ကားပါကင်ကြောင့်ဖြစ်တဲ့ မှုခင်းတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ

ကားပါကင်ကြောင့်ဖြစ်တဲ့ မှုခင်းတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ
Published 20 August 2017

ကားပါကင်အတွက် နေရာဦးထားသည်ကို ရန်ကုန်မြို့လယ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်မြို့တော်ကြီးတွင် လူစီးကား အမျိုးအစားအရေအတွက် အဆမတန်များပြားလာသည်။ ထို့ကြောင့် ကားပါကင်ပြဿနာသည် မော်တော်ယာဉ်မောင်းတိုင်း၊ မော်တော်ယာဉ်ပိုင်ဆိုင်သူတိုင်း ကြုံတွေ့ကြရသည့် နိစ္စဓူဝအကြောင်းအရာ ဖြစ်သည်။ မော်တော်ယာဉ်များ ရပ်နားထားမှုနှင့် ယာဉ်သိပ်သည်းဆ များပြားလာမှုသည် လမ်းသွားလမ်းလာများအတွက် လူသွားလမ်းမရှိသည့် အခြေအနေအထိအောင် အချို့သောနေရာများတွင် ဖြစ်ပွားခဲ့သည်။

“ကားပါကင်ကတော့ ပိုကောင်းလာစရာ အကြောင်းမရှိဘူး။ ပိုဆိုးဖို့ပဲ ရှိတယ်” ဟု မြို့ပြပညာရှင် ဒေါက်တာ ကျော်လတ်က ပြောကြားသည်။

ရန်ကုန်မြို့တော်ကြီး၏ ကားပါကင်အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ကျပ်တည်းလာမည်ဆိုပါက မည်ကဲ့သို့သော လူမှုရေး ပြဿနာများ ထပ်မံပေါ်ပေါက်လာ မည်ဆိုသည်မှာ . . . ။

 

လူမှုရေးပြဿနာများ

ယခင်အစိုးရလက်ထက် ၂၀၁၅  ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် ကားပါကင်နေရာလုရာမှ စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်သည် တုန်လှုပ်ချောက်ချားစရာဖြစ်ပြီး ထိုဖြစ်စဉ်မှာ ရန်ကုန်မြို့၏ ကားပါကင်ရှားပါးမှု ပြဿနာကို မီးမောင်းထိုးပြလိုက်သလိုလည်း ဖြစ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်၌လည်း ကားပါကင်ထိုးစဉ် စကားများရန်ဖြစ်ရာမှ ယာဉ်မောင်းကို မီးသတ်ဆေးဘူးဖြင့်ရိုက်၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်သူ အမျိုးသားက သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ၂၀၁၆ခုနှစ် သြ ဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁ ရက် မွန်း တည့် ၁၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းရှိ ကားဂိတ်တွင် ကျောက်ဆည်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်ထွန်းနိုင်သည် ယာဉ်အား ပါကင်ထိုးစဉ် ကျောက်ဆည်မြို့နယ်နေ ယာဉ်မောင်းခိုင်စိုးနှင့် စကားများရန်ဖြစ်ပြီး ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထိုးကြိတ်စဉ် ခိုင်စိုး၏ ညီဝမ်းကွဲတော်စပ်သူ ပြည့်စုံက မီးသတ်ဆေးဘူးဖြင့် ကိုအောင်ထွန်းနိုင်အား ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အရိုက်ခံရမှုကြောင့် ကိုအောင်ထွန်းနိုင်တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သြဂုတ် ၄ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို သေဆုံးသူ၏ အစ်ကိုဖြစ်သူက သက်ဆိုင်ရာ ဘုရင့်နောင်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၆၀၀/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဘုရင့်နောင်ပွဲ ရုံဝင်းရှိ ကားဂိတ်၊ ကျောက်ဆည်မြို့ရှိ ကားဂိတ်နှင့် ကျောက်ဆည် မြို့မရဲစခန်းသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူပြည့်စုံမှာ သြဂုတ် ၅ ရက်တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

“ထိုးကြ၊ ကြိတ်ကြ၊ သတ်ကြတဲ့ကိစ္စ။ ထိုးကြသတ်ကြကိစ္စက ရှင်းရှင်းလေးပဲ။ ရန်ကုန်မြို့ထဲမှာ စမ်းချောင်းတို့၊ ကြည့်မြင်တိုင်တို့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မတရားလုပ်နေတာက အများကြီးပဲ။ လမ်းပေါ်မှာ သူများရဲ့ အများပိုင်တဲ့ လမ်းပေါ်မှာ စည်ပင်ပိုင်တဲ့ လမ်းပေါ်မှာ သူ့ဟာလိုလိုနဲ့ ခပ်တည်တည် ပိတ်ပြီးတော့ ချထားတာ။ ကားပါကင်နေရာမှာ ဆိုင်ထွက်နေတာကိုလည်း အများကြီးတွေ့ရတယ်။ ရန်ကုန်မြို့ ထဲမှာလည်း အများကြီးရှိတယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာ ဆိုင်ကြီး၊ ဆိုင်ကောင်းတွေ သိန်းပေါင်းများစွာတန်တဲ့ ကျောက်သံပတ္တမြား ဆိုင်ခပ်တည်တည်ပဲရှေ့မှာ အဲဒီကိုလာသော ကားများသာ ရပ်ရမည်လို့ ရေးထားတယ်။ ဒါလည်းပဲ ဥပဒေကြောင်းကို မလိုက်နာတဲ့ကိစ္စပဲ။ သူတို့ပိုင်တဲ့ သူတို့မြေမှ မဟုတ်တာပဲ။ ဒါကလည်းပဲ စည်ပင်က ကြည့်နေတာပဲလား။ မေးစရာရှိလာတယ်” ဟု မြို့ပြပညာရှင် ဒေါက်တာ ကျော်လတ်ကပြောကြားသည်။

ထိုကဲ့သို့ ကားပါကင်လုရာမှ အငြင်းပွားပြီး လူသတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ရှိသကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုများမှာ ယခုနှစ်များအတွင်း ပိုမိုများပြားလာသည်မှာ ရန်ကုန်မြို့ရှိ ရပ်ကွက်နေပြည်သူတိုင်း ကြုံတွေ့ကြရသည့် ဖြစ်စဉ်များလည်း ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ရန်ကုန်မြို့၊ ဦးထွန်းလင်းခြံလမ်းတွင် ကားပါကင်လုရာမှ တစ်လမ်းတည်း နေသူများ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ ယင်းအငြင်းပွားမှုကို ဗွီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးအားလုံး ကြုံတွေ့နေရသည့် ကားပါကင်အခက်အခဲဖြစ်သည့်အတွက် စိတ်ဝင်စားမှု များပြားခဲ့သည်။

“ကားပါကင်ဆိုတာက ကြိုပြီးနေရာချပြီး ဦးထားလို့လည်း မရဘူး။ စည်ပင်လမ်းပဲ။ တစ်နေ့လုံးနေတယ်ဆိုပြီး သိမ်းထားလို့လည်း မရဘူး။ သူများကလာပြီး ထိုးသွားလို့ရှိရင် သည်းညည်းခံရမှာပဲ။ အဲဒါကိုရန်ဖြစ်ကြပြီး ဓားနဲ့ထိုးကြရင် ဥပဒေ မလိုက်နာလို့ပဲလို့ ဆိုရမယ်” မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။

လက်ရှိတွင် ကားပါကင် ပြဿနာများသည် ရန်ကုန်မြို့ မြို့ထဲ ခြောက်မြို့နယ်တွင်သာမက လူနေသိပ်သည်းပြီး လူစည်ကားသည့်မြို့ နယ်များ၌ပါ ဆက်လက်ကြုံတွေ့လာရပြီး ပြဿနာမှာ ကျယ်ပြန့်လာသည်။

ကားဘီးဖြင့် ကားပါကင်အတွက် နေရာဦးထားသည်ကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နေရာဦးက အရေးယူမည်ဆိုသော်လည်း ရန်ကုန်မြို့၏ ကားပါကင်

ပြဿနာတွင် သက်ဆိုင်ရာဆိုင်ခန်း၊ အစိုးရရုံးပတ်ဝန်းကျင်နေရာများတွင်  ယာဉ်မရပ်ရဟူသည့် ဆိုင်းဘုတ်များ၊ ဌာနဆိုင်ရာယာဉ်များသာဆိုသည့် ဆိုင်းဘုတ်များဖြင့် ယာဉ်ရပ်နားမှု ကန့်သတ်ခြင်းကလည်း ပါဝင်နေသည်။ ယခင် ရန်ကုန်မြို့၌ ကိုယ်ပိုင်ပုဂ္ဂလိကကားပါ ကင်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပုဂ္ဂလိက ကိုယ်ပိုင်ကားပါကင် လျှောက်ထားမှုများကို လက်မခံတော့ကြောင်း၊ ထိုသို့ပုဂ္ဂလိက ကားပါကင်များကို ခွင့်မပြုတော့ခြင်းကြောင့် မည်သည့် ကားပါကင် နေရာ၌မဆို ယာဉ်ရပ်နားခွင့်ပြုပြီး ယခင်ကဲ့သို့ မိမိဆိုင်ရှေ့၊ ရုံးရှေ့များတွင် ယာဉ်မရပ်ရဟူ၍ ဆိုင်းဘုတ်များရေးသား၍ ယာဉ်ရပ်နားမှု ကန့်သတ်ခြင်းများ ပြုလုပ်၍မရတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုသည်။

သို့သော်လည်း ယခုအချိန်အထိ ယင်းသို့ ယာဉ်မရပ်ရ၊ ဌာနဆိုင်ရာ ယာဉ်များသာဟူသည့် ဆိုင်းဘုတ်များကို တစ်ခါတစ်ရံ တွေ့မြင်နေရသည်။

ထို့ကြောင့် ယင်းပြဿနာကို ဖြေရှင်းရန် ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့စသည်တို့တွင် ဆိုင်းဘုတ်များ၊ တုံးများချကာ ကားပါကင်နေရာဦးထားခြင်းများကို ၂၀၁၆ ဇန်နဝါရီ ၁ ရက်မှစ၍ တရားစွဲမည်ဖြစ်ကြောင်း ယခင်အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၅ ခုနှစ်ကုန်ပိုင်း၌ ထုတ်ပြန်ခဲ့သည်။

 

ကားပါကင်ပြဿနာ၏ နိဒါန်း

ယခင် ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခကို  တစ်နာရီလျှင်မည်မျှဟူ၍ အချိန်ကာလတစ်ခုသတ်မှတ်၍ ယာဉ်ရပ်နားခကောက်ခံသည့် စနစ်ကိုကျင့် သုံးခဲ့ရာမှာ ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ဧပြီလမှစ၍ ယင်းသို့ ငွေကြေးမကောက်ခံတော့ကြောင်း၊ ငွေကြေးမကောက်ခံတော့သဖြင့် ယာဉ်များအချိန်ကြာမြင့်စွာ ရပ်နားထားပြီး စည်းကမ်းမဲ့မှုအချို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုပိုဖြစ်လာ၍ ၂၀၁၄ ခုနှစ်ဧပြီမှစတင်၍ ယာဉ်ရပ်နားခမှုများ ပြန်လည်ကောက်ခံခဲ့သည်။

ထို့သို့ ယာဉ်ရပ်နားပြန်လည် ကောက်ခံမှုမကြာမီပင် ၂၀၁၄ နှစ် ကုန်ပိုင်း၌ ယာဉ်ရပ်နားခကောက် ခံသည့်စနစ်ကို ပြန်လည်ဖျက်သိမ်းခဲ့ခြင်းကြောင့် ယခင်အစိုးရလက်ထက်၌ပင် မူဝါဒပိုင်းအမျိုးမျိုး ပြောင်းလဲမှုက ယာဉ်ရပ်နားသူများအတွက် အခက်အခဲများဖြစ်နေပြီး ကားပါကင်အခက်အခဲကိုလည်းများစွာ ဖြစ်ပေါ်စေခဲ့သည်။

ယင်းပြဿနာကို ယခင်အစိုးရ လက်ထက်ကတည်းက နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းခဲ့ကြသော်လည်း ပြေလည်ခဲ့ခြင်းမရှိပေ။

 

လက်တလော ညအိပ်ခွန်ကိစ္စ

“ဘဏ်အပေါ်ထပ်မှာ နေတာဆိုတော့ ဘဏ်ရဲ့ ကားပါကင်ဧရိယာထဲမှာရပ်တာ။ အဲဒါကို စိတ်မချလို့ စကားမပြောချင်လို့ သွားလုပ်တာ။ ညအိပ်ခွန်သွားလုပ်လိုက်တာ။ ကိုယ်က ကားအသစ်ဝယ်နိုင်တာ မဟုတ်ဘူး။ အဟောင်းဝယ်တော့ ပိုင်ရှင်လိုက်ရှာပြီး ညအိပ်ခွန်ဆောင်လား မေးရမှာဆိုတော့ရှုပ်တယ်” ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

လက်ရှိတွင် မော်တော်ယာဉ်များ ညအိပ်ခွန်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေသည့်ကြားမှ သက်ဆိုင်ရာက လိုက်လံဖမ်းဆီးသည်ဆိုသည့် အကြောင်းအရာများမှာလည်း ကားပိုင်ဆိုင်သူများထံမှ ကြားသိနေရသည့် ကိစ္စတစ်ရပ်လည်းဖြစ်သည်။

“မော်တော်ယာဉ်ရှိသူတိုင်း ကြုံတွေ့နေရတဲ့ စည်ပင်သာယာ ညအိပ်ခွန်ပေးဆောင်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ 9I အထက် ကားများကို ညအိပ်ခွန်ပေးဆောင်ခြင်း မပြုတော့ပါ။ 9I အထက်ကားတွေ ညအိပ်ခွန်ပေးဆောင်ချင်ပေမယ့်လည်း လွယ်ကူစွာပေးဆောင်ခွင့် မရပါဘူး။ ဒီနေရာမှာ ပြောချင်တာက 9I အထက်ကားတွေမှာ စလစ်ကပ်ကားနဲ့  Free Permit ကားတွေ နှစ်မျိုးရောထွေးနေပါတယ်။ စလစ်ကပ်ကားတွေအတွက် ကားပါကင် ထောက်ခံချက် တောင်းခံခဲ့တာ မရှိပါဘူး။ စလစ်ကပ်ကားတွေအနေနဲ့ တစ်စီးအပ်တစ်စီးပြန်သွင်းတာပဲ ရှိတဲ့အတွက် ကားပါကင်ပြဿနာ ပေါ်ပေါက်လာတာပါ။ အခုဆိုရင် YGN ကားတွေနေရာမှာ BGO၊ MDY၊ NPT စတဲ့ နယ်ကားနံပါတ်တွေနဲ့ စီးနေတာ အမြောက်အမြား တွေ့ရမှာပါ။ အစဉ်အမြဲမောင်းနှင် နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီကားတွေနဲ့ ပတ်သက်လို့ အရေးယူခြင်း၊ မယူခြင်းကတော့ အာဏာပိုင်တွေရဲ့ သဘောထားဖြစ်ပါတယ်” ပုဇွန်တောင်မြိ့နယ်နေသူတစ်ဦးက ပြောကြားသည်။

 

ယာဉ်အစီးရေ ထပ်တိုးလာ

ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ စာရင်းများအရ ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၂၁၄၆၄၉ စီးရှိခဲ့ရာမှ  ၂၀၁၅ ခုနှစ်အောက်တိုဘာ ၃၀ ရက်တွင်  ယာဉ်အစီးရေ ၅၀၀၃၈၂ စီးအထိရှိလာခဲ့ပြီး လေးနှစ်အတွင်း ယာဉ်အစီးရေ နှစ်ဆကျော်အထိ တိုးပွားလာခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်အမျိုးအစား ငါးမျိုး (လူစီး၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်(ဝန်ပေါ့နှင့်ဝန်လေး)၊ အခြားအမျိုးအစား စုစုပေါင်း တစ်သန်းနီးပါး (၉၇၁၀၆၄) စီးရှိပြီး လူစီးယာဉ်သည် အရေအတွက်အများဆုံးဖြင့် ငါးသိန်းကျော် (၅၂၆၂၁၃ စီး) ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအလိုက်နှိုင်း ယှဉ်ကြည့်ပါက အများဆုံးတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ငါးသိန်းကျော်(၅၂၉၄၇၃ စီး ) ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နောက်ဆုံးရ အချက်အလက်များအရ သိရသည်။ ယင်းအချက်အလက်များ အရ ရန်ကုန်တိုင်းဒေသကြီးတွင် လူစီးယာဉ်အရေအတွက်သည် သုံးသိန်းကျော်(၃၃၃၄၆၂ စီး) ရှိကာ အရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။ စာရင်းများအရ ခရီးသည်တင်ယာဉ်အမျိုးအစားသည် တစ်သောင်းခွဲခန့် (၁၄၂၉၆) စီးရှိကြောင်း သိရသည်။

“နောက်နောင်အခက်အခဲတွေ ကရှိမှာပဲ။ ထပ်ပြီး ပိုမဆိုးအောင်လို့ စည်းကမ်းတိတိကျကျ ကိုင်သင့်တာပေါ့။ ဟိုလူနဲ့ခင်လို့၊ ဒီလူ့ကို ပိုက်ဆံပေးလို့၊ ဒီလူ့ကိုလာဘ်ထိုးလို့ ဆိုတာတော့ မဖြစ်သင့်ဘူး။ ကားပါကင်မရှိတာနဲ့ ပတ်သက်ပြီး အချို့သော ရှော့ပင်းစင်တာတွေ တွေ့တယ်။ သူတို့က ပြောတုန်းက ကားပါကင်ထားပါမယ်ပြောပြီးတော့ ဆိုင်ခန်းတွေရောင်းစားလိုက်တယ်။ အဲဒါမျိုးကလည်းပဲ စောစောစီးစီးက ကားပါကင်တင်ထားတယ်ဆိုရင် နောက်နောင် အပြောင်းအလဲမလုပ်ရအောင်၊ အပြောင်းအလဲ လုပ်ချင်ရင်လည်း ဆိုင်ခန်းကျဉ်းကျဉ်း ပြောင်းချင်ရင်လည်း ပြောင်းလေ။ ကားပါကင်နေရာမှာ ဆိုင်ခန်းတွေ လာယူတာ မသင့်လျော်ဘူး။ အဲဒါလည်း စည်ပင်အနေနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်သင့်တယ်။ ကားပါကင်ကတော့ ပိုကောင်းလာစရာ အကြောင်းမရှိဘူး။ ပိုဆိုးဖို့ပဲရှိတယ်” ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။

 

အနာနှင့်ဆေး

လက်ရှိတွင် ကားပါကင် ပြဿနာမှာ ယခင်အစိုးရလက်ထက်ကတည်းက ဖြစ်ပေါ်ခဲ့သည်ဆိုသော်လည်း အနာဂတ်တွင် ယင်းကဲ့သို့ ပြဿနာများ ဖြေးရှင်နိုင်ရန်မှာ လက်ရှိအစိုးရက ဆက်လက်အကောင် အထည်ဖော်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်။

“ကျွန်တော်တို့ အစိုးရဘာ ပြောလိုက်တိုင်း၊ ပြောလိုက်တိုင်း ရှေ့ကပြဿနာပဲ။ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားခဲ့ဘဲနဲ့ ပုဂ္ဂလိကကို လွယ်လွယ်ကိုယ်အကျိုးအမြတ် ရှိရာရှိကြောင်းကို လုပ်သွားကြမယ်။ ရုတ်တရက် ဖြစ်တဲ့အခါမှာ ကမ္ဘာကြီးမှာ ဖြစ်တဲ့အကြောင်းကို မလေ့လာနိုင်ဘူး။ စပိန်၊ ဘာစီလိုနာသွားတယ်။ ပန်းခြံတွေအောက်မှာ မြေအောက်ကားပါကင်တွေ လုပ်ကြတယ်။ အစီအစဉ်ကောင်းတယ်။ စာရင်းဇယားရှိတယ်။E- Goverment တွေ ဖြစ်နေပြီ။ Smart City တွေဖြစ်နေပြီ။ အဲဒီနောက်မှာ ဘာရှိလဲဆိုတော့ လူဘယ်နှယောက်နေမယ်။ ဆေးရုံဘယ်နှခုလိုတယ်။ စာသင်ကျောင်းဘယ်နှခု၊ ကားဘယ်နှစီး စီးမယ်၊ အခွန်ဘယ်လိုကောက်မယ်။ အဲဒီအခါကျတော့ ကားဘယ်နှစီးဆိုရင် ကားပါကင် ဘယ်နှခုလိုမယ် အပြီးတွက်တာ။ ကျွန်တော်တို့စီမှာ တကယ့်အရူးချီးပန်း တကယ့်လုပ်ချင်ရာ လုပ်တာ။ Metro ရှိတယ်။ ကုန်းပေါ်က သွားတာ။ ရထား။ Sub way ရှိတယ်။ မြေကြီးထဲက သွားတာ။ ရထား။Under ground Tunnel တွေရှိတယ်။ နောက်တစ်ခါ ဘတ်စ်ကား။ မာစီဒီးဘတ်စ်ကား နှစ်စီးတွဲတွေ။ ကျွန်တော်တို့ကျတော့ မဟုတ်ဘူး။ ကားတွေအများကြီး ဝယ်သွင်းပြီးတော့ ထွက်သွားကြတယ်” ဟု ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။

လက်ရှိရန်ကုန်မြို့တော်ဝန်က လျှပ်စစ်မီးအပြည့်အဝရရှိပါက မြေအောက်မြို့တော်ဖန်တီးမည်ဟု ပြောကြားမှုရှိခဲ့သည်။ ယင်းကဲ့သို့ ပြောကြားချက်မှာ လက်ရှိအကောင် အထည်ဖော်နိုင်မည်မဟုတ်ဘဲ အကန့်အသတ်များစွာ ရှိနေသည်။

“ကျွန်တော် Underground City ပေါင်းမြောက်မြားစွာကို ရောက်ဖူးတယ်။ သူတို့ လုပ်ထားတဲ့ စနစ်ရှိတယ်။ ကျွန်တော်တို့မှာ လုပ်ဖို့ ပိုက်ဆံမရှိလို့၊ အချိန်မရှိလို့” ဟု ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။

ထိုကဲ့သို့ အကန့်အသတ်များကြားမှ လုပ်ဆောင်နေရသည့်အတွက် မြို့တွင်းသို့ ယာဉ်များဝင်ရောက်မှုနှင့် ယာဉ်ရပ်နားရာနေရာများ မလုံလောက်မှုကို ဖြေရှင်းနိုင်ရန် ပထမဦးစွာ ကြိုးပမ်းသင့်သည်။

“ရေရှည်အားဖြင့်ကတော့ ရန်ကုန်မြို့ထဲနဲ့ မြို့ထဲနဲ့ ကပ်နေတဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်းတို့မှာ စီးပွားရေးအဆောက်အအုံတွေ၊ စားသောက်ဆိုင်တို့၊ ရုံးတို့ကန္နားတို့ အများကြီးစုပြုံနေတဲ့ဟာကို လျှော့တဲ့အနေနဲ့ အခြားသောနေရာတွေမှာ ရှော့ပင်းစင်တာတွေကို ခပ်ဝေးဝေး မင်္ဂလာဒုံမြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံပါ အပါပေါ့။ အဲဒီလိုနေရာမျိုးမှာ အသစ်တိုးရလိမ့်မယ်။ ဒီဘက်အခြေအနေက ပိုမဆိုးဘဲနဲ့ ဟိုဘက်ကို နည်းနည်းမျှသွားလိမ့်မယ်” ဟု မြို့ ပြပညာရှင် ဒေါက်တာ ကျော်လတ်က ပြောကြားသည်။

 

မြို့တွင်းမှာ ယာဉ်ရပ်နားဖို့

ရန်ကုန်မြို့ရှိ အများပြည်သူပိုင် လမ်းများအားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲကာ ယာဉ်ရပ်နားခများ စနစ်တကျ ပြန်လည်ကောက်ခံမည်ဖြစ်ပြီး ကားပါကင်များလည်း တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ ခုနှစ် ဒီ ဇင်ဘာ ၂၇ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားချက်က ကားပါကင်လိုအပ်ချက်များစွာ ရှိနေသော ရန်ကုန်မြို့အတွက် ကောင်းမွန်သည့် အစီအစဉ်တစ်ရပ် ဖြစ်သည်။ ရန်ကုန်မြို့တွင် နေ့စဉ်နှင့်အမျှ ကားပါကင်ပြဿနာတက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့တွင်း Down Town ဧရိယာတွင် ကားပါကင် အခက်အခဲကို ပိုမိုရင်ဆိုင်နေရသည်။ ယခင်အစိုးရလက်ထက်က ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ရန်ကုန်မြို့သို့ ယာဉ်အစီးရေ အများအပြား ဝင်ရောက်လာခဲ့သည်။ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သည့် လမ်းအခြေအနေ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများအား ထိန်းချုပ်နိုင်မှုအားနည်းသည့် အခြေအနေများနှင့် ကားပါကင်များ အဆင်သင့်မဖြစ်သေးသည့် အခြေအနေတွင် ကားများအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ကားပါကင်ပြဿနာများ ဆိုးရွားလာခဲ့သည်။

ယာဉ်ရပ်နားမှုဆိုင်ရာ မူဝါဒများ အတိအကျသတ်မှတ်ခဲ့မှု အားနည်းခြင်းကြောင့် ယင်းသို့ ကားပါကင် ပြဿနာများဖြစ်ပွားခဲ့ရပြီး အဆိုပါပြဿနာသည် လက်ရှိအစိုးရ လက်ထက်တွင်လည်း စိန်ခေါ်မှု တစ်ခုအနေဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။

လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများ စနစ်တကျဖြစ်စေရန်အတွက် အများပြည်သူပိုင် လမ်းများတွင် ကားပါကင်လိုင်းများ ရေးဆွဲကာ ယာဉ်ရပ်နားခ ကောက်ခံစေလျက် ယာဉ်ရပ်နားမှုဆိုင်ရာ စည်းကမ်းများ၊ မူဝါဒများ ချမှတ်ပေးရန် အစီအစဉ်ရှိမရှိ֨၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းချက်အပေါ် ယခင်က ရန်ကုန်မြို့တွင် အခကြေးငွေဖြင့် ယာဉ်ရပ်နားနိုင်သည့်နေရာများ သတ်မှတ်ကာယာဉ်နားခများ ကောက်ခံခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံရာတွင် နောက်ပိုင်းစနစ်တကျ မရှိတော့ခြင်းကြောင့် ယင်းအစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။

“တစ်ချိန်က ရန်ကုန်တိုင်း အတွင်းမှာ နေရာသတ်မှတ်ပြီးတော့ ယာဉ်ရပ်နားခ၊ ကားပါကင်ကြေး ကောက်ခံခဲ့ပါတယ်။ သို့သော်လည်း ဒီကားပါကင်ကြေးကောက် ခံတာကနောက်ပိုင်းမှာ စနစ်တကျ  မဖြစ်တော့ဘဲနဲ့ တစ်ဆင့်ကန်ထရိုက်ပေးခြင်း၊ စည်ပင်သာယာက ယာဉ်ရပ်နားခကောက်ခံဖို့ ကန်ထရိုက်ပေးတယ်၊ ကန်ထရိုက်ကတစ်ဆင့် ကန်ထရိုက်ပေးတယ်။ တစ်ဆင့် ကန်ထရိုက်တွေ အဆင့်ဆင့်ပေးပြီးတော့ ယာဉ်ရပ်နားတာကို စည်းကမ်းတကျဖြစ်ဖို့အတွက် စီစဉ်ဆောင်ရွက်ခြင်းမရှိတော့ဘဲ ငွေကောက်ခံဖို့ အဓိကဖြစ်လာတဲ့အတွက် စည်ပင်သာယာကပဲ ဒီစနစ်ကို ပြန်ပြီးတော့ ရပ်နားထားခြင်းဖြစ် ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

ကားပါကင်ကြေးကို ကန်ထရိုက်များသို့ပေးကာ ကောက်ခံစေခြင်းကြောင့် စည်းကမ်းတကျဖြစ်ဖို့ထက် ငွေကောက်ခံဖို့ကိုသာအဓိက ဦးစားပေးနေခြင်းကြောင့် ယာဉ်ရပ်နားမှု စနစ်တကျဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်နိုင်မှု မရှိတော့ခြင်းလည်းဖြစ်သည်။

ရန်ကုန်မြို့ သိမ်ကြီးဈေးဝန်းကျင်တွင် ရပ်နားထားသော ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကားပါကင်တွေ ထည့်ဆောက်မယ်

လက်ရှိအစိုးရအနေဖြင့် ကားပါကင်များကို ဈေးများအသစ်ပြန်လည် တည်ဆောက်မှုများတွင် ထည့်သွင်းရန် ဒီဇိုင်းရေးဆွဲမှုများကို အားပေးလျက်ရှိသည်။

ထို့ပြင် သီးသန့် ကားရပ်နားရန် ကားပါကင်နေရာများ လုပ်ဆောင်မည်ဆိုလျှင် ယခင်အစိုးရ လက်ထက်က လုပ်ဆောင်ခဲ့သည့် ယာဉ်ရပ်နားစခန်းများ၏ အကျိုးအပြစ်အခြေအနေများကို လေ့လာသင့်သည်။ ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တွင် ကားပါကင်နေရာရှားပါးမှုကို ဖြေရှင်းရန်နေရာအချို့တွင် ယာဉ်ရပ်နားစခန်းများတည် ဆောက်ခဲ့ပြီး မြေနီကုန်း ရှင်စောပုလမ်းရှိ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းမြေနေရာတွင် မြေနီကုန်း ယာဉ်ရပ်နားစခန်းကို ဦးစွာဖွင့်လှစ်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ရတနာနှင့် မြသီတာပန်ခြံတို့ကို ဖျက်သိမ်း၍အထပ်မြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခဲ့သည်။

ယင်းနှစ်ခုအနက် တောင်ဥက္ကလာမြို့နယ်ရှိ  ရတနာနှင့် မြသီတာ ပန်ခြံများကို ဖျက်သိမ်း၍ဆောက်လုပ်ခဲ့သည့် ယာဉ်ရပ်နားစခန်းနှစ်ခုသည် မြို့၏အချက်အချာကျသည့် နေရာတွင်မဟုတ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများသည့် နေရာမဟုတ်ခြင်းတို့ကြောင့် လာရောက်ရပ်နားမှု နည်းပါးကာ မအောင်မြင်ဘဲ ပန်းခြံနှစ်ခုဖျက်လိုက်ခြင်းသာ အဖတ်တင်ခဲ့သည်။

အလားတူ ရန်ကုန်မြို့တွင် အထပ်မြင့်ဆောက်ပါက တစ်အိမ်လျှင် တစ်စီးနှုန်းဖြင့် လုံလောက်သည့် ကားပါကင်များထည့်သွင်းရန်မှာ များစွာအရေးပါလှသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆောက်အအုံများတွင် ကားပါကင်များမဖြစ်မနေ ထည့်သွင်းရန် ညွှန်ကြားထားသော်လည်း လက်ရှိရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံများတွင် လုံလောက်သည့် ကားပါကင် ထည့်သွင်းမှုနည်းပါးနေသည်။

“ကားပါကင်နှစ်မျိုး ရှိတာပေါ့။ ကားပါ ကင်ရှိတာကိုရှိအောင် ဖန်တီးဖို့။ နောက်တစ်မျိုးကတော့ လူတွေက တိတိကျကျ ဥပဒေအတိုင်း လုပ်ကြမယ်ဆိုရင် သတ်တာတို့ ဘာတို့မရှိဘူးပေါ့။ စစချင်း ကားပါကင်မရှိဘူး ကျွန်တော်လည်း လက်ခံပါတယ်။ ဘာလို့မရှိလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အိမ်တွေဆောက်မယ်ဆိုရင် အဆောက်အအုံတွေ ဆောက်မယ်ဆိုရင် ဥပမာ-စမ်းချောင်းပဲ ထားပါတော့။ အဆင့်မြင့်တဲ့တိုက်ခန်းတွေ တွေ့ခဲ့တယ်။ ကားပါကင်ပေးရတော့မှာပေါ့။ အဲဒါလည်းပဲ မပေးဘူးဆိုတော့ ဆောက်ခဲ့သော အိမ်တွေကိုဆောက်ပြီး ရောင်းစားတဲ့သူတွေရယ်၊ ခွင့်ပြုခဲ့တဲ့ စည်ပင်က လူတွေရယ်ရဲ့ အပြစ်ဖြစ်နေတာပေါ့။ တကယ့်တကယ်ကတော့ အိမ်တစ်လုံးဆောက်မယ်ဆိုရင် သူ့အတွက် ကားပါကင်ပေးရမယ်ဆိုတာ ရှင်းနေတာပဲ။ အဲဒါကို မလုပ်ခဲ့တော့ အခက်အခဲဖြစ်တာပေါ့။ နောက်နောင် အခက်အခဲကတော့ ရှိမှာပဲ။ ရေရှည်ကြည့်ပြီးတော့ တိုက်ခန်းတစ်ခန်းကို အနည်းဆုံး ကားပါကင် ၁ ဒသမ ၂၊ တိုက်ခန်းတစ်ရာဆိုရင် ကားပါကင် ၁၂၀ လောက်တော့ ပေးသင့်တယ်လို့ ဒါကို စည်ပင်အနေနဲ့ဒါကို တင်းခံပြီး အဲဒါကို မလုပ်နိုင်ရင် ခွင့်မပြုဘူးဆိုရင် အဲဒါဖြစ်သင့်တာပေါ့”ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။

 

ပိုဆိုးဖို့ပဲ ရှိတယ်

“ကားပါကင်ကတော့ ပိုကောင်းလာစရာ အကြောင်းမရှိဘူး။ ပိုဆိုး ဖို့ပဲရှိတယ်” ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားခဲ့သည့်အတိုင်း မဖြစ်ပေါ်စေရန် ရန်ကုန်မြို့ကြီး၏ ကားပါကင် အနာရောဂါ သက်သာစေရန်မှာ လက်ရှိအစိုးရ တာဝန်ယူထားသူများ ဖြေရှင်းပေးရမည့်အကြောင်း အရာလည်းဖြစ်သည်။

အစိုးရတာဝန်ရှိသူများသည် ပြည်သူများ ကြုံတွေ့နေရသည့် လူမှုရေးအခက်အခဲများကို ဖြေရှင်းပေးရန် တာဝန်ရှိသည်။ ထို့ပြင်ပြည်သူများကလည်း ဥပဒေများ၊ စည်းကမ်းချက်များကိုလည်း တိတိကျကျ လိုက်နာသင့်ကြောင်း တိုက်တွန်းအပ်သည်။ အချိန်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ ရန်ကုန်မြို့၏ အခြေအနေများသည် ပြောင်းလဲလျက်ရှိသည်။ လက်ရှိတွင် ယာဉ်များ ရပ်နားထားရန်နေရာများသည် ယခင်ကထက် ပိုမိုကျပ်တည်းခက်ခဲလာသည်။

ထို့ကြောင့် ကားပါကင်ရပ်နားရန်နေရာ ရှားပါးလာမှု၊ ကားရပ်ရန် နေရာရှားပါးလာမှုကြောင့် နေရာလုပြီး လူမှုရေး ပြဿနာများ၊ အမှုအခင်းများ ဖြစ်ပွားနေမှုကို ထင်ဟပ်နိုင်စေရန်အပြင် ကားပါကင် အခက်အခဲ အကျပ်အတည်းသည် ပြည်သူများလိုလာနေသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။