ဆရီနာဝီလျံ ကိုယ်ဝန်ဆောင်ထားရပြီး ၂၀၁၈ ခုနှစ်မှ ပြန်ကစားမည်

ဆရီနာဝီလျံအား သြစတြေးလျအိုးပင်း ချန်ပီယံဆုနှင့် တွေ့ရစဉ် (Photo: AFP)

ဂရင်းစလင်း ချန်ပီယံဆု ၂၃ ကြိမ် ရရှိထားသည့် ကမ္ဘာ့အဆင့် ၂ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံသည် ကိုယ်ဝန်ဆောင်ထားရပြီး ၂၀၁၈ ခုနှစ်မှသာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆရီနာဝီလျံ (၃၅ နှစ်) သည် ဧပြီ ၁၉ ရက်တွင် အ၀ါရောင် ရေကူး ၀တ်စုံ ၀တ်ဆင်ထားသည့် ဓာတ်ပုံကို Snapchat App တွင် လွှင့်တင်ခဲ့ပြီး ပုံစာအဖြစ် “ရက်သတ္တပတ် ၂၀” ဟု ရေးသားထားသည်။ ဆရီနာဝီလျံသည် အချိန်ပိုင်းအကြာမှာပင် ယင်းပို့စ်ကို ပြန်လည်ပယ်ဖျက်သွားခဲ့သော်လည်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ကယ်လီဘုရှ်နိုဗက်က ကိုယ်ဝန်ဆောင်ထားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “ဆရီနာ ရင်သွေးရတော့မယ်လို့ အတည်ပြုပြောကြားရတာ တကယ်ဝမ်းသာပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူပြန်ကစားဖို့ မျှော်လင့်ထားပါတယ်” ဟု နိုဗက်က AFP သတင်းဌာနသို့ ပြောကြားသည်။ ဆရီနာဝီလျံသည် Reddit အမည်ရှိ လူမှုရေးမီဒီယာ ၀က်ဘ်ဆိုက် ပူးတွဲတည်ထောင်သူ အလက်ဆစ် အိုဟာနီယန်နှင့် စေ့စပ်ကြောင်းလမ်း လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာတွင်  ကြေညာခဲ့သည်။ အကယ်၍ ကိုယ်ဝန်ဆောင်ကာလမှာ ရက်သတ္တပတ် ၂၀ ရှိကြောင်း မှန်ကန်ပါက ၎င်းအနေဖြင့် ဇန်န၀ါရီက ကျင်းပသည့် သြစတြေးလျအိုးပင်း ပြိုင်ပွဲကတည်းက ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရသည်။