ဗစ်တိုးရီးယားဘက်ခမ် ၀ီလျံမင်းသားထံမှ OBE ဘွဲ့တံဆိပ်ကို လက်ခံ

Photo: AP

Spice Girls အဖွဲ့ဝင်ဟောင် ဗစ်တိုးရီးယားဘက်ခမ်သည် ဖက်ရှင်လုပ်ငန်းအတွက် အထောက်အကူပြုမှုများကြောင့် ၀ီလျံမင်းသားက ၎င်းအား ဧပြီ ၁၉ ရက်တွင် OBE ဘွဲ့တံဆိပ် ပေးအပ်ခဲ့သည်။

ဗစ်တိုးရီးယားသည် ဘက်ကင်ဟမ်နန်းတော်တွင် ပြုလုပ်ခဲ့သည့် ဘွဲ့တံဆိပ်ပေးအပ်သည့် အခမ်းအနားသို့ ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်နှင့် မိဘများနှင့်အတူ တက်ရောက်ခဲ့သည်။  ၁၉၉၀ ပြည့်လွန်နှစ်များတွင် Spice Girls အဖွဲ့ဝင်အဖြစ် အောင်မြင်ခဲ့သည့် ဗစ်တိုးရီးယားဘက်ခမ်သည် အင်္ဂလန် ဘောလုံးအသင်းခေါင်းဆောင် ဟောင်းဒေးဗစ်ဘက်ခမ်နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖက်ရှင်ဒီဇိုင်နာအလုပ်ကို စတင်ခဲ့သည်။ ဗစ်တိုးရီးယားသည် ၎င်း၏ ခင်ပွန်း ဒေးဗစ်ဘက်ခမ်ထက် ၁၄ နှစ်နောက်ကျပြီးမှ OBE ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဘက်ခမ်သည် ၂၀၀၃ ခုနှစ် တွင် OBE ဘွဲ့ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

“ဒီလိုအထူးအခမ်းအနားကို ကျွန်မရဲ့ မိဘတွေနဲ့ ခင်ပွန်းသည်တို့နဲ့အတူ တက်ရောက်ရလို့ အရမ်းကိုဝမ်းသာမိပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေသာမရှိရင် ဘာမှ ဖြစ်လာနိုင်မှာမဟုတ် ပါဘူး” ဟု ဗစ်တိုးရီးယားက ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားသည် ၂၀၀၈ ခုနှစ်တွင် ဈေးနှုန်းသင့် ဗစ်တိုးရီးယားဘက်ခမ် အမှတ်တံဆိပ် အ၀တ်အထည်များကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဈေးနှုန်းမြင့် လက်ကိုင်အိတ်များကို ရောင်းချခဲ့သည်။

ဗစ်တိုးရီးယားသည် ၂၀၁၁ ခုနှစ်တွင် ဗြိတိန်ဖက်ရှင်ဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံး ဒီဇိုင်နာဆုကို ရရှိခဲ့သည်။

OBE ဘွဲ့ချီးမြှင့်ခံရမည့် စာရင်းကို မထုတ်ပြန်မီ ဗစ်တိုးရီးယားက ယင်းဘွဲ့တံဆိပ်ရရှိကြောင်း မိသားစုဝင်များကို ပြောကြားခဲ့မှုအတွက် ဗြိတိန်တက်ဘလွိုက် သတင်းစာများ၏ ဝေဖန်ခြင်း ခံခဲ့ရသည်။ Bridge of Spies ဇာတ်ကားတွင် တွမ်ဟင့်စ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် မက်အီရွိုင်းလန့်သည် ဆာဘွဲ့ချီးမြှင့်ခံခဲ့ရသည်။  ဗြိတိန်ပြေးခုန်ပစ် ကစားသမားဟောင်း Jessica Ennis – Hill သည်လည်း Dame ဘွဲ့ဖြင့် ချီးမြှင့်ခံခဲ့ရသည်။