နေပြည်တော်၊ ပေကျင်းနှင့် စွမ်းအင်သံခင်းတမန်ခင်း

နေပြည်တော်၊ ပေကျင်းနှင့် စွမ်းအင်သံခင်းတမန်ခင်း
Published 20 August 2017

ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားသည်ကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

ကမ္ဘာ့နိုင်ငံတိုင်းတွင် အမျိုးသားလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးအပြောင်းအလဲတို့နှင့် ဆက်စပ်နေသော စွမ်းအင်လုံခြုံရေးသည် သော့ချက်စိန်ခေါ်မှုကြီးဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ဆက်စပ်နေသည့် စွမ်းအင်လုံခြုံရေးကို ဗျူဟာမြောက်၊ စီမံချက်ချ၊ ချဉ်းကပ်ဖော်ဆောင်နိုင်ရန် အရေးကြီးလျက်ရှိသည်။ ပေကျင်း၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာကျောရိုးဟုဆိုနိုင်သည့် စွမ်းအင်သံခင်းတမန်ခင်းသည် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

စွမ်းအင်လုံခြုံရေးသည် အမျိုးသားလုံခြုံရေးနှင့် ဆက်စပ်နေပြီး စွမ်းအင်သုံးစွဲမှုတွင် သဘာဝအရင်းအမြစ်များ ရရှိနိုင်ခြေနှင့်လည်း ပတ်သက်နေသည်။ ခေတ်ပြိုင်စီးပွားရေး ပတ်ဝန်းကျင်တွင် စရိတ်သက်သာသော စွမ်းအင်ရရှိရေးသည် ရှေ့တန်းရောက်လာနေသည်။ စွမ်းအင် အထောက်အပံ့ကောင်းကောင်း ရသောနိုင်ငံသည် စွမ်းအင်လုံခြုံရေး မြင့်မားသည့်အလျောက် သက်သောင့်သက်သာ၊ အပူအပင်ကင်းကင်း ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း စွမ်းအင်ဆိုင်ရာ အကျပ်အတည်း၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပေကျင်းအပါအဝင် နိုင်ငံတကာကို လေ့လာသုံးသပ်ပြီး နေပြည်တော်အနေဖြင့် ပိုမိုထိရောက်အလုပ်ဖြစ်နိုင်မည့် စွမ်းအင်ဆိုင်ရာ မူဝါဒ၊ စီမံချက်၊ ဗျူဟာနှင့် သံခင်းတမန်ခင်းတို့ကို ချမှတ်ဖော်ဆောင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်သင့်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စွမ်းအင်လုံခြုံရေးကို အလွန်အမင်း အလေးထားသည့်အလျောက်၊ စွမ်းအင်သံခင်းတမန်ခင်းကို သတိကြီးကြီးထား ဖော်ဆောင်ကျင့်သုံးလျက်ရှိသည်။ ၁၉၅၀-၁၉၆၀ ဆယ်စုနှစ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုမှချက်ပြီး ရေနံများကို တင်သွင်းခဲ့ပြီး စွမ်းအင်နယ်ပယ်၌ ဆိုဗီယက်အကြံပေးများလည်း တွင်ကျယ်ခဲ့သည်။ ၁၉၆၀- ၁၉၈၀ ပြည့်နှစ် ကြားကာလတွင် ရေနံကိုအခြေပြုသည့် ပို့ကုန်မြှင့်တင်ရေးမူဝါဒကို ကျင့်သုံးလာနိုင်ခဲ့သည်။ ၁၉၈၀-၁၉၉၀ ဆယ်စုနှစ်တွင် စွမ်းအင်လုံခြုံရေးသည် ရှေ့တန်းရောက်လာခဲ့ပြီး နိုင်ငံရပ်ခြားစွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဦးတည်၍ ၁၉၈၂ ခုနှစ်တွင် China National Offshore Oil Corporation (CNOOC) ကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် China National Petrochemical Corporation (Sinopec) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် China National Petroleum Corporation (CNPC) ကိုလည်းကောင်း ဖွဲ့စည်း၊ ထူထောင်ခဲ့သည်။

ပေကျင်း၏ စွမ်းအင်လုံခြုံရေးနှင့်ဆက်စပ်လျှင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိကာလကို အမြော်အမြင်ကြီးသော အသွင်ကူးပြောင်းရေးကာလဟု သတ်မှတ်ကြသည်။ အဆိုပါကာလတွင် ပြည်တွင်းစွမ်းအင်လိုအပ်မှုသည် ပြည်တွင်းထုတ်လုပ်မှုထက် ကျော်လွန်ခဲ့သည်။ CNOOC၊ CNPC စသည့် တရုတ်ကုမ္ပဏီကြီးများအနေဖြင့် ပြည်ပတွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး စွမ်းအင်သံခင်းတမန်ခင်းကို စတင်ဖြန့်ကြက်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အီရတ်နိုင်ငံ၊ အန်ဂိုလာနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဆူဒန်နိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံအပါအဝင် နိုင်ငံအများအပြားနှင့် စွမ်းအင်ရှာဖွေရေးနှင့် ဝယ်ယူရေးသဘောတူစာချုပ်များကို ချုပ်ဆိုခဲ့သည်။ တရုတ်စွမ်းအင် ကုမ္ပဏီကြီးများ၏ နိုင်ငံတကာဖြန့်ကြက်မှုနှင့်အတူ စွမ်းအင်လုံခြုံရေးကို ဖော်ဆောင်မည့် ပေကျင်း၏ခြေလှမ်းများသည် ပိုမိုအားကောင်းလာခဲ့သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စစ်ရေးနှင့် စီးပွားရေးအထောက်အပံ့၊ အကူအညီများနှင့် ကျားကန်၍ စွမ်းအင်လုံခြုံရေးကို ဦးစားပေးတည်ဆောက်လာသည်။ ကမ္ဘာ့ရေနံသိုက်များကို လက်လှမ်းမီနိုင်သည်အထိ ခရီးပေါက်နိုင်မည့် သံခင်းတမန်ခင်းဗျူဟာကို ချမှတ်၊ စီမံခန့်ခွဲလာသည်။ ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ငွေကြေးဓနအင်အားကို ထိထိရောက်ရောက်အသုံးချ၍ ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံတို့နှင့် ငွေချေး၊ ရေနံပေးစာချုပ်များကို ချုပ်ဆိုခဲ့ပြီး ချေးငွေနှင့်အတိုးကို ဈေးကွက်ပေါက်ဈေးနှင့် တွက်ချက်လျက် ရေနံစိမ်းပြန်ပေးသည့်စနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာသည်။ ငွေချေး၊ ရေနံပေးစာချုပ်နည်းနာကို အကြောင်းပြုလျက် တရုတ်နိုင်ငံနှင့် ရေနံကြွယ်ဝသော နိုင်ငံများအကြား သံတမန်ဆက်ဆံရေးကို ပိုမိုအားကောင်းခိုင်မာစေခဲ့သည့်အပြင် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကိုလည်း ပိုမိုကျားကန်ပေးနိုင်ခဲ့သည်ဟု သုံးသပ်ကြသည်။

၂၀၁၇ ခုနှစ်ခန့်မှန်းချက်အရ ကမ္ဘာ့နံပါတ်တစ် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံစိမ်းသိုက်ပမာဏ ၂၉၈ ဒသမ ၄ ဘီလျံရေနံစည်သည် တရုတ်နိုင်ငံ၏ ရေနံစိမ်းသိုက်ပမာဏ ၂၄ ဒသမ ၆ ဘီလျံရေနံစည်နှင့် အလွန်ကွာခြားလွန်းနေသည်။ ထိုနည်းတူ ၂၀၁၇ ခုနှစ် သဘာဝဓာတ်ငွေ့သိုက် ပမာဏကိုကြည့်လျှင် ရုရှားနိုင်ငံတွင် ၁၆၈၈ ထရီလီယံကုဗပေရှိပြီး တရုတ်နိုင်ငံတွင် ၁၄၁ ထရီလီယံကုဗပေသာရှိသည်။ မြန်မာနိုင်ငံသည် ၁၀ ထရီလီယံကုဗပေသာ ပိုင်ဆိုင်သည်။ တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုကိုကြည့်လျှင် ၂၀၁၇ ခုနှစ်မေလတွင် တစ်ရက် ၉ ဒသမ ၂၁ သန်းစည်အထိ မြင့်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့တင်သွင်းသည့် ရေနံစိမ်းပမာဏ စုစုပေါင်းတွင် ဆော်ဒီအာရေဗျသည် ၁၆ ရာခိုင်နှုန်း၊ အန်ဂိုလာသည် ၁၃ ရာခိုင်နှုန်း၊ ရုရှားသည် ၁၁ ရာခိုင်နှုန်း၊ အိုမန်သည် ၁၀ ရာခိုင်နှုန်း၊ အီရန်နှင့် အီရတ်သည် ကိုးရာခိုင်နှုန်း အသီးသီးရှိနေသည်။ တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက်ကို ရေနံ၊ သဘာဝဓာတ်ငွေ့ထက် အခြားနည်းလမ်းများနှင့် ချဉ်းကပ်အဖြေရှာနိုင်ရေး ချဉ်းကပ်စဉ်းစားနေသည်ဟုလည်း သုံးသပ်ကြသည်။

စွမ်းအင်သံခင်းတမန်ခင်းကို အသက်သွင်းရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သံတမန်နည်းနာ၊ စစ်ရေးနည်းနာနှင့် စီးပွားရေးနည်းနာတို့ကို ကျင့်သုံးလေ့ရှိသည်။ သံတမန်နည်းနာတွင် ဗီတိုအာဏာသည် အလွန်ထိရောက်သော တန်ဆာပလာဖြစ်ပြီး တရုတ်နိုင်ငံသည် အီရန်နိုင်ငံ၊ ဆူဒန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၊ ဟန့်တား၍ စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များ အထမြောက်ရေး ညှိနှိုင်း၊ ဆောင်ရွက်ခဲ့သည်။ စစ်ရေးနည်းနာနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသည် အာဖရိကတိုက်နိုင်ငံများတွင် စွမ်းအင်အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များကို စစ်ရေးနှင့် စစ်သုံးပစ္စည်းများ၊ စစ်သင်တန်းများနှင့် အလဲအထပ်ပြုလုပ်ခဲ့သည်။ စီးပွားရေးနည်းနာအရ တရုတ်နိုင်ငံသည် စီးပွားရေးအထောက်အပံ့ မက်လုံးကြီးကြီးပေး၍ စွမ်းအင်ဆိုင်ရာ လုပ်ပိုင်ခွင့်ကိုရယူခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်းနာသုံးမျိုးစလုံးသည် တရုတ်နိုင်ငံ၏ စွမ်းအင်သံခင်းတမန်ခင်းကို ပုံဖော်ရာတွင် ဗျူဟာမြောက် အရေးပါသော ဒေါက်တိုင်များပင်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်သံခင်းတမန်ခင်းတွင် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကူဝိတ်၊ အိုမန်၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့ပါဝင်သည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် စိန်ခေါ်မှုကြီးပင်ဖြစ်သည်။ ပေကျင်းသည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် လွတ်လပ်စွာကုန်သွယ်မှု စာချုပ်ချုပ်ဆိုနိုင်ရန် ၂၀၀၄ ခုနှစ်ကတည်းက ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည်။ ၁၉၉၁ ခုနှစ် ကူဝိတ်စစ်ပွဲအပြီး ကူဝိတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၈၆ သန်းကုန်ကျခံ၍ ၁၅၅ မီလီမီတာ ဟော်ဝစ်ဇာအမြောက်များကို တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံသည် အီရတ်နိုင်ငံအပေါ် ကုလသမဂ္ဂ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို ထောက်ခံခဲ့သည်။ ကူဝိတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုရရှိရန် အမြောက်ဝယ်ယူခဲ့သည်ဟု ဆိုနိုင်လင့်ကစား တရုတ်နိုင်ငံနှင့် ကူဝိတ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သည် တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံအကြား ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်တစ်ခုလည်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အီရန်နိုင်ငံသည် တရုတ်နိုင်ငံ၏ စုစုပေါင်းရေနံတင်သွင်းမှု၏ ၁၀ ရာခိုင်နှုန်းကို တင်သွင်းခဲ့သည်။ CNPC သည် ၂၀၀၄ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ မက်ထရစ်တန်သန်း ၁၁၀ တရုတ်နိုင်ငံသို့ရောင်းချမည့် ၂၅ နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကိုလည်းကောင်း၊ Sinopec သည် LNG ဓာတ်ငွေ့ မက်ထရစ်တန်သန်း ၂၅၀ တရုတ်နိုင်ငံသို့ ရောင်းချမည့်စာချုပ်ကိုလည်းကောင်း အီရန်နိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် ဗီတိုအာဏာသုံးပယ်ချခဲ့သည်။ ပေကျင်းနှင့် တီဟီရန်အကြား စစ်ဖက်ဆိုင်ရာ ကုန်သွယ်မှုသည်လည်း မြင့်မြင့်မားမားရှိနေသည်။ ၂၀၁၇ ခုနှစ် ပထမခြောက်လတွင် ပေကျင်းနှင့်တီဟီရန်အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံရှိခဲ့သည်။

မဟာဗျူဟာ အိမ်နီးချင်းဆက်ဆံရေး သို့မဟုတ် ပေါက်ဖော်ဆက်ဆံရေးဟုဆိုလေ့ရှိသည့် ပေကျင်းနှင့် နေပြည်တော်ဆက်ဆံရေးတွင် စွမ်းအင်လုံခြုံရေးသည် အခရာပင်ဖြစ်သည်။ ပေကျင်း၏ စွမ်းအင်သံခင်းတမန်ခင်းသည် နေပြည်တော်သို့ ဖြန့်ကြက်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အပါအဝင် အနောက်တောင်ဘက် ပြည်နယ်များ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်နေပြီး ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်းပိုက်လိုင်းတို့ကို ဆက်သွယ်ထားပြီးဖြစ်သည်။ ပေကျင်းသည် တီဟီရန်ကဲ့သို့ပင် နေပြည်တော်အစိုးရ အဆက်ဆက်ကိုလည်း ဗီတိုအာဏာအပါအဝင် သံတမန်ရေးအရ အကာအကွယ်ပေးခဲ့ပြီး ပေကျင်း၏ စွမ်းအင်လုံခြုံရေးတိုးမြှင့်ရန် ဗျူဟာမြောက် ခြေလှမ်းလှမ်းခဲ့သည်။ ပေကျင်းအနေဖြင့် နေပြည်တော်၏ အထီးကျန်ကာလများတွင် အထောက်အပံ့၊ အကူအညီနှင့် ချေးငွေများပေးအပ်၍ ကျားကန်ပေးခဲ့သည်မှာ စွမ်းအင်သံခင်းတမန်ခင်း၏ ဗျူဟာအစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ဗီတိုအာဏာနှင့် ငွေကြေးဓနအင်အားအပေါ် အခြေပြုထားသည့် ပေကျင်း၏ စွမ်းအင်သံခင်းတမန်ခင်းတွင် စွမ်းအင်လိုအပ်ချက်အတွက် အရှေ့အလယ်ပိုင်းဒေသအပေါ် တည်မှီနေရခြင်းမှ ရုန်းထွက်ပြီး အခြားနိုင်ငံများဆီ ဖြန့်ကြက်နိုင်မည့် နည်းနာကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ခဲ့သည်။ နေပြည်တော်အနေဖြင့် ပေကျင်းအပါအဝင် အခြားနိုင်ငံများ၏ အတွေ့အကြုံများ၊ အားသာချက်နှင့် အားနည်းချက်များကို ဆန်းစစ်သုံးသပ်လျက် အမျိုးသားစွမ်းအင် လုံခြုံရေးကိုမြှင့်တင်နိုင်မည့် ဗျူဟာ၊ နည်းနာ၊ သံခင်းတမန်ခင်းတို့ကို ညှိနှိုင်းရေးဆွဲ၍ ထိထိရောက်ရောက်၊ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနိုင်ရေး ရှေးရှုသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent