လက်ရှိ ဘဏ္ဍာနှစ် လေးလကျော်အတွင်း ကုန်သွယ်မှုလိုငွေ ယခင်ဘဏ္ဍာနှစ်များ ကာလတူထက် စံချိန်တင်မြင့်တက်

လက်ရှိ ဘဏ္ဍာနှစ် လေးလကျော်အတွင်း ကုန်သွယ်မှုလိုငွေ ယခင်ဘဏ္ဍာနှစ်များ ကာလတူထက် စံချိန်တင်မြင့်တက်
Published 19 August 2017

ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အရေးပါသော ရန်ကုန်မြို့အတွင်းရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

လက်ရှိ ဘဏ္ဍာနှစ် လေးလကျော် ကာလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော်သို့ ရောက်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၁၃၈၄ ဒသမ ၂၀၉ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၇၅၆ ဒသမ ၂၄၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ် သြဂုတ် ၁၁ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၁ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၀၀ ဒသမ ၈၅၇ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၅၈၃ ဒသမ ၃၅၂  သန်း ပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၇၇၄ ဒသမ ၀၈၀ သန်း ပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၇ ဒသမ ၈၃၁ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၁ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၄၆၅၂ ဒသမ ၅၅၂ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၇၃၁ ဒသမ ၆၅၇ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၀၇၉ ဒသမ ၁၀၅ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၁၃၃၀ ဒသမ ၀၉၄ သန်းသာ ဖြစ်ပေါ်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံ ရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ သန်း ၁၄၀၀၀ နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၅၀၀၀ ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ သန်း ၂၉၀၀၀ ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှု စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၅၅၉ ဒသမ ၉၀၄ သန်း ရှိခဲ့ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်သွယ်မှုဆိုင်ရာ နှိုင်းယှဉ်ချက် (ဒေါ်လာ၊ သန်း)

စဉ်               ကဏ္ဍ                        ၂၀၁၇-၂၀၁၈                            ၂၀၁၆-၂၀၁၇
(သြဂုတ် ၁၁ ရက်အထိ)             (သြဂုတ် ၁၁ ရက်အထိ)
၁။                ပို့ကုန်                     ၄၆၅၂ ဒသမ ၅၅၂                    ၄၁၄၈ ဒသမ ၉၃၃
၂။             သွင်းကုန်                  ၆၇၃၁ ဒသမ ၆၅၇                    ၅၄၇၉ ဒသမ ၀၂၇
၃။        ကုန်သွယ်မှုပမာဏ        ၁၁၃၈၄ ဒသမ ၂၀၉                 ၉၆၂၇ ဒသမ ၉၆၀
၄။        ကုန်သွယ်မှုလိုငွေ          ၂၀၇၉ ဒသမ ၁၀၅                   ၁၃၃၀ ဒသမ ၀၉၄

Most Recent