ဘရူနိုမားစ်က ဖလင့်မြို့ သောက်သုံးရေ အကျပ်အတည်းအတွက် ဒေါ်လာတစ်သန်း လှူဒါန်း

ဘရူနိုမားစ်က ဖလင့်မြို့ သောက်သုံးရေ အကျပ်အတည်းအတွက် ဒေါ်လာတစ်သန်း လှူဒါန်း
Published 14 August 2017

အမေရိကန်တေးရေး၊ အဆိုတော် ဘရူနိုမားစ်က မစ်ရှီဂန်ဖျော်ဖြေပွဲမှ ရရှိသည့် ဒေါ်လာတစ်သန်းကို ဖလင့်မြို့ သောက်သုံးရေ အကျပ်အတည်းနှင့် ကြုံတွေ့နေရသူများအတွက် လှူဒါန်းမည်ဟု သြဂုတ် ၁၂ ရက်က ပြောကြားခဲ့သည်။

ဂရမ်မီဆုရအဆိုတော် ဘရူနိုမားစ်က ဒတ်ထရွိုက်မှ မိုင် ၃၀ (၄၈ ကီလိုမီတာ) ကွာဝေးသည့် Auburn Hills မြို့တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတွင် ဖလင့်သောက်သုံးရေ အကျပ်အတည်းအတွက် ကူညီဖြေရှင်းပေးသည့် ပရဟိတအဖွဲ့ The Community Foundation of Greater Flint သို့ လှူဒါန်းမည့်အကြောင်း ပရိသတ်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ မားစ်သည် လက်မှတ်အကုန် ရောင်းချနိုင်ခဲ့သည့် 24K Magic ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်တစ်ခုအဖြစ် ယင်းမြို့တွင် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

“လှူဒါန်းမှုအတွက် ကူညီပံ့ပိုးပေးတဲ့ မစ်ရှီဂန် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သောက်သုံးရေ အကျပ်အတည်းဟာ ဖလင့်မြို့ခံတွေအတွက် နှစ်ပေါင်းများစွာ ကြုံတွေ့နေရဦးမှာပါ။ ဒီအကျပ်အတည်းကြောင့် အကျိုးသက်ရောက်ခဲ့တဲ့ ညီတွေ၊ ညီမတွေကို မမေ့ကြပါနဲ့” ဟု အသက် ၃၁ နှစ်အရွယ်ရှိ မားစ်က ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဖလင့်မြို့၏ သောက်သုံးရေရင်းမြစ်များကို ပြောင်းလဲခဲ့ပြီးနောက် လူ ၁၀၀,၀၀၀ ကျော်သည် ခဲပါဝင်မှုပမာဏ မြင့်မားသည့် ရေများသောက်သုံးခဲ့ရသည်။ လူ ၁၂ ဦးကျော်သည် Legionnaires' disease ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

မားစ်သည် နောက်ဆုံးထွက်ရှိခဲ့သည့် 24K Magic အယ်လ်ဘမ်အတွက် ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၁၇ ခုနှစ် မတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ Antwerp မြို့တွင် စတင်ခဲ့သည်။ 24K Magic အယ်လ်ဘမ်သည် ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ နှစ်သန်းကျော် ရောင်းချနိုင်ခဲ့သည်။ ဂရမ်မီဆု ငါးဆုရရှိထားသည့် မားစ်သည် တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၁ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်လည်း ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent