ကဆုန်းဒေသမှ စစ်ဘေးဒုက္ခသည်များအား ကူညီရန်လာသည့် ဖားကန့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ လိုင်စင်မဲ့ ယာဉ်လေးစီးကို အမှုဖွင့်ထားပြီး ကာမိုင်းရဲစခန်း၌ လူစုလူဝေးဖြင့် ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့

ကဆုန်းဒေသမှ စစ်ဘေးဒုက္ခသည်များအား ကူညီရန်လာသည့် ဖားကန့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ လိုင်စင်မဲ့ ယာဉ်လေးစီးကို အမှုဖွင့်ထားပြီး ကာမိုင်းရဲစခန်း၌ လူစုလူဝေးဖြင့် ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့
Published 20 August 2017

ကဆုန်းဒေသမှ စစ်ဘေးဒုက္ခသည်များကို ကူညီရန် လာသည့် ဖားကန့်မြို့မှ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ လိုင်စင်မဲ့ ယာဉ်လေးစီးကို သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်ထားပြီး သြဂုတ် ၁၉ ရက်တွင် ကာမိုင်းရဲစခန်းအနီးတွင် လူစုလူဝေးဖြင့် ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးနော်လောန်က “မနက် ၁၁ နာရီကတော့ အမျိုးသမီးတွေနဲ့ ရဲတပ်ဖွဲ့တွေ အဓိကရုဏ်း ဖြစ်ကြတယ်။ ပုတ်လား၊ ရိုက်လား ဖြစ်သွားတာ။ အမျိုးသမီးသမီးတစ်ဦးက ကာမိုင်းဆေးရုံ ပို့လိုက်ရတယ်။ ဒီမှာလည်း လူတွေက တစ်ရာကျော်၊ နှစ်ရာလောက် ဖြစ်နေတယ်။ ဦးယော်ထုံနဲ့ လဘန်ရှိန် နှစ်ဦးကို ရဲက ခေါ်သွားတယ်။ အခြေအနေက လူစုလူဝေး ဖြစ်နေတယ်။ အားလုံးကလည်း ဒီကိစ္စ မတရားဘူး ထင်နေကြတာလေ။ အခုတော့ ရဲတွေက စခန်းကုန်းမှာ ထမင်းစားနေကြတယ်။ ကျွန်တော်တို့ လူအုပ်ကြီးက အောက်ဘက်မှာပါ။ လိုင်စင်မဲ့ကား ဖမ်းရင်လည်း အားလုံးဖမ်းကြပေါ့။ ဒီလို ကွက်ပြီးဖမ်းတာ မလိုချင်ဘူးဆိုပြီး လူတွေက မကျေနပ်ဘူးလေ။ ကျွန်တော်တို့ကတော့ တပ်က အဆင့်ဆင့်ညွှန်ကြားပြီး ဖမ်းတယ်လို့ သိရတယ်။ အခု စခန်းကလူတွေ စီးနေတဲ့ကားလည်း Without တွေပဲလေ” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်ပြည်နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ သြဂုတ် ၁၈ ရက်က ယင်းဂိတ်တွင် လိုင်စင်မဲ့ကား ရှစ်စီးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း၊ ကာမိုင်းရဲစခန်း အနီးတွင် လူစုလူဝေးဖြင့် ဆူပူမှု ဖြစ်နေသဖြင့် ရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ချထားကြောင်း ပြည်နယ်ရဲမှူးကြီးက ပြောကြားသည်။

ကချင်ပြည်နယ်မှ ရဲမှူးကြီးထွန်းဦးက “မနက်ပိုင်းက လူစုလူဝေးနဲ့ ဆူပူမှုဖြစ်လို့ ရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားပါတယ်။ သူတို့ပါလာတဲ့ ယာဉ်ရှစ်စီးထဲက လေးစီးက တရားမဝင်မို့ သြဂုတ် ၁၈ ရက်က ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နဲ့ အရေးယူထားပါတယ်။ သိမ်းလို့တော့ မရသေးပါဘူး။ တစ်ဦးကိုလည်း ဖမ်းထားပါတယ်။ ဖမ်းတာက ကွက်ပြီးဖမ်းတာ မဟုတ်ပါဘူး။ မိုးမောက်မှာ ဆိုင်ကယ်နဲ့ မိုင်းခွဲ လုပ်ကြံမှု ပြီးကတည်းက လုံခြုံရေး အစည်းအဝေးမှာ တရားမဝင်ကားတွေကိုလည်း ဖောက်ခွဲမှုမှာ အသုံးပြုလာနိုင်လို့ ပညာပေး ကာလအဖြစ် သြဂုတ် ၁၆ ရက်အထိ ဂိတ်တွေမှာ ကြေညာထားပါတယ်။ ဖားကန့်က အဖွဲ့တွေကို ဖမ်းတာက သြဂုတ် ၁၇ ရက်မှာပါ။ အားလုံး လိုင်စင်မဲ့ကား ရှစ်စီး ဖမ်းထားပါတယ်။ နန့်စီးအောင်၊ ဗန်းမော်၊ ရွှေကူဂိတ်တွေမှာက ပညာပေးကာလ မရှိပါဘူး။ အရင်ကတည်းက ဖမ်းနေပါပြီ။ အခု ပြည်နယ်အစိုးရရုံးမှာ စည်းဝေးပြီး ပညာပေးကာလကို သြဂုတ်လကုန်အထိ ပြန်သတ်မှတ်ထားပါတယ်။ အခု ကာမိုင်းစခန်းမှာ အမှုဖွင့်ထားတာက ပြန်ဖြုတ်လို့ မရပါဘူး” ဟု ပြောကြားသည်။

လှူဒါန်းရန်ပါဝင်သည့် ပစ္စည်းများ ပို့ဆောင်ရန်အတွက်လည်း ကားများ အဆင်သင့် လုပ်ပေးထားပြီး အဓိကရုဏ်း ဖြစ်လာပါက ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) သည် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သော ပုဒ်မဖြစ်ပြီး အာမခံ မရကြောင်း သိရသည်။

ယင်းအဖွဲ့၏ အခက်အခဲများကို ပြည်နယ်အစိုးရနှင့် တိုင်ပင်ပြီး ကူညီနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြည်နယ်အစိုးရနှင့် ဆွေးနွေးထားပြီး မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို မသိရသေးကြောင်း ပြောကြားသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့က သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပါဂျဲရိုးယာဉ် ရှစ်စီးဖြင့် လူ ၃၀ ကျော်နှင့် ကူညီရန် ပစ္စည်းများ တင်ဆောင်ပြီး ထွက်လာစဉ် ကာမိုး-လဝါး စုပေါင်းဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ကဆုန်းဒေသမှ စစ်ရှောင်သူများသည် သြဂုတ် ၁၁ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများကြောင့် နမ္မတီးမြို့ လမ်းခွကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ၅၉၃ ဦး၊ ရိုမန်ကစ်သလစ် ဘုရားကျောင်းတွင် ၅၅၂ ဦးရှိပြီး စုစုပေါင်း ၁၀၄၇ ဦးရှိကြောင်း၊ ကျောင်းသားကျောင်းသူ ၃၂၅ ဦး ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent