နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာမည် ဆိုပါက ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူပြီးမှသာ MoU ရေးထိုးရမည်

နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာမည် ဆိုပါက ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူပြီးမှသာ MoU ရေးထိုးရမည်
Published 20 August 2017

နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော INGO၊ NGO များ အနေဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာမည် ဆိုပါက ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူပြီးမှသာ MoU ရေးထိုးရမည်ဖြစ်ကြောင်း၊ ကောင်းကျိုးမပေးသည့် INGO များအား ဝင်ခွင့်ပေးမည် မဟုတ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

သြဂုတ် ၁၉ ရက်က စစ်တွေဟိုတယ်၌ ပြုလုပ်သော ပြည်နယ်အစိုးရ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် သတင်းမီဒီယာတို့၏ နှီးနှောဖလှယ်ပွဲအပြီးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး အချို့သော INGO၊ NGO များ အနေဖြင့် ဘက်လိုက်လုပ်ဆောင်၍ ခွဲခြားဆက်ဆံနေမှုများကို တွေ့ရှိနေရကြောင်း ဝန်ကြီးက ပြောကြားသည်။

“ပြည်ထောင်စု အစိုးရနဲ့ MoU ထိုးတဲ့ INGO၊ NGO တွေအနေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ကို နောက်ပိုင်းဆိုရင် ယူရပါလိမ့်မယ်။ နောက်ပြီးတော့ သူတို့ရဲ့ Mandate တွေ၊ MoU တွေ၊ Plan  အသေးစိတ်ကိုလည်း ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို လာလို့ရှိရင် ပြကိုပြရပါလိမ့်မယ်။ ပြပြီးမှ ကျွန်တော်တို့က ခွင့်ပြုသင့်တယ်လို့ ယူဆရင် ဥပဒေနဲ့အညီ ခွင့်ပြုမယ်။ ခွင့်မပြုသင့်တဲ့ အဖွဲ့တွေကိုတော့ ပြည်ထောင်စု အစိုးရနဲ့ ကျွန်တော်တို့ ပြန်လည်ညှိနှိုင်း ဆွေးနွေးပါမယ်။ ပြီးတော့ မြေပြင်မှာ ပေးနေတာတွေ အကုန်လုံးကတော့ တိုင်းရင်းသား လူမျိုးတွေထက် တစ်ဖက်အဖွဲ့အစည်းကို ပိုပြီးပေးနေတာကို တွေ့နေရပါတယ်။ မျှတမှုတော့ ဒီနေ့အခြေနေမှာ ရှိတယ်လို့ ပြောလို့ မရဘူး။ ပြီးတော့ သူတို့ကို Action ယူဖို့ဆိုတာထက် ပြည်နယ်စုအစိုးရနဲ့ MoU ရေးထိုးထားလို့ ရှိရင်တော့ အခုနက ကျွန်တော် ပြောသလိုပါပဲ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ဒေသမှာ အကူအညီပေးမယ် ဆိုလို့ရှိရင် အကုန်လုံး မျှမျှတတ ဖြစ်ရပါလိမ့်မယ်။ INGO၊ NGO အားလုံးကိုတော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တောင်သူတွေအတွက် အကျိုးပြုတဲ့ NGO တွေလည်း ရှိပါတယ်။ ဒေသမှာ အနှောင့်အယှက်ဖြစ်မယ့်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ NGO အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒေသတွင်း အကျိုးရှိမယ့် အဖွဲ့အစည်းဆိုရင် ဘယ်အဖွဲ့အစည်းမဆို ပြည်ထောင်စုနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်။ တကယ်လို့ ဒေသအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် ဘယ် NGO အဖွဲ့အစည်းမဆို၊ ဘယ်လောက်ပဲ ဖိအားပေးပေး ကျွန်တော်တို့ကတော့ လုံး၀ လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေ ဆန္ဒပြတာကိုလည်း ကန့်ကွက်စရာ မရှိဘူး။ အဲဒီအပေါ်မှာ ဥပဒေနဲ့အညီ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် INGO များ အနေဖြင့် ခွဲခြားဆက်ဆံသည်ဟု ဆိုကာ ရခိုင်ပြည်နယ် အတွင်းမှ ထွက်သွားပေးရေးအတွက် သြဂုတ် ၁၃ ရက်က ရခိုင်ပြည်နယ်ရှိ မြို့အများစုနှင့် ကျေးရွာကြီးများတွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မှုများ ရှိခဲ့ကြောင်း သိရပြီး လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း INGO အဖွဲ့ ၇၀ ခန့် ရှိကြောင်း သိရသည်။

Most Read

Most Recent