ရာထူးတိုးစာမေးပွဲဖြေဆိုရန် ဖိအားပေးခြင်းခံရသည့်အတွက် နည်းပညာတက္ကသိုလ်မှ ဆရာဆရာမများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် လမ်းမပေါ်အထိ တက်ရောက်တောင်းဆိုသွားမည်ဟုဆို

ရာထူးတိုးစာမေးပွဲဖြေဆိုရန် ဖိအားပေးခြင်းခံရသည့်အတွက် နည်းပညာတက္ကသိုလ်မှ ဆရာဆရာမများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် လမ်းမပေါ်အထိ တက်ရောက်တောင်းဆိုသွားမည်ဟုဆို
Published 20 August 2017


နည်းပညာတက္ကသိုလ် မန္တလေးမှ ဆရာ/ဆရာမများအား တွေ့ရစဉ်

နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများအနေဖြင့် ရာထူးတိုးစာမေးပွဲဖြေဆိုရန် ဖိအားပေးခြင်းခံရသည့်အတွက် သြဂုတ် ၁၉ ရက် မနက် ၁၁ နာရီက Mandalay Media Centre တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မျှတသည့်မူဝါဒများ ချမှတ်မပေးလျှင် နောက်ဆုံးအဆင့် လမ်းမပေါ်ထိ တက်ရောက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုကျွန်မတို့လုပ်ရတဲ့ သတင်းစာရှင်းပွဲမှာ တင်ပြပေးချင်တာကတော့ BRC Campaign ရဲ့ရည်ရွယ်ချက်ရယ် ဘာကြောင့်လုပ်ရတယ်ဆိုတာ အဓိကပြောချင်ပါတယ်။ ကျွန်မတို့ BRC Campaign စလုပ်ကာစတုန်းကတော့ ရာထူးတိုးမူဝါဒ မျှတရေးနဲ့ နစ်နာမှုများကို ဖြေရှင်းပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားခဲ့ပါတယ်။ ၃၁.၇ လမှာစတင်လှုပ်ရှားခဲ့ပြီး ၄ ရက်နေ့အထိပဲ လုပ်မယ်လို့ စီစဉ်ထားခဲ့ပေမယ့် ၃ ရက်နေ့မှာ လ/ထ ကထိကတွေရဲ့ ရာထူးတိုးတွေထွက်သွားခဲ့ပြီး ကျွန်မတို့ကမပါခဲ့ပါဘူး။ ကျွန်မတို့ရဲ့ ငြိစွန်းမှုမရှိတဲ့ မူဝါဒအသစ်တစ်ခုဖြစ်တဲ့ ရေးဖြေစာမေးပွဲဖြေမှ ရာထူးတိုးမယ်ဆိုပြီး မူဝါဒဆွဲပြီး စာမေးပွဲဖြေခိုင်းခဲ့တဲ့အတွက် မဖြေနိုင်ဘူးဆိုတာကို ကြော်ငြာခဲ့တယ်။ ပါချူပ်အစည်းအဝေးကနေတစ်ဆင့် ဖြေဖို့ဖိအားပေးခြင်းခံရပါတယ်။ လုံးဝမဖြေကြားနိုင်ဘူးဆိုတာရယ်။ မကြာခဏ ပြောင်းလဲနေတဲ့မူဝါဒကို ကျွန်မတို့ဘက်က လုံးဝမျှတမှုမရှိဘူးဆိုတာကို သိစေချင်ပါတယ်။ နိုင်ငံတော်ပုန်ကန်တာ၊ မူဝါဒကိုဆန့်ကျင်တာ တစ်ခုမှမပါပါဘူး။ ဒီပညာရေးဝန်ကြီးဌာနရဲ့ တာဝန်ယူမှုကင်းမဲ့တဲ့ မဖြေရှင်းပေးတဲ့ ပြဿနာတွေအတွက်ကို တင်ပြခြင်းသာဖြစ်ပါတယ်။ နောက်ဆုံးဘယ်လိုမှမရတဲ့ အဆုံးမှာလမ်းပေါ်ထွက်ပြီး မူဝါဒမျှတရေးကို တောင်းဆိုဖို့အထိရှိပါတယ်။ အခုနိုင်ငံတော် အတိုင်ပင်ခံအထိကို စာတင်ထားပါတယ်။ မြန်နိုင်သမျှမြန်အောင် စီစဉ်မှာပါ” ဟု နည်းပညာတက္ကသိုလ် မန္တလေးမှ သရုပ်ပြဆရာမ ဒေါ်ယဉ်ဝေလွင်က ပြောကြားသည်။

အဆိုပါ ဖဲကြိုးပြာလှုပ်ရှားမှုကို ၂၀၁၇ ခုနှစ်ဇူလိုင် ၃၁ ရက်မနက်မှ စတင်ကာပြုလုပ်ခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ DTVET ဦးစီးဌာနအနေဖြင့် GTHS၊ GTI၊ GTC အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများအတွက် အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇) ဖြင့် ရာထူးတိုးအော်ဒါများ တိုးမြှင့်ပေးခဲ့ကြောင်း၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ/ဆရာမများထံမှ ရာထူးတိုးနစ်နာမှုများကို စစ်တမ်းများကောက်ယူခဲ့ကြောင်း၊ ရာထူးတိုး မညီမျှမှုနစ်နာမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများသိရှိနိုင်ရန် ဖဲကြိုးပြာလှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျွန်တော်တို့ကျောင်းကို ၁၃.၅.၂၀၁၆ ရက်က တွေ့ဆုံပွဲလာခဲ့ပါတယ်။ ဆရာတစ်ယောက်ရဲ့ ရာထူးတိုးနစ်နာမှုများကို တင်ပြတဲ့အခါမှာ ဝန်ကြီးကနောင်လာမယ့် ရာထူးတိုးတွေနဲ့ပတ်သက်လို့ အားလုံးဝန်ကြီးဌာန တစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့် အားလုံးကတစ်ပြေးညီ ဖြစ်စေရမယ်လို့ အားလုံးကတစ်ပြေးညီ ဖြစ်ရစေမယ်လို့ အာမခံခဲ့တဲ့ ကတိကဝတ်ရှိပါတယ်။ အဲဒီလိုကတိကဝတ်ခံခဲ့ပြီး ၁၀.၈.၂၀၁၆ မှာတော့ ကျွန်တော်တို့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက နည်းပြ/သရုပ်ပြတွေက ကထိကရာထူးတိုးခဲ့တယ်။ နည်းပညာတက္ကသိုလ်တွေက နည်းပြသရုပ်ပြတွေက အခုချိန်ထိ လ/ထ ကထိက အဆင့်မြင့်ရာထူးမရရှိခဲ့ပါဘူး” ဟု မန္တလေးနည်းပညာတက္ကသိုလ် မြန်မာစာမှ သရုပ်ပြဆရာ ဦးမင်းမင်းသန်းက ပြောကြားသည်။

အဆိုပါ Campaign ကို မျှတမှုရှိသည့် ရာထူးတိုး မူဝါဒလမ်းစဉ်ချမှတ်ပေးသည်အထိ ရက်အကန့်အသတ်မရှိ Blue Ribbon Campaign ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် ရာထူးတိုးရန်အတွက် လျှောက်လွှာများ လေးကြိမ်တိတိတင်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက် ရက်စွဲဖြင့် ရာထူးတိုးစာမေးပွဲဖြေဆိုရန် အမိန့်ကြော်ငြာစာ ထွက်လာကြောင်း၊ သရုပ်ပြဆရာ၊ ဆရာမများမှ ရာထူးတိုးစာမေးပွဲ ဝင်ရောက်ဖြေဆိုမည်မဟုတ်ကြောင်း၊ တိကျသော မူဝါဒလမ်းစဉ်များ ချမှတ်ပေးရေးနှင့် နစ်နာမှုများအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရာထူးတိုးစာမေးပွဲဖြေဆိုရန် ဖိအားပေးခြင်းခံရသောကြောင့် သတင်းစာရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ရာထူးတိုးအတွက် လျှောက်ထားသည့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမဦးရေ ၁၈၀၀ ကျော်ခန့်ရှိကြောင်း၊ ရာထူးတိုးမျှတသည့် မူဝါဒများချမှတ်ပေးရေးနှင့် နစ်နာမှုများကို နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်အထိ စာတင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ဆရာ/ဆရာမတွေ ရာထူးတိုးစာမေးပွဲမဖြေပါဘူး။ မဖြေချင်ပါဘူးလို့ အကြိမ်ကြိမ် တင်ပြထားပါတယ်။ ဒါပေမဲ့လည်း မနေ့က ရာထူးတိုးစာမေးပွဲဖြေရမယ်ဆိုပြီး သူတို့ဘက်က လုပ်လာပါတယ်။ သူတို့ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ အတင်းဇွတ်စီစဉ်တယ်လို့ ယူဆပါတယ်။ အဲဒီအတွက် ဆရာ/ဆရာမတွေဘက်က ဘာဖြစ်ချင်လည်း ဖြစ်ချင်တာတွေကို တစ်တပ်တစ်အားနဲ့ နည်းပညာတက္ကသိုလ် မန္တလေးဆရာများသမဂ္ဂကနေ ပါဝင်ဆောင်ရွက်ပေးသွားမှာပါ” ဟု နည်းပညာတက္ကသိုလ် မန္တလေးဆရာများသမဂ္ဂမှ ဥက္ကဋ္ဌဦးကျော်ကျော်က ပြောကြားသည်။

Writer - သီရိ

Most Read

Most Recent