားအပါအ၀င် ဖြစ်သည်။ ‘အလင်းဆုံးလ’ ဟု အမည်ပေးထားသည့် အဆိုပါ ဇာတ်ကားတိုကို ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်များတွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် Myanmar Media 7 Facebook Page မှတစ်ဆင့် လွှင့်တင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

 

Writer: 
လင်းလင်းခိုင်