ရတနာ့ဂူပွဲတော် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ချိုးရေတော်သုံး အခမ်းအနား အကျဉ်းချုပ်ကျင်းပ

ရတနာ့ဂူပွဲတော် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ချိုးရေတော်သုံး အခမ်းအနား အကျဉ်းချုပ်ကျင်းပ
Published 18 August 2017

ရတနာ့ဂူပွဲနှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ချိုးရေတော်သုံးပွဲ အခမ်းအနား ကျင်းပသည်ကို သြဂုတ် ၁၇ ရက်က တွေ့ရစဉ်

မန္တလေးမြို့ အမရပူရမြို့နယ် လက်ဝဲမြင်းတိုင်ရပ်ရှိ ရတနာ့ဂူဘုရားပွဲနှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ချိုးရေတော်သုံးပွဲ အခမ်းအနားအား ဝါခေါင်လပြည့်ကျော် ၁၀ ရက် နံနက်ပိုင်းက ပုပ္ပားမယ်တော်ကြီး နတ်နန်းရှေ့တွင် အကျဉ်းချုပ်ကျင်းပမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ချိုးရေတော်သုံးပွဲ အခမ်းအနားအား ဂေါပကအဖွဲ့မှ ဦးဆောင်၍ ခွင့်ပြုသည့် အတိုင်းအတာအလိုက် ရိုးရာမပျက် အကျဉ်းချုပ်ကာ အသံချဲ့စက်ဖြင့် ပုပ္ပားမယ်တော်ကြီး နတ်နန်းရှေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ချိုးရေတော်သုံးပွဲ အခမ်းအနားကို ရိုးရာလည်း မပျက်အောင် သက်ဆိုင်ရာက ခွင့်ပြုတဲ့အတိုင်းအတာအရ ဆိုင်းဝိုင်းတွေ မပါဘဲ အသံချဲ့စက်နဲ့ပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ချိုးရေတော် သုံးတဲ့အခါမှာလည်း အရင်နှစ်တွေကလို မယ်တော်ကြီးရုပ်တု ပုံတော်တွေကို ဝေါယာဉ်တွေနဲ့ မပင့်ဆောင်တော့ဘဲ အရမ်းကြီး လူစုလူဝေး မဖြစ်စေဖို့အတွက် နန်းရှေ့မှာပဲ ချိုးရေတော်သုံးပွဲ ပြုလုပ်ခဲ့တယ်”ဟု ရတနာ့ဂူဂေါပအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောကြားသည်။

ရတနာ့ဂူဘုရားပွဲနှင့် ပုပ္ပါးမယ်တော်ကြီး နတ်ပွဲအား ရာသီတုပ်ကွေးအဖျားရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ်တွင် ပွဲဈေးတန်းများနှင့် နတ်နန်းခန်းများကို ခင်းကျင်း ကျင်းပခွင့် မပြုသော်လည်း ရိုးရာအစဉ်အလာအရ အကျဉ်းချုပ် ကျင်းပခွင့်ပြုထားကြောင်း သိရသည်။

“ချိုးရေတော်သုံးပွဲက အရင်နှစ်တွေကဆိုရင် တခမ်းတနား ကျင်းပတဲ့ပွဲ ဖြစ်တာကြောင့် အစည်ကားဆုံး ရက်ပါ။ ဒီနှစ်က ပွဲမဖြစ်တော့ အရင်လို ဖောင်တော်နဲ့ ချိုးရေတော် မသုံးဘဲ နတ်နန်းရှေ့မှာပဲ သုံးရတယ်ဆိုပေမယ့် နယ်ခံတွေကတော့ အရောက်လာကြတော့ အရင်နှစ်တွေကလို ကြက်ပျံမကျ မစည်ပေမယ့် သူအတိုင်းအတာနဲ့ သူတော့ စည်ကားပါတယ်” ဟု အမရပူရမြို့ခံ တစ်ဦးက ပြောကြားသည်။

ရတနာ့ဂူပွဲတော်ရက်များအတွင်း ချိုးရေတော်သုံး အခမ်းအနား ကျင်းပသည့် ဝါခေါင်လပြည့်ကျော် ၁၀ ရက်မှာ အစည်ကားဆုံးရက်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ချိုးရေတော်သုံးပွဲ အခမ်းအနားအား ရတနာ့ဂူဘု ရားရှေ့ရှိ ရတနာရွှေကြူချောင်းအတွင်း ငှက်လှေများအား ဖောင်အဖြစ်ပြုလုပ်ကာ မင်းခမ်းမင်းနား အစီအစဉ်ဖြင့် ကျင်းပလေ့ ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းကဲ့သို့ မဟုတ်ဘဲ အကျဉ်းချုပ်ကာ နတ်နန်းရှေ့တွင်သာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ လာရောက်လေ့ရှိသည့် တောင်ပြုန်းပွဲတော် ကျင်းပခွင့်အား ရောဂါ ထိန်းချုပ်နိုင်သည်အထိ ရက်ရွှေ့ဆိုင်းခဲ့ပြီး ရတနာ့ဂူပွဲတော်ကိုလည်း ပြည်သူလူထု ကျန်းမာရေး လုံခြုံမှုအတွက် ပွဲတော်ကဲ့သို့ ဈေးဆိုင်ခန်းများ၊ ဇာတ်အဖွဲ့များ၊ နတ်နန်းများ ဖွင့်လှစ်ခွင့်မပြုဘဲ အကျဉ်းချုပ် ကျင်းပရန်သာ ခွင့်ပြုထားသည့်အတွက် နတ်ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ အခမ်းအနားနှင့် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီးပြန်ပို့ပွဲများကို အကျဉ်းချုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရာသီတုပ်ကွေး H1N1 သံသယရှိလူ နာ ၂၀ ကျော် ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုအရ H1N1 ပိုးတွေ့လူနာ ၁၀ ဦးကျော် ရှိခဲ့ကာ H1N1 ပိုးဖြင့် သေဆုံးသူ တစ်ဦးသာလျှင် ရှိခဲ့ပြီး ကျန်သေဆုံးသူများမှာ နဂိုရောဂါအခံများကြောင့် ပိုးဝင်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent