သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအပေါ် ထိခိုက်စေခြင်း၊ လူတစ်ဦးချင်းစီအပေါ် နစ်နာဆုံးရှုံးစေနိုင်သော အချက်များနှင့် ဆက်စပ်သည့် ပုဒ်မ ၆၆(ဃ) အား ပယ်ဖျက်ခြင်းမရှိဘဲ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအပေါ် ထိခိုက်စေခြင်း၊ လူတစ်ဦးချင်းစီအပေါ် နစ်နာဆုံးရှုံးစေနိုင်သော အချက်များနှင့် ဆက်စပ်သည့် ပုဒ်မ ၆၆(ဃ) အား ပယ်ဖျက်ခြင်းမရှိဘဲ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု
Published 19 August 2017

သြဂုတ် ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအပေါ် ထိခိုက်စေခြင်း၊ လူတစ်ဦးချင်းစီအပေါ် နစ်နာဆုံးရှုံးစေနိုင်သော အချက်များနှင့် ဆက်စပ်သည့် ပုဒ်မ ၆၆ (ဃ) အား ပယ်ဖျက်ခြင်းမပြုဘဲ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က သြဂုတ် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ချက်များဖြင့် ပေးပို့ထားရာ ပြင်ဆင်ချက် အဆိုတင်သွင်းသည့် ကိုယ်စားလှယ် ၁၄ ဦးက ပြင်ဆင်ချက်အဆို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ကာ ထိုသို့အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သုံးချက်ကို သဘောတူရန်နှင့် ပြင်ဆင်ချက်များအတိုင်း သဘောမတူသည့် အချက်သုံးချက်ကို ဥပဒေကြမ်းကော်မတီက တင်ပြခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့ပြင် ဥပဒေကြမ်း၏ အသစ်ဖြည့်စွက်ချက်ဖြစ်သည့် မည်သူမဆိုအောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူသည့် ပြဋ္ဌာန်းချက်ကို မည်သူမဆို အောက်ပါပုဒ်မ ခွဲ(က)၊ (ခ)နှင့်(ဂ)တို့ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မခွဲ(ဃ)ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ် ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြင်ဆင် အတည်ပြုခဲ့သည်။

ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပေးရန် တင်ပြခဲ့သော်လည်း ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု ပြင်ဆင်ရန် တင်ပြသဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုပါပုဒ်မကို ပယ်ဖျက်ခြင်းမပြုဘဲ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင် အဆိုပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါပုဒ်မမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ အဆိုပါပုဒ်မတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များအားလုံးသည် ရာဇသတ်ကြီးတွင် ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

“ဒါကြောင့် ပြစ်မှုတစ်ခုကို ဥပဒေနှစ်မျိုးနဲ့ အရေးယူသလို ဖြစ်နေပါတယ်။ ရာဇသတ်ကြီးမှာလည်း ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အပြင်ကို ၆၆(ဃ)မှာလည်း ဒီဥပဒေတွေကို ထပ်ပြီးတော့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးမှာ ကိုယ်၊ နှုတ်၊ အမူအရာ၊ စာနဲ့ကျူးလွန်ပါက အရေးယူနိုင်တယ်။ ဆက်သွယ်ရေးကွန်ရက်မပါဘူးလို့ မေးခွန်း ထုတ်စရာရှိပါတယ်။ ဒါပေမဲ့ သက်သေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ၂၀၁၅ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇၃ ပုဒ်မ ၃ မှာ Document ဆိုသည့် စကားရပ်အဓိပ္ပာယ်နောက်တွင် Electronic Record and Information are ဆိုသည့် စကားရပ်ကို ဖြည့်စွက်ထားပြီး ဖြစ်သည့်အတွက် အွန်လိုင်းပေါ်က ပြစ်မှုတွေ အားလုံးကို ရာဇသတ်ကြီးက လုံလုံလောက်လောက် အရေးယူလို့ ရပါတယ်။ ဒါကြောင့် ဥပဒေနှစ်ခုဖြစ်နေလို့ ဒီ ၆၆(ဃ)ကို ပယ်ဖျက်သင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ဆွေးနွေးစဉ် ပြောကြားသည်။

ထို့ပြင် ဥပဒေတစ်ခုပြဋ္ဌာန်းပါက ဥပဒေမူလပြဋ္ဌာန်းစဉ်က ရည်ရွယ်ချက် အမှန်တကယ်ရမရနှင့် ကျင့်သုံးပုံ မှန်မမှန်ဆန်းစစ်ရန် လိုအပ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်ထိ ကောက်ခံရရှိသည့် ၇၄ မှုကို လေ့လာကြည့်ရာတွင် အမုန်းစကားနှင့် ပတ်သက်သည့် အမှုတစ်ခုမျှ မပါဝင်သည်ကို တွေ့ရကြောင်း၊ ပုဒ်မ ၆၆(ဃ)ကို လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို တလွဲအသုံးပြုနေခြင်းကြောင့်၊ ပြည်သူကို ဒုက္ခပေးခဲ့၍ လွှတ်တော်က ဖျက်သိမ်းလိုက်သည့် ၁၉၅၀ အရေးပေါ် စီမံမှုဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ သန်းခေါင်စာရင်းဥပဒေများကဲ့သို့ ကျင့်သုံးပုံလွဲမှားမှုကြောင့် နာမည်ဆိုးနှင့် ကျော်ကြားနေခြင်းဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ၏ သတင်းဖော်ပြမှုကိုလည်း ထိခိုက်စေကြောင်း၊ Facebook တွင် အကောင့်အတု လုပ်ရသည်မှာ လွယ်ကူသောကြောင့် တစ်ဦးဦးအား အခြားတစ်ဦးဦးက ချောက်ချလိုပါက အကောင့်အတုဖွင့်ကာ အသရေဖျက်မှုတစ်ခု လုပ်လိုက်ရုံဖြင့် ချောက်တွန်းခံရသူသည် အာမခံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားရုံးတွင် ၎င်းမဟုတ်ကြောင်း သက်သေပြရန်အတွက် အမှုပြီးပြတ်သည်အထိ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် လူတစ်ဦး၏ ဂုဏ်သိက္ခာ၊ အချိန်၊ ငွေကြေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်မည်ဖြစ်သဖြင့် မိမိ၏ Profile အမှန်၊ အကောင့်အမှန်ဖြင့် အသုံးပြုသူများအပေါ် သက်ရောက်မှုရှိပြီး အကောင့်အတုများဖြင့် အွန်လိုင်းပေါ်တွင် စနစ်တကျ အမုန်းစကားများ၊ မမှန်သတင်းများ၊ ပုတ်ခတ်စော်ကားမှုများ ပြုလုပ်သူများကိုမူ အရေးမယူနိုင်ဘဲဖြစ်နေကြောင်း၊ ထိုသို့ဖြစ်ရသည်မှာ မညီမျှမှုပင်ဖြစ်နေပြီး ပြည်သူများကို လွတ်လပ်မှုအပ်နှင်းရန်၊ လွတ်လပ်မှု၏ အရသာကို ခံစားနိုင်ရန်အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်ပေးရန် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

ထို့အတူ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေးကလည်း အဆိုပါပုဒ်မ ၆၆(ဃ) ကို ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။

သို့ရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့သဖြင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ဥပဒေကြမ်းကော်မတီ၏ အဆိုပြုတင်ပြချက်သာ မဲအသာရရှိခဲ့ပြီး ပုဒ်မ ၆၆(ခ)ကို ပယ်ဖျက်ခြင်း မပြုဘဲ ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက်အတိုင်းသာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့အတူ ဥပဒေကြမ်း၏ အဆိုပြုပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၆၆ ပုဒ်မခွဲ(ဂ)၊ (ဃ)နှင့် ပုဒ်မ ၆၈ ပုဒ်မခွဲ(က)တို့ပါ ပြစ်မှုများမှတစ်ပါး ကျန်ပြစ်မှုများကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဟူသည့် စကားရပ်ကို မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ပယ်ဖျက်ရန် တင်ပြခဲ့ပြီး ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးက အဆိုပြု ပြဋ္ဌာန်းချက်အတိုင်းထားရှိရန် တင်ပြခဲ့သော်လည်း ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်၏ အဆိုပြုချက်အတိုင်း ဤဥပဒေအရ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု အဆိုပြုခဲ့၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

“ဒါတရားစွဲခံရသူကို ကာကွယ်ပေးတယ်လို့ အပေါ်ယံကြည့်ရင် မြင်နိုင်ပေမယ့် တကယ်တမ်းကျတော့ ဒါဟာအကျိုးသက်ရောက်မှု အကြောင်းအရာ ဖြစ်သွားပါတယ်။ အထက်အာဏာပိုင်တွေက အောက်ခြေပြည်သူတစ်ယောက်ကို တရားစွဲမယ်ဆိုရင် ရေစုန်ဆင်းရသလို ရှောရှောရှူရှူဖြစ်ပြီးတော့ အထက်အာဏာပိုင်တွေကို အောက်ခြေပြည်သူတစ်ယောက်က ပြန်ပြီးတော့ တရားစွဲမယ်ဆိုရင် ရေဆန်တက်ရသလို ခက်ခက်ခဲခဲ အခွင့်အရေးဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် လူတွေက အဂတိတရားလေးပါးဆိုတာ အနည်းနဲ့ အများ ရှိကြပါတယ်။ ကျွန်တော့်အနေနဲ့ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အထက်က အရာရှိတစ်ယောက် ဥပမာ ဆက်သွယ်ရေးဝန်ကြီးကို တရားစွဲမယ်ဆိုရင် ခွင့်ပြုမလား၊ အဲဒီလိုသူ့အထက်က ဝန်ကြီးတွေကိုစွဲရင် ခွင့်ပြုမလား၊ တာဝန်ရှိတဲ့သူတွေကိုစွဲရင် ခွင့်ပြုမလား၊ ဘယ်လိုမှမဖြစ်နိုင်လောက်အောင် အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ အောက်ခြေပြည်သူတွေကို စွဲမယ်ဆိုရင်တော့ ဒါဟာ အင်မတန်မှကို လွယ်သွားတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

Most Read

Most Recent