အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဓာတ်လှေကားချို့ယွင်းပြီး လူကိုးဦးပိတ်မိ

အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဓာတ်လှေကားချို့ယွင်းပြီး လူကိုးဦးပိတ်မိ
Published 17 August 2017

ဓာတ်လှေကားချို့ယွင်း၍ ပိတ်မိနေသူများအား မီးသတ်တပ်ဖွဲ့ဝင်များက ကယ်တင်ရန်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပတ္တမြားဈေး အနောက်ဘက်ရှိ အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သြဂုတ် ၁၆ ရက်နံနက်က ဓာတ်လှေကားချို့ယွင်းပြီး ကိုးဦးပိတ်မိခဲ့သဖြင့် မီးသတ်တပ်ဖွဲ့မှ သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း အရှေ့ပိုင်း ခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။ သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဓာတ်လှေခါးကို အမျိုးသားကိုးဦး စီးနင်းအသုံးပြုရာ ဒုတိယထပ်နှင့် တတိယထပ်ကြား၌ ဓာတ်လှေကား စက်ချို့ယွင်းပြီး ပထမထပ်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အမျိုးသားကိုးယောက် ဓာတ်လှေခါးကို အသုံးပြုပြီး တက်လာတယ်။ ဒုတိယထပ်နဲ့ တတိယထပ်ကြားထဲမှာ ဓာတ်လှေကားက အလုပ်မလုပ်တော့ဘူး။ Shutdown လုပ်ပြီးတော့ Manual နဲ့ အလုပ်လုပ်ဖို့ ကြိုးစားသေးတယ်။ Manual နဲ့ အလုပ်လုပ်ဖို့ တပ်ဆင်ထားတဲ့ Function တွေက လွဲမှားနေတယ်။ Function တွေ လွဲမှားနေတဲ့အတွက် တာမွေ မီးသတ်တပ်ဖွဲ့ကိုခေါ်ရတယ်။ အဲဒီမှာပါတဲ့ အသက်ကယ်ကိရိယာတွေနဲ့ ကယ်ခဲ့ရတယ်”ဟု ၎င်းက ပြောကြားသည်။

ဓာတ်လှေကားစက်ချို့ယွင်းပြီး လူကိုးဦး ပိတ်မိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရပြီး ဓာတ်လှေကားတွင် လွဲမှားနေသည့် Function များကို ပြုပြင်ရန် ဓာတ်လှေကားတပ်ဆင်သည့် ကုမ္ပဏီကို အကြောင်းကြားထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးအရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွား ရောက်မေးမြန်းခဲ့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး အစည်းအဝေးတက်နေသောကြောင့် ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

Most Read

Most Recent