မေယုတောင်ပေါ်တွင် တပ်မတော်နှင့် နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့များ အပြည့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

မေယုတောင်ပေါ်တွင် တပ်မတော်နှင့် နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့များ အပြည့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား
Published 15 August 2017

မောင်တောနယ်စပ်သို့ အစိုးရအဖွဲ့တာဝန်ရှိသူများ သြဂုတ် ၁၄ ရက်က လာရောက်စဉ် လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-သားရွှေဦး၊ ကစ္ဆပ)

မေယုတောင်ပေါ်တွင် တပ်မတော်နှင့် နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြည့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ကျေးရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိုင်းကြီးမြို တိုင်းရင်းသားကျေးရွာမှ ရွာသားများနှင့် သြဂုတ် ၁၄ ရက်က တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဦးညီပုက ပြောကြားသည်။

“လိုအပ်တဲ့ လုံခြုံရေးကိစ္စတွေလည်း မေယုတောင်ကြောပေါ်မှာ တပ်မတော်ရော နယ်ခြားစောင့်တွေရော တာဝန်ယူထားပြီးပြီ။ အရင်တုန်းက အောက်ခြေမှာတင် အခုဆိုရင် တောင်ပေါ်မှာ အပြည့်ယူထားပြီးပြီ။ ဘာမှစိုးရိမ်စရာမလိုဘူး” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

အကြမ်းဖက် သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် တပ်မတော်မှ သြဂုတ် ၁၁ ရက်မှစကာ အင်အားအများအပြား တိုးချဲ့ချထားခဲ့ကြောင်း သိရသည်။

ကျေးရွာသားများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်အပေါ် စိတ်မကောင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသတွင် ယခုကဲ့သို့ မြိုတိုင်းရင်းသားများ သတ္တိရှိရှိ ရပ်တည်နေထိုင်ကြသည်မှာ တစ်နိုင်ငံလုံးအတွက် ကျေးဇူးကြီးမားကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ပြီးခဲ့တဲ့ အဖြစ်အပျက်အတွက် စိတ်မကောင်းပါဘူး။ မိသားစုတွေနဲ့ ထပ်တူထပ်မျှ စိတ်မကောင်းပါဘူး။ အပေါ်ယံပြောတာမဟုတ်ဘဲ ရင်ထဲကနေ ပြောတာပါ။ ဒီလိုရပ်တည်နေတာကို ကျွန်တော်တို့ အထူးပဲဂုဏ်လည်းယူပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ တော်ရုံတန်ရုံ လူမနေနိုင်ပါဘူး။ မြိုမိသားစုတွေ အခုလိုနေရာမှာ ကြံ့ကြံ့ခံနေတာ၊ သတ္တိရှိရှိနေတာဟာ ကျွန်တော်တို့အတွက်တောင်မက တစ်နိုင်ငံလုံးအတွက်ပါ အင်မတန်မှ ကျေးဇူးကြီးတဲ့လူတွေလို့တောင် ပြောချင်ပါတယ်။ ဆက်ပြီးတော့မှ ရပ်တည်ပြီးတော့ ကျွန်တော်တို့နဲ့အတူ ဆက်ပြီးတော့ နေနိုင်အောင်လည်း ကြိုးစားစေချင်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက် အကြမ်းဖက်များက အကြမ်းဖက် သတ်ဖြတ်မှုများ တိုးမြှင့်ဆောင်ရွက်လာခဲ့ပြီး သြဂုတ် ၉ ရက်အထိ အကြမ်းဖက် သတ်ဖြတ်ခံရသဖြင့် သေဆုံးသူ ၅၉ ဦး ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိလာခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိထား၍ ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူကာ ဤသို့အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် အပြစ်မဲ့အရပ်သား ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သလို အစွန်းရောက်အကြမ်းဖက်များ၊ အစွန်းရောက် အားပေးကူညီသူများ အားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း၌ တိုးမြင့်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေးနှင့် လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent