ဒေါ်လာ သန်း ၂၂၀ ရင်းနှီးမြှုပ်နှံထားသည့် Lotte Hotel, Resort & Service Apartment စီမံကိန်း လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်

ဒေါ်လာ သန်း ၂၂၀ ရင်းနှီးမြှုပ်နှံထားသည့် Lotte Hotel, Resort & Service Apartment စီမံကိန်း လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်
Published 20 August 2017


ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် Lotte Hotel, Resort & Service Apartment စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-Lotte)

ယခင်က တပ်မတော်အရာရှိကြီးများအား နေထိုင်ခွင့်ပေးခဲ့သော ဆင်ဖြူရှင်ရိပ်သာမြေနေရာတွင် ဆောင်ရွက်နေသည့် ဒေါ်လာသန်း ၂၂၀ ရင်းနှီးမြှုပ်နှံထားသော Lotte Hotel, Resort & Service Apartment စီမံကိန်းကို လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်ကြောင်း Lotte ၏ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ပြည်လမ်း (လှိုင်မြို့နယ်) ပေါ်တွင်တည်ရှိပြီး အင်းလျားကန်နှင့်လည်း ဆက်စပ်နေသည့် မြေနေရာတစ်ခုဖြစ်ကာ ၆ ဧကဝန်းကျင် ကျယ်ဝန်းသည်။ စီမံကိန်းတွင် ဟိုတယ်နှင့် Service Apartment အဆောက်အအုံနှစ်လုံးပါဝင်သည်။ ဟိုတယ်အဆောက်အအုံသည် အထပ်ပေါင်း ၁၅ ထပ်အမြင့်ရှိကာ အခန်းပေါင်း ၃၄၆ ခန်းပါဝင်ပြီး Service Apartment အဆောက်အအုံတွင် အထပ်ပေါင်း ၂၉ ထပ်ရှိကာ အခန်းပေါင်း ၃၁၅ ခန်းပါဝင်သည်။ Service Apartment တွင် အိပ်ခန်းတစ်ခန်းမှ လေးခန်းအထိပါဝင်သော အခန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းဆောင်ရွက်နေသော မြေနေရာသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့ကာ ၂၀၁၃ ခုနှစ်မေလတွင် ကိုရီးယားနှင့် မြန်မာနှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မြေကို BOT စနစ်ဖြင့် နှစ် ၇၀ စာချုပ်ဖြင့်ငှားရမ်းခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက် ချထားပေးခဲ့သည်။ စာချုပ်အရ တောင်ကိုရီးယား စုပေါင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့က ၈၅ ရာခိုင်နှုန်း၊ IGE က ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ တောင်ကိုရီးယား စုပေါင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့တွင် KDB Daewoo Securities က ၃၉ ရာခိုင်နှုန်း၊ Daewoo International က ရာခိုင်နှုန်း ၃၀၊ Posco E & C က ရာခိုင်နှုန်း၂၀၊ Lotte က ၁၀ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

Lotte Hotel, Resort & Service Apartment စီမံကိန်းကို တောင်ကိုရီးယား ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော Posco E & C မှ တာဝန်ယူ ဆောက်လုပ်ပေးခြင်းဖြစ်ပြီး Lotte က ဟိုတယ်နှင့် Service Apartment စီမံခန့်ခွဲမှုများကို ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် ကိုရီးယားနှင့် နိုင်ငံတကာ စားသောက်ဆိုင်များ၊ မင်္ဂလာဧည့်ခံပွဲအပါအဝင် ပွဲအမျိုးမျိုးပြု လုပ်နိုင်မည့်ခန်းမများ၊ ရေကူးကန်၊ Gym & Fitness စင်တာစသည်တို့ပါဝင်သည်။

ရန်ကုန်မြို့ရှိ Lotte Hotel သည် ယင်းလုပ်ငန်းစု၏ ရှစ်လုံးမြောက် ပြည်ပဟိုတယ်ဖြစ်လာပြီး အခြားဟိုတယ်များကို အမေရိကန်၊ ရုရှား၊ ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်နိုင်ငံတို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။