ဘောလိဝုဒ်ဇာတ်ကား Padmaavat ဖြန့်ချိမှုအား ပိတ်ပင်ထားမှုကို အိန္ဒိယတရားရုံးချုပ်က ရုပ်သိမ်း

ဘောလိဝုဒ်ဇာတ်ကား Padmaavat ဖြန့်ချိမှုအား ပိတ်ပင်ထားမှုကို အိန္ဒိယတရားရုံးချုပ်က ရုပ်သိမ်း
Published 20 January 2018

ဒဏ္ဍာရီလာ ဟိန္ဒူမိဖုရားတစ်ဦးအကြောင်း ရိုက်ကူးထားသည့် အငြင်းပွားဖွယ် ဘောလိဝုဒ်ဇာတ်ကား ဖြန့်ချိမှုအား အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်အများအပြားတွင် ပိတ်ပင်ထားမှုကို အိန္ဒိယတရားရုံးချုပ်က ဇန်နဝါရီ ၁၈ ရက်တွင် ရုပ်သိမ်းပေးခဲ့သည်။

မိဖုရားနှင့် မွတ်စလင်အုပ်ချုပ်သူအကြား အချစ်ဇာတ်လမ်းကို မှားယွင်းစွာဖော်ပြထားသည်ဟုဆိုကာ ဟိန္ဒူလူ့အခွင့်အရေးအဖွဲ့ဝင်များက အကြမ်းဖက်ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် ယင်းဇာတ်ကားဖြန့်ချိခွင့်ကို ပိတ်ပင်ခဲ့မှုသည် လွတ်လပ်စွာဖန်တီးမှုကို ချိုးဖောက်မှုဟု တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့က Padmaavat ဇာတ်ကားကို အနည်းငယ်ပြင်ဆင်ပြီး ဖြန့်ချိခွင့်ပေးခဲ့သော်လည်း နိုင်ငံအတွင်းရှိ ပြည်နယ်လေးခုထက်မနည်းတွင် ပြသခွင့်ပိတ်ပင်ခဲ့သည်။ “ရုပ်ရှင်ဇာတ်ကားတွေက လွတ်လပ်စွာပြောဆိုခွင့်နဲ့ ထုတ်ဖော်ပြောကြားခွင့်မှာ ခွဲထုတ်မရတဲ့ကဏ္ဍတစ်ခုပါ။ ပြည်နယ်တွေက ရုပ်ရှင်ဇာတ်ကားပြသတာကို သတိပေးတားမြစ်ချက် မထုတ်ပြန်နိုင်ပါဘူး” ဟု တရားသူကြီး ဒီပက်မီဆရာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ရာဂျ်စတန်ပြည်နယ်၌ ယင်းဇာတ်ကားရိုက်ကူးစဉ်အတွင်း သဘောထားတင်းမာသည့် ဟိန္ဒူအဖွဲ့တစ်ဖွဲ့မှ ဆန္ဒပြသူများက ဒါရိုက်တာဆန်ဂျေးလီလာဘန်ဆာလီကို တိုက်ခိုက်ခဲ့ပြီး ဇာတ်ကားရိုက်ကွင်းကို ဖျက်ဆီးခဲ့သည်။ ယင်းအဖွဲ့၏ခေါင်းဆောင်က Padmaavat ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ်ပါဝင်သည့် သရုပ်ဆောင် ဒီးပီကာပါဒူကွန် (သို့မဟုတ်) ဘန်ဆာလီကို ခေါင်းဖြတ်သတ်နိုင်သည့်သူအား ဆုငွေဒေါ်လာ ၇၆၉ç၀၀၀ (ရူပီးသန်း ၅၀) ပေးမည်ဟုလည်း ကမ်းလှမ်းခဲ့သည်။ ဆန္ဒပြသူများသည် ၂၀၁၇ ခုနှစ် မတ်တွင် မွမ်ဘိုင်းမြို့အနီး၌ ယင်းဇာတ်ကား၏ နောက်ထပ်ရိုက်ကွင်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး အဝတ်အစားများနှင့် ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းဇာတ်ကားသည် ၁၆ ရာစုနှစ်က ကဗျာတစ်ပုဒ်ကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက ပြောကြားခဲ့သည်။ ဒါရိုက်တာ ဆန်ဂျေးလီလာဘန်ဆာလီ ရိုက်ကူးပြီး ဒီးပီကာပါဒူကွန်၊ ရှာဟက်ကပူးနှင့် ရန်ဗီးယားဆင်းတို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် ယင်းဇာတ်ကားကို ဇန်နဝါရီ ၂၅ ရက်တွင် ဖြန့်ချိရန်စီစဉ်ထားသည်။ ယင်းဇာတ်ကားသည် ကုန်ကျစရိတ်အများအပြား အသုံးပြုခဲ့သည့် အိန္ဒိယဇာတ်ကားတစ်ကားဖြစ်ပြီး ဒေါ်လာသန်း ၃၀ ခန့်အသုံးပြုခဲ့သည်ဟု သိရသည်။

Most Read

Most Recent