မှန်သားပြင်ပေါ်က ဘဝများ

မှန်သားပြင်ပေါ်က ဘဝများ
Published 19 August 2017


မိုဘိုင်းဖုန်း အရောင်းပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

အခုအခေါက် ကျွန်တော် ပုဂံကိုရောက်တော့ ဘုရားဖူးလာကြသူတွေ တော်တော်လေးများတာကို သတိထားမိပါတယ်။ ဒုတိယသတိထားမိတာကတော့ ဘုရားဖူးတော်တော်များများဟာ ဖုန်းကိုယ်စီကိုင်ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြတာပါပဲ။ ရောက်လေသမျှ ပုဂံဘုရားတိုင်းလိုလိုမှာ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံရိုက်နေကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အုပ်စုလည်း ထို့အတူပါပဲ။ ဘုရားကို နေရာပေါင်းစုံက ဓာတ်ပုံရိုက်နေသူတွေ။ ကိုယ့်အချင်းချင်း အပြန်အလှန် ဓာတ်ပုံရိုက်သူတွေ။ ကိုယ့်ပုံကိုသူကရိုက်။ သူ့ပုံကို ကိုယ်ကရိုက်။ ပြီးတော့ ကိုယ့်ပုံကိုယ်ပြန်ရိုက်။ ရိုက်လိုက်ကြတဲ့ဖြစ်ခြင်း။ မမောနိုင် မပမ်းနိုင်ပါပဲ။ ရိုက်လိုက်ကြတဲ့ ဓာတ်ပုံတွေ။ မနည်းမနောပါပဲ။

ဘုရားတစ်ဆူရောက်ပြီဆိုတာနဲ့ ကားပေါ်ကနေ ခုန်ဆင်း။ ဘုရားပေါ်မြန်မြန်တက်။ ဘုရားကို ခပ်သွက်သွက်ဦးချ။ ပြီးရင် အိတ်ထဲကဖုန်းကိုထုတ်။ ကင်မရာဖွင့်။ ဘုရားမျက်နှာတော်ကို ဓာတ်ပုံရိုက်။ ဘုရားနဲ့တွဲပြီး ကိုယ့်ပုံကိုယ် ဆယ်လ်ဖီဆွဲ။ သူငယ်ချင်းတွေတန်းစီ။ ပြုံးပါ ကဲရိုက်ပြီနော် ဝမ်း တူး သရီး။ ဖျပ် ဖျပ် ဖျပ်။ အိုကေရပါပြီ။ နေဦး ဒီနေရာလေးက အရမ်း Good တယ်။ Facebook ပေါ်တင်လို့ အရမ်းကောင်းမှာ။ တစ်ပုံလောက် ရိုက်ရအောင်။ အိုဟိုနေရာလေးလည်း မဆိုးပါဘူး။ ဘုရားဆိုင်းဘုတ်လေးပါ ပါသွားတော့ ပိုကောင်းတာပေါ့။ ဒါမှပုဂံက အာနန္ဒာကို ရောက်ခဲ့မှန်း Facebook က သူငယ်ချင်းတွေ သိသွားမှာ။ နေဦး သုံးပုံလောက်ရိုက်ပြီးရင် လိုင်းပေါ်တင်လိုက်ဦးမယ်။ ဒါမှ ကိုယ့် Post လေးကို ဦးဦးဖျားဖျား Like လုပ်ကြမှာ။ အိုကေ အိုကေ Good Good Very Good။ အဲဒီစတိုင်အရမ်းမိုက်တယ်။ ဒီဘက်နည်းနည်းတိုး။ ဒါမှ ဟိုးရှေးဟောင်း အုတ်ကွက်လေးတွေပါ ပုံထဲပါသွားမှာ။ အမလေး ပုဂံရောက်ဖို့ဆိုတာ မလွယ်ဘူး။ ကြုံတုန်းလေး မှတ်တမ်းတင်ရတာ။ ဘာရယ်ဟုတ်ဘူး။ ကိုယ့် Friend တွေလည်း ဘုရားဖူးရတာပေါ့။ ကုသိုလ်ရအောင်လို့ပါ။ သိတယ်မဟုတ်လား။ ပုဂံရောက် အမှတ်တရပေါ့။

ကျွန်တော်ဟာ ပုဂံဘုရားတွေပေါ်မှာ ဓာတ်ပုံရိုက်နေတဲ့သူတွေကိုကြည့်ပြီး ပုဂံဘုရားတွေ တည်ခဲ့ကြတဲ့ ရှေးခေတ်ပုဂံသားတွေကို သတိရနေမိပါတယ်။ ခုလို သူတို့တည်ခဲ့တဲ့ ပုဂံဘုရားတွေကို ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ကာ ဝိုင်းပြီးမှတ်တမ်းတင်နေကြတာကို မြင်ခွင့်ရမယ်ဆိုရင် သူတို့ဘယ်လိုများ မှတ်ချက်ချမယ်မသိဟုလည်း တွေးလိုက်မိပါတယ်။ တကယ်တော့ ပုဂံဘုရားဖူးအကုန်လုံးကို ကျွန်တော်မဆိုလိုပါဘူး။ အေးအေးဆေးဆေးထိုင်ပြီး ရိုရိုသေသေ ဘုရားဝတ်ပြုနေသူတွေလည်း ရှိကြပါတယ်။ ပြီးတော့ ဘုရားတစ်ဝိုက်မှာ ဓာတ်ပုံရိုက်နေသူတွေကိုလည်း မလိုတမာသဘောနဲ့ ကျွန်တော်အပြစ်ပြောချင်နေတာလည်း မဟုတ်ပါဘူး။ ယခင်ကနဲ့မတူ အစစအရာရာပြောင်းလဲလာတဲ့ ဒီနေ့ပစ္စုပ္ပန်ခေတ်ရဲ့ သဘောသဘာဝကို ကျွန်တော် စောကြောနေမိခြင်းသာ ဖြစ်ပါတယ်။ အမှန်ပြောရရင် ကျွန်တော့်ခေါင်းထဲရောက်လာတဲ့ မေးခွန်းလေးတစ်ခုကို ဖြေကြည့်ချင်တဲ့အတွက် ကျွန်တော် အခုလိုနိဒါန်းပျိုးနေရခြင်း ဖြစ်ပါတယ်။ အဲဒီမေးခွန်းကတော့ အခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ခေတ်က ဘယ်လိုခေတ်လဲ။ ဘာခေတ်လဲဆိုတဲ့ မေးခွန်းလေးပါပဲ။

စောစောက ဓာတ်ပုံရိုက်တဲ့အကြောင်းလေးဆီပဲ ပြန်သွားကြည့်ရအောင်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ဘုရားဖူးထွက်လို့ ဘုရားရောက်ပြီဆိုရင် ကိုယ်တိုင်ဓာတ်ပုံမရိုက်ကြပါဘူး။ ဘုရားမှာ အခကြေးငွေနဲ့ ဓာတ်ပုံရိုက်ပေးသူတွေရှိပါတယ်။ အဆိုပါ ဓာတ်ပုံဆရာတွေက ကျွန်တော်တို့ရိုက်ချင်တဲ့ပုံစံကို ရိုက်ပေးပါတယ်။ ပြီးရင်တော့ နောက်သုံး၊ လေးရက်နေမှ ဓာတ်ပုံလာရွေးရပါတယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ လူတိုင်းလိုလိုမှာရှိတဲ့ ဖုန်းကင်မရာလေးတွေနဲ့ ကိုယ့်စိတ်ကြိုက် ကိုယ်ကိုယ်တိုင်ပဲ အမှတ်တရ ရိုက်ကြပါတော့တယ်။ ရိုက်ပြီးသမျှ ကိုယ့်ဓာတ်ပုံကိုလည်း ကိုယ့်ဖုန်းထဲမှာပဲ သိမ်းဆည်းကာ ပြီးမှဆိုင်မှာပြန်ကူးချင်ကူး မကူးချင်လည်းနေ။ မကြိုက်တဲ့ဓာတ်ပုံရှိရင်လည်း အလွယ်တကူပဲ ပြန်ဖျက်။ ပြီးတော့ Facebook သုံးတဲ့သူကလည်း ကိုယ်ရိုက်ထားတဲ့ပုံ ကိုယ်တိုင်ရွေးပြီး Line ပေါ်တင်ကြပါတယ်။ Facebook ထဲကသူငယ်ချင်းတွေကလည်း ကိုယ်တင်ထားတဲ့ပုံတွေကြည့်ပြီး Like လုပ်ကြ Comment ရေးကြပါတယ်။ အခုက Facebook မှာ ပုံတင်ရုံသက်သက် မကတော့ပါဘူး။ ကိုယ်လက်ရှိ ဘုရားဖူးနေတာကို Line ပေါ်က သူငယ်ချင်းတွေ ချက်ချင်းဖွင့်ကြည့် ချက်ချင်း Like လုပ် ချက်ချင်း Comment ရေးလို့ရအောင် Live လွှင့်လို့ပါရတဲ့ အနေအထားရောက်နေပါပြီ။

ခေတ်က အရမ်းကိုလွယ်ကူလျင်မြန်ပြီး ချက်ချင်းဖြစ် ချက်ချင်းတင် ချက်ချင်းသိတဲ့ နည်းပညာခေတ်ကို ရောက်နေပြီလို့ဆိုရပါမယ်။ ကျွန်တော်တို့ဟာ Facebook ပေါ်မှာ ကိုယ်မရောက်ဖူးသေးတဲ့ အဝေးတစ်နေရာက လူတစ်ယောက်နဲ့လည်း မိတ်ဆွေဖွဲ့လို့ရပါတယ်။ ပြီးတော့ Chat Box ကနေပြီးလည်း စာလုံးတွေရိုက်ကာ စကားပြောလို့ရပါတယ်။ ချက်ချင်းမိတ်ဖွဲ့ ချက်ချင်းစကားပြော ချက်ချင်းရင်းနှီးကာ ချက်ချင်းငယ်ပေါင်းကြီးဖော်တမျှ ရင်းနှီးသွားနိုင်ကြပါတယ်။ ကိုယ်ကမအားလို့ အခမ်းအနားတစ်ခု မတက်လိုက်ရရင်လည်း အခမ်းအနားရောက်နေသူက Live လွှင့်ပေးတာကို အခုချက်ချင်း ဖွင့်မကြည့်ချင်တောင်မှ ကိုယ်အားတဲ့အချိန် ဖွင့်ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ခေတ်က အဲဒီလောက်မြန်ဆန် အဲဒီလောက်လွယ်ကူ အဲဒီလောက် အဆင်ပြေချောမွေ့ အဲဒီလောက် အံ့မခန်းဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်လို့ပြောနိုင်ပါတယ်။ အံ့သြစရာကောင်းတာက လူချင်းတစ်ယောက် တစ်နေရာ အဝေးဆုံးမှာရှိနေကြပေမယ့် နည်းပညာအကူအညီနဲ့ ကျွန်တော်တို့ဟာ Line ပေါ်မှာတွေ့ဆုံကြပါတယ်။ စကားပြောကြပါတယ်။ ရယ်မောပျော်ရွှင်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိပညာ ဗဟုသုတ အစစအရာရာ ပြန်လည်မျှဝေကြပါတယ်။

အရင်ကဆိုလျှင် ဝေးကွာနေတဲ့ ချစ်သူတွေ မျက်နှာချင်း လမင်းမှာဆုံဖို့ လသာညတွေကို စောင့်မျှော်ရပါတယ်။ အခုတော့ လမသာလည်း ကိစ္စမရှိပါဘူး။ ချစ်သူချင်း သတိရတဲ့အခါ Line ပေါ်မှာတွေ့ဆုံကာ အလွမ်းဖြေလို့ရနေပါပြီ။ ထို့အတူပါပဲ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ အပြန်အလှန်စာရေးတဲ့အခါ စာပို့သမားလာချိန်ကို မျှော်ရပါတယ်။ အခုစာပို့ချင်တဲ့အခါ Line ပေါ်တက်လိုက်ရံုံပါပဲ။ Messenger ကနေပို့မလား။ Viber နဲ့ပို့မလား။ Chatbox ကနေပို့မလား။ Phone Call ခေါ်မလား။ Video Call ခေါ်မလား။ ရွေးချယ်စရာတွေ အများကြီး။ ကျွန်တော်တို့ခေတ်ရဲ့ နည်းပညာဟာ ခရီးမိုင်တွေကို ဆွဲချုံ့ပစ်လိုက်ပါတယ်။ တစ်ချိန်က အဝေးဆုံးဟာ အခုတော့ အနီးဆုံးဖြစ်သွားခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ဘယ်လောက်ဝေးဝေး ချက်ချင်းအနီးဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ တစ်ခုတော့ရှိပါတယ်။ အနီးဆုံးလို့ဆိုပေမယ့် သူနဲ့ကိုယ် လက်ဆွဲနှုတ်ဆက်လို့ရတဲ့ အနီးဆုံးတော့မဟုတ်ဘူး။ သူနဲ့ကိုယ် မျက်နှာချင်းဆိုင် လှမ်းဖက်လို့ရတဲ့ အနီးဆုံးတော့ မဟုတ်ပါဘူး။ အဲဒီလောက်အထိတော့ မနီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကိုယ့်ကြားမှာ တစ်စုံတစ်ခုခံနေလို့ပါပဲ။ အဲဒီတစ်စုံတစ်ခုက ဘာလဲ။

အဲဒီတစ်စုံတစ်ခု အကြောင်းမပြောခင် Facebook ပေါ်က Comment တစ်ခုအကြောင်း အရင်ပြောပြချင်ပါတယ။် သူငယ်ချင်းတစ်ယောက်က ထမင်းစားခါနီး သူကိုယ်တိုင်ကြော်ထားတဲ့ အစိမ်းကြော်ပန်းကန်လေးကို ဓာတ်ပုံရိုက်ပြီး Line ပေါ်တင်လိုက်ပါတယ်။ ပြီးတော့ သူတင်တဲ့ Post မှာရေးလိုက်သေးတယ်။ “စားကြပါဦး” တဲ့။ အဲဒီအောက်မှာ Comment တွေဝိုင်းရေးကြတာပေါ့။ အဲဒီ Comment တွေထဲက တစ်ခုက “နေပါဦး နင့်အစိမ်းကြော်ကို ဘယ်လိုစားရမှာလဲ။ မှန်သားပြင်ကြီးကိုက်ပြီး စားရမှာလား” တဲ့။ ဟုတ်ပါတယ်။ အစိမ်းကြော်ကို ကျွန်တော်တို့စားလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူ့အစိမ်းကြော်နဲ့ ကျွန်တော်တို့ကြားမှာ မှန်သားပြင်က ခြားထားလို့ပါပဲ။ တကယ်တော့ သူ့အစိမ်းကြော်က ကျွန်တော်တို့ ကိုင်တွယ်ထိတွေ့လို့မရတဲ့ မှန်သားပြင်မှာ ထင်ဟပ်ပုံပေါ်နေတဲ့ အစိမ်းကြော်ပုံရိပ်ကြီးပဲ။ ကျွန်တော်တို့အဖြစ်က ဘာနဲ့တူသလဲဆိုတော့ မြင်သာမြင် မကြင်ရတဲ့အဖြစ်နဲ့ တူလှပါတယ်။ အမြင်အားဖြင့်ရှိနေပြီး အထိအတွေ့အားဖြင့် တကယ်ရှိမနေတဲ့ ပုံရိပ်ယောင်နဲ့ တူနေပါတယ်။ ကျွန်တော်ပြောချင်တဲ့ တစ်စုံတစ်ခုဟာ အဲဒီမှန်သားပြင်ကြီးပါပဲ။ တကယ်တော့ ကျွန်တော်တို့ဘဝတွေဟာ မှန်သားပြင်ပေါ်က ဘဝတွေပါပဲ။

နည်းပညာက ကျွန်တော်တို့ကို ဆုံခွင့်ပေးပါရဲ့။ သို့သော် မှန်သားပြင်က ကျွန်တော်တို့ကို ကာဆီးထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြင်နေရပါတယ်။ လှမ်းစကား ပြောလို့လည်းရပါတယ်။ ဒါပေမဲ့ လက်ချင်းဖမ်းဆုပ်ကိုင်ကာ သွေးကြောအချင်းချင်း အထိအတွေ့မှာ ရရှိလိုက်တဲ့ နွေးထွေးမှုရသကိုတော့ မပေးစွမ်းနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အေးစက်စက်မှန်သားပြင်က စည်းခြားထားလျက် ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ဟာ တစ်ယောက်ရဲ့ပုံရိပ်ယောင်ကို တစ်ယောက်ငေးကြည့်ပြီး ကျေနပ်နှစ်သိမ့်ရုံမှတစ်ပါး အခြားမရှိပါဘူး။ ပြောမယ့်သာပြောတာ အဲဒီမှန်သားပြင်က ကျွန်တော်တို့ဘဝရဲ့ အချိန်အတော်များများကို လွှမ်းမိုးကာ သိမ်းပိုက်စပြုလာနေပြီ မဟုတ်ပါလား။ တစ်နေ့တစ်နေ့ အဲဒီမှန်သားပြင်ကြီးကိုကြည့်ပြီး ရယ်လိုက် မောလိုက် ကြည်နူးလိုက် တောက်ခေါက်လိုက် ဒေါသထွက်လိုက်။ ပြီးတော့ သွားလေရာ အဲဒီမှန်သားပြင်ကြီး တကိုင်ကိုင်နဲ့။ မွေးတုန်းက မှန်သားပြင်မပါ လက်ဗလာနဲ့ကျွန်တော်တို့ဟာ အခုဆိုရင် နောက်ဆုံးထွက်သက်အထိ မှန်သားပြင်ကြည့်ကာ အသေခံမယ့်သူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ။ တကယ်တော့ အဲဒီမှန်သားပြင်က သက်မဲ့ကြီးပါ။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတာက သူဟာ ကျွန်တော်တို့ကြောင့်ပဲ တစ်စတစ်စ သက်ဝင်လှုပ်ရှား အင်အားကြီးမား တန်ခိုးထွားလာခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့အားလုံးအတွက် မကြည့်လည်းခက် ကြည့်လည်းခက်တဲ့ မှန်သားပြင်တစ်ချပ်ပါပဲ။

Writer - မောင်ကြည်

Most Read

Most Recent