မူးယစ်ဆေးဝါး သုံးစွဲသူများအား လူမှုရေးအကျိုးပြုလုပ်ငန်းများ တစ်နေ့နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး နာရီ ၃၆၀ အထိ ဆောင်ရွက်ရမည့် အချက်များအပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော်အတည်ပြု

မူးယစ်ဆေးဝါး သုံးစွဲသူများအား လူမှုရေးအကျိုးပြုလုပ်ငန်းများ တစ်နေ့နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး နာရီ ၃၆၀ အထိ ဆောင်ရွက်ရမည့် အချက်များအပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော်အတည်ပြု
Published 17 August 2017

သြဂုတ် ၁၄ ရက်က လွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေး အကျိုးပြုလုပ်ငန်းများအား တစ်နေ့ နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး နာရီ ၃၆၀ အထိ ဆောင်ရွက်ရမည့် အချက်များ အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား သြဂုတ် ၁၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ အခန်း ၇ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်စေခြင်းအခန်းတွင် ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉ ပုဒ်မခွဲ (ဆ) အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့် ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင် ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြီးကြပ်သူရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်းသဘော မသက်ရောက်သည့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်လျက် တစ်နေ့ နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံးနာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင် ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ဒီမူးယစ်ဥပဒေကို ပြင်ဆင်တာကတော့ နိုင်ငံတကာမှာလည်း ဒီလိုပြစ်ဒဏ်တွေပေးတယ်။ အရင်က ဆေးပြား တစ်ပြားမိလည်း ဒီပြစ်ဒဏ်ပဲ။ အများကြီးမိလည်း ဒီပြစ်ဒဏ်ပဲဖြစ်နေတယ်။ ဒါကြောင့် ပြင်ဆင်ရခြင်းဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြင်သင့်တဲ့အတွက် အဆိုတင်လာခြင်းဖြစ်ပါတယ်။ အခုလို ပြင်ဆင်တာကို သဘောမတူသူတွေလည်း ရှိပါတယ်။ ဆေးသုံးစွဲသူတွေ များလာမယ် စသဖြင့်ပေါ့။ ဥပဒေဆိုတာကတော့ တစ်ခါတည်းပြင်လို့ မပြီးပါဘူး။ အသုံးပြုနေရင်းနဲ့ လိုအပ်တာတွေ တွေ့လာရင်လည်း ပြင်ဆင်ရမှာပါ” ဟု ပြောကြားသည်။

ဥပဒေကြမ်း၏ အပိုဒ် ၂၁ တွင် မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (က)တွင် ပုဒ်မ ၁၅ အရ ဆေးဝါးသုံးစွဲသူများအား လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်စေခြင်းမှအပ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်တတ်သူ သို့မဟုတ် ကျူးလွန်ကြောင်း ကျော်စောသတင်းရှိသူအား သုံးနှစ်ထက်မပိုသော ကာလအတွင်း ကောင်းမွန်စွာနေထိုင်စေရန် ခံဝန်ချုပ်ချုပ်ဆိုရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ပေးရေးနှင့်စပ်လျဉ်းပြီး စီမံချက်များ ချမှတ်၍ စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုများပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိစေရန် ရုပ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဌာန၊ ဂေဟာ သို့မဟုတ် အစိုးရက ဤကိစ္စအလို့ငှာ အသိအမှတ်ပြု ထားသည့် အနီးဆုံးဆေးကုဌာန၊ ဂေဟာသို့ ဆောလျင်စွာ ပို့အပ်ရမည်ဟု အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၉ (က) ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဌာန၊ ဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြု ဆေးကုသဌာန၊ ဂေဟာတွင် ဆေးကုသမှုခံယူ၍ မှတ်ပုံတင်ရမည်။ (ခ) မှတ်ပုံတင်ထားသော ဆေးဝါးသုံးစွဲသူအား ဆေးကုသပေးရေးနှင့် ဆေးကုသမှုပြီးဆုံးပါက သက်ဆိုင်ရာပြုစုပျိုးထောင်ရေးစခန်းသို့ လွှဲပြောင်းပေးပို့ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လိုအပ်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်သို့ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent