ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိသည့် သိန်းပေါင်း ၁၄၀၀ ကျော် တန်ဖိုးရှိ စားသုံးရန် မသင့်နှင့် FDA ထောက်ခံချက် မပါသောပစ္စည်းများ မီးရှို့ဖျက်ဆီး

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိသည့် သိန်းပေါင်း ၁၄၀၀ ကျော် တန်ဖိုးရှိ စားသုံးရန် မသင့်နှင့် FDA ထောက်ခံချက် မပါသောပစ္စည်းများ မီးရှို့ဖျက်ဆီး
Published 18 August 2017

ဖမ်းဆီးရမိသော စားသောက်ကုန်များအား လားရှိုးမြို့၌ ဖျက်ဆီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ -ထွန်းနေလှိုင်)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိသည့် စားသုံးရန် မသင့်နှင့် FDA ထောက်ခံချက် မပါသော စားသောက်ကုန်ပစ္စည်းများအား မီးရှို့ခြင်းကို သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ရုံးဝန်းအတွင်း ပြုလုပ်ခဲ့သည်။

မီးရှို့ဖျက်ဆီးခဲ့သည့် ပစ္စည်းများတွင် တရုတ်နိုင်ငံလုပ် အချိုရည်များ၊ ခေါက်ဆွဲခြောက်များ၊ ပေါင်မုန့်လုပ် ကုန်ကြမ်းပစ္စည်းများ၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်များ၊
ကြက်ဥချောင်း၊ ဝက်အူချောင်းများ၊ ချိုချဉ်များ၊ ကျောက်ပွင့်များ၊ အစပ်မှုန့်များ၊ ငံပြာရည်များနှင့် အခြားစားသုံးရန် မသင့်သော အစားအစာများ၊ တရုတ်နိုင်ငံထုတ် ဖဲထုတ်များနှင့် တရုတ်နိုင်ငံထုတ် ဘီယာများ ပါဝင်ကြောင်း သိရသည်။

“ဒီနေ့ မီးရှို့ဖျက်ဆီးတာက ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှာ ဖမ်းဆီးရမိတဲ့ စားသောက်ကုန်ပစ္စည်း အများဆုံး ပါဝင်ပါတယ်။ လူသုံးကုန်မှာတော့ ဖဲထုပ်လိုမျိုးတွေ ပါဝင်ပါတယ်။ အဓိကတော့ စားသောက်ကုန်တွေ ပိုများပါတယ်။ သုံးစွဲရန်မသင့်တဲ့ ဆေးဘူးတွေလည်း ပါဝင်ပါတယ်။ ဒီကနေ့ ဖျက်ဆီးတဲ့ ဖမ်းဆီးရမိ ပစ္စည်းတွေကတော့ အမှုပေါင်း ၄၃ မှုက တန်ဖိုးအားဖြင့် သိန်းပေါင်း ၁၄၀၀ ကျော် ရှိပါတယ်။ သိန္နီရေပူ အမြဲတမ်းစစ်ဆေးရေး စခန်းမှာတော့ အများဆုံး သစ်နဲ့ ကျောက်စိမ်းတွေ အများဆုံး ဖမ်းဆီးရမိပါတယ်”ဟု လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးသန့်ဇင်ထွန်းက ပြောကြားသည်။

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိသည့် စားသုံးရန် မသင့်သည့် စားသောက်ကုန် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြိမ်အရေအတွက်မှာ ငါးကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လအတွင်း နှစ်ကြိမ်၊ မေလတွင် တစ်ကြိမ်၊ ဇွန်လတွင် တစ်ကြိမ်နှင့် သြဂုတ်လတွင် တစ်ကြိမ် စုစုပေါင်း ငါးကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးများမှာ ပထမအကြိမ်တွင် (၁၉၈) သိန်းကျော်၊ ဒုတိယအကြိမ်တွင် (၈၀၇) သိန်းကျော်၊ တတိယအကြိမ်တွင် (၅၁၈) သိန်းကျော်၊ စတုတ္ထအကြိမ်တွင် (၃၅၈) သိန်းကျော်၊ ယခု မီးရှို့သည့် ပဉ္စမအကြိမ်တွင် သိန်းပေါင်း (၁၄၀၀) ကျော် စုစုပေါင်း သိန်းပေါင်း (၃၂၈၁)သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

သိန္နီရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းသည် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်မှု လမ်းကြောင်းဖြစ်သည့် မူဆယ်နှင့် လားရှိုးကြားတွင် တည်ရှိကာ အဆိုပါစခန်းအား၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး တရားမဝင် ကုန်သွယ်မှုများ၊ စားသုံးရန် မသင့်သည့် စားသောက်ကုန်ပစ္စည်း သယ်ဆောင်ရောင်းဝယ်မှုများအား စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent