အောင်မြင်သည့် တေးသီချင်းများစွာ သီဆိုခဲ့သူ တေးသံရှင်ခိုင်ထူး၏ ဈာပနအခမ်းအနားအား ရေဝေးသုသာန်တွင်ပြုလုပ်ရာ လာရောက်ပို့ဆောင်သူများပြား

အောင်မြင်သည့် တေးသီချင်းများစွာ သီဆိုခဲ့သူ တေးသံရှင်ခိုင်ထူး၏ ဈာပနအခမ်းအနားအား ရေဝေးသုသာန်တွင်ပြုလုပ်ရာ လာရောက်ပို့ဆောင်သူများပြား
Published 11 August 2017

အောင်မြင်သည့် တေးသီချင်းများစွာ သီဆိုခဲ့သူ တေးသံရှင်ခိုင်ထူး၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် သြဂုတ် ၁၁ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ရာ အနုပညာရှင်များနှင့် ပရိသတ်အများအပြား လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုတော် ခိုင်ထူး၏ ဈာပနအခမ်းအနားသို့ ၎င်းအား ချစ်ခင်နှစ်သက်အားပေးသည့် ပရိသတ်အများအပြားနှင့် အနုပညာရှင်အများအပြားတို့ လာရောက်ပို့ဆောင်ခဲ့ပြီး အဆိုတော်ခိုင်ထူးအား ရေဝေးသုသာန်တွင် မီးသဂြိၤုလ်ကာ ကြွင်းကျန်ရစ်သည့် အရိုးပြာအား ဂူသွင်းမည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင်ခိုင်ထူး ကွယ်လွန်သွားသည့် သတင်းအတွက် မိနစ်ပိုင်းအတွင်းပင် အနုပညာရှင်များနှင့် ပရိသတ်များက ဝမ်းနည်းကြောင်း စကားများအား လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ တေးသံရှင်ခိုင်ထူးသည် စစ်ကိုင်းလမ်း၊ သိလား၊ ခေတ္တာ၊ ရွှေလည်တိုင်၊ နောက်ဆုံး အိပ်မက်၊ အဉ္ဇလီ၊ စိုးစံစားစေစသည့် အောင်မြင်သည့် တေးသီချင်းများစွာအား သီဆိုခဲ့သူ ဖြစ်သည်။ တေးသံရှင်ခိုင်ထူးသည် ဂီတလောကအတွင်းသို့ စတင်ဝင်ရောက်ချိန်မှစတင်ကာ တစ်ကိုယ်တော်တေးစီးရီးများစွာအား သီဆိုထွက်ရှိခဲ့သူဖြစ်ပြီး ရောဂါဝေဒနာမခံစား ရမီအချိန်ထိလည်း တေးသီချင်းများသီဆို ဖျော်ဖြေနေခဲ့သူ ဖြစ်သည်။ တေးသံရှင်ခိုင်ထူးသည် နောက်ဆုံးဂီတဖျော်ဖြေပွဲအဖြစ် DM 4 Entertainment ၏ စီစဉ်မှုဖြင့် တေးသံရှင် ဂျေမောင်မောင်နှင့်တွဲဖက်ကာ ‘၆၀ ၆၄’ နှစ်ယောက်တွဲ ဂီတဖျော်ဖြေပွဲကိုတင်ဆက်ခဲ့သည်။ အဆိုပါဂီတဖျော်ဖြေပွဲမှာ ပရိသတ်အများအပြား အားပေးကြည့်ရှုခဲ့သည့် အောင်မြင်သည့် ဂီတဖျော်ဖြေပွဲတစ်ပွဲအဖြစ် တင်ဆက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တေးသံရှင်ခိုင်ထူးသည် သူငယ်ချင်းများဖြစ်သည့် မိုးကျော်၊ ရာပြည့်တို့နှင့်အတူ Phoenix အဖွဲ့ကိုစတင်တည်ထောင်ခဲ့သူ ဖြစ်သည်။ တေးသံရှင်ခိုင်ထူးသည် အဉ္ဇလီ၊ သီချင်းတစ်ပုဒ်ပန်းတဆုပ်၊ ဆို၊ မိုးရဲရင်ဆောင်းရဲရမယ်၊ မကျေနပ်ဘူးသိလား၊ မကောင်းလည်းကိုယ်ကောင်းလည်းကိုယ်၊ အစောဆုံးပြန်ခဲ့၊ နှင်းသက်သက်ဝေ၊ ရွှေလည်တိုင်၊ ၃၉၊ ကမ်းလက်သင့်ရာ၊ အမုန်းဆုပန်မယ့်လူသား၊ တွဲဖက်ချွေးစသည့် တစ်ကိုယ်တော်တေးစီးရီး များထွက်ရှိခဲ့ကာ တေးသံရှင်စိုးလွင်လွင်နှင့် တွဲဖက်၍ ထားရစ်ခက်နေခဲ့တော့မယ် အယ်လ်ဘမ်ကိုလည်း ထွက်ရှိခဲ့သူဖြစ်သည်။

“ကိုခိုင်ထူး ဒီလောကထဲကထွက်ခွာသွားခဲ့တာ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ ဂီတလောသားတွေအားလုံး ချစ်ရတဲ့အနုပညာရှင်တစ်ယောက် ဖြစ်သလို ပရိသတ်များကလည်း သူ့ရဲ့အနုပညာတွေကို အမြဲတမ်းအမှတ်ရနေမှာပါ” ဟု တေးသံရှင် တူးတူးက ဆိုပါသည်။

တေးသံရှင်ခိုင်ထူးသည် ရောဂါဝေဒနာ ခံစားရချိန်တွင် အနုပညာရှင်များ၊ မိသားစုများ နှင့်အတူ ထိုင်းနိုင်ငံဘန်ကောက်သို့ ဆေးကုသမှု သွားရောက်ခံယူခဲ့ပြီးနောက် မကြာမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကာ ပါရမီအထွေထွေရောဂါကု ဆေးရုံ၌ ဆေးကုသမှုခံယူနေစေခြင်း ဖြစ်သည်။ တေးသံရှင်ခိုင်ထူး နာမကျန်းဖြစ်နေစဉ် ကာလအတွင်း ဂီတအနုပညာရှင်အများအပြားက ဂါရဝပြုဆုတောင်းမှုများ သွားရောက်ပြုလုပ်ခဲ့ပြီးနောက် ဆေးကုသစရိတ်အတွက်လည်း တတ်အားသရွေ့ပါဝင်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent