လူထုအတွက် ကျန်းမာရေးအာမခံစနစ် မလုပ်ပေးနိုင်တော့ဘူးလား

လူထုအတွက် ကျန်းမာရေးအာမခံစနစ် မလုပ်ပေးနိုင်တော့ဘူးလား
Published 21 August 2017

ပြည်သူ့ဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူနေသူတစ်ဦးအား တွေ့ရစဉ်

“နိုင်ငံတော်က ဆေးတွေကို ဝေစုချပေးတယ်။ ဒါပေမဲ့ ဝေစုချပေးတဲ့ ဆေးက မလုံလောက်တဲ့အတွက် ကြောင့်မိုလို့ ခင်ဗျားတို့အတွက်ကို ကျွန်တော်တို့က ဆေးမပေးနိုင်ဘူး။ အဲဒီတော့ ခင်ဗျားတို့ကို ဆေးတောင်းဖို့ ရဖို့အတွက် ချပ်သင်းဆေးရုံမှာ ဆေးမရှိပါဘူးဆိုတဲ့အကြောင်း ကိုတိုင်ဖို့တောဖို့အတွက် လိပ်စာလည်း ထုတ်ပေးထားတယ်။ တိုင်ဖို့ တောဖို့ဆိုတာက အဲဒီကိုတိုင်မှ ဆေးကရမှာ”အထက်ပါ စကားကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဦးကျော်မျိုးဇော်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ ချပ်သင်းတိုက်နယ် ပြည်သူ့ဆေးရုံရှေ့မှာ ကျူရှင်ဆရာသုံးဦးနဲ့ ချပ်သင်းတိုက်နယ်ဆရာဝန်တို့ အပြန်အလှန်ပြောဆိုမှုတွေ ပြုလုပ်တဲ့အခါမှာ ချပ်သင်းတိုက်နယ် ဆရာဝန် ဒေါက်တာ ဦးကျော်မျိုးဇော်က ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒေါက်တာ ကျော်မျိုးဇော်က ချပ်သင်းတိုက်နယ် ပြည်သူ့ဆေးရုံက လူနာတွေအတွက် ဆေးထိုးအပ်တွေ မရှိတဲ့အပြင် အစိုးရထောက်ပံ့ပေးတဲ့ ပါရာစီတမော့ တောင်ကုန်နေတဲ့အတွက် သူတို့ဘာသာ အကုန်အကျခံဝယ်ပြီး စိုက်ထုတ်ပေးထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာအပေါ်မှာ ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူရော မျှဝေသူတွေပါ အလွန်များပြားခဲ့ပြီး ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ အများအပြား ရှိလာခဲ့ပါတယ်။

ဒီနေရာမှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက် အဓိကအချက်နှစ်ချက်ကို တွေ့ရပါတယ်။ အဲဒီနှစ် ချက်ကတော့  ဆရာဝန်လိုအပ်ချက်နဲ့ ဆေးဝါးမလုံလောက်မှုပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီနှစ်ချက်က အခုမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ အရင်အစိုးရအဆက်ဆက် ကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ချပ်သင်းကိစ္စကြောင့် ဒီအကြောင်းအရာ နှစ်ချက်က ဘယ်လိုဖုံးကွယ်လို့ မရတော့ဘဲ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ပေါ်လာပါတော့တယ်။

ဒါပေမဲ့ ၂၀၁၇ ခုနစ် ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြယ်ပွင့်ပြမေးခွန်းတွေကို ပြန်လည်ဖြေကြားရာမှာ တိုက်နယ်ဆရာဝန်တွေက လိုအပ်တဲ့ ဆေးဝါးတွေကို ဘယ်လိုမှာရမှန်း မသိတဲ့အတွက် မမှာတာဖြစ်ပြီး ဆေးပြတ်လပ်မှုမရှိဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“တိုက်နယ်ဆရာဝန်များသည် သူတို့လိုတဲ့ဆေးကို ဘယ်လို မှာရမလဲဆိုတာ သိမယ်။ သူတို့က မသိတဲ့အတွက် မမှာဘူးဖြစ်နေတာ။ သူတို့မှာရင် ဆေးကအကုန်ရှိတယ်။ ဆေးပြတ်လပ်မှုဆိုတာ မရှိသလောက်ပါပဲ။ ရှားပါးတဲ့ဆေးသာ မရှိတာပါ။ သိပ်ဈေးကြီးတဲ့ဆေး၊ အစိုးရကလည်း ဘတ်ဂျက်တွေအများကြီး ချပေးထားတဲ့အတွက် ဆေးပြတ်လပ်မှုဆိုတာ မရှိပါဘူး။ အများသုံးတဲ့ဆေးက လုံးဝမပြတ်လပ်ပါဘူး။ အောက်ဆီဂျင်ဘူးတို့ အသက်ကယ်ဆေးတို့ ပြတ်တယ်ဆိုတာ လုံးဝမရှိနိုင်ပါဘူး” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးက ဆေးရုံတွေကို ဆေးခွဲတမ်းပေးရာမှာ အရင်တုန်းကလို မဟုတ်ဘဲ ဆေးရုံတွေက တစ်နှစ်စာ ကိုယ်လိုအပ်မယ့်ဆေးစာရင်းကို အရင်ကြိုပေးထားရတယ်လို့ သိရပါတယ်။ ဘတ်ဂျက်ကျလာပြီဆိုတာနဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ခွဲဝေပေးလိုက်ပြီး တင်ဒါခေါ်ဝယ်ယူရတာ ဖြစ်တယ်လို့ ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးဆက်သွေးက ဆိုပါတယ်။

“ကျွန်တော်တို့က ဆေးဝါးကို ဘယ်လိုပုံစံနဲ့ ပေးနေလဲဆိုရင် ဆေးရုံတွေကနေ လိုအပ်တဲ့ တစ်နှစ်စာကုန်ကျမယ့်စရိတ်ကို နောက်နှစ်အတွက် တောင်းယူလိုက်တယ်။ ရလာတဲ့ဘတ်ဂျက်တွေကို တိုင်းနဲ့ပြည်နယ်အလိုက် ခွဲပေးလိုက်တယ်။ ခွဲပေးလိုက်တဲ့ အချိန်မှာ ဘယ်လိုဖြစ်လဲဆိုရင် ဗဟိုအဆင့်ဆေးရုံကြီးတွေဆိုတာ ရှိတယ်။ အဲဒီဆေးရုံကြီးတွေကတော့ ကိုယ့်ဆေးရုံအတွက် ကိုယ့်ဘာသာကိုယ် ပိုက်ဆံကိုင်ပြီး ဝယ်ရတယ်။ ကိုယ့်ဟာနဲ့ ကိုယ်တင်ဒါခေါ်ပြီးဝယ်ပေါ့။ အဲဒီတော့ အဲဒီဆေးရုံတွေက ပြဿနာ မဖြစ်ဘူး။ အထူးသဖြင့် မြို့နယ်၊ တိုက်နယ်ဆေးရုံတွေကျတော့ သူတို့ဟာနဲ့ သူတို့လိုချင်တဲ့ဆေးဝါးကို ဝယ်ခွင့်မရှိဘူး။ တိုင်းနဲ့ ပြည်နယ်တွေက ဝယ်ပေးတယ်။ ချပ်သင်းဆိုရင် ချပ်သင်းတိုက်နယ်ဆေးရုံအတွက် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးမှာရှိတဲ့ တိုက်နယ်ဆေးရုံလေးတွေ၊ မြို့နယ်ဆေးရုံလေးတွေ ခုတင် ၁၀၀ နဲ့အောက် ဆေးရုံတွေအားလုံးအတွက် စစ်ကိုင်းတိုင်းကနေပြီးတော့ ဝယ်ပေးရတယ်။ သူတို့ဆီကနေမှ မနှစ်က ဆေးဝါးလိုအပ်ချက်တွေကို တောင်းခံပြီးမှ တွက်ချက်ပြီးမှ ဝယ်ပေးတာပေါ့။ ဝယ်ပေးပြီးရင် သူတို့ဆီမှာ ကုမ္ပဏီကနေပြီးတော့ တိုင်းနဲ့ပြည်နယ်ကို ပို့တယ်။ တချို့တိုင်းနဲ့ပြည်နယ်ကတော့ အရောက်ပို့ စနစ်နဲ့ မြို့နယ်ဆေးရုံတွေဆီ အရောက်ပို့ခိုင်းတယ်။ တချို့တိုင်းနဲ့ ပြည်နယ်တွေကတော့ တိုင်းနဲ့ ပြည်နယ်မှာပဲ ထားထားပြီး မြို့နယ်တွေကို ဆေးလာထုတ်ခိုင်းတယ်။ အဲဒီစနစ်နဲ့ သွားတာပေါ့။ အဲဒီလိုမျိုးသွားပါတယ်ဆိုတာကို သတင်းအချက်အလက် အပြည့်အဝမပေးတဲ့အခါမှာ တိုက်နယ်ဆေးရုံတွေက သူတို့အတွက် ဝယ်ပြီးပြီလား မဝယ်သေးဘူးလား။ ရောက်နေပြီလား၊ မရောက်သေးဘူးလား။ အဲဒီလိုမျိုးကြားထဲမှာ အဆက်အသွယ် ပြတ်သွားတာမျိုးတွေရှိတယ်။ ချပ်သင်းအပါအဝင် လောလောဆယ်မှာ ဒီပြဿနာတွေ ဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ အခုနှစ်အတွက် ဆေးဝါးဘတ်ဂျက်ကို အခုမှ ခွဲပေးလိုက်ပြီး တင်ဒါခေါ်ဖို့ စီမံနေတုန်းပေါ့နော်။ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်အတွက် ပထမ တစ်သုတ်ဝယ်ရမယ့် ဆေးဝါးတွေဟာ အခုမှဝယ်ဖို့ လုပ်နေတုန်းဖြစ်တဲ့အတွက် အဲဒီအရှေ့မှာ ဆေးဝါးတွေ ပြတ်သွားတာ ဖြစ်နိုင်တယ်။ ပရောဆက်တွေ အားနည်းချက်လည်း ပါတယ်။ ချပ်သင်းကိစ္စကို စစ်ကိုင်းတိုင်းဒေသကြီးက ဘာပြောလဲဆိုတော့ သူတို့ဆီမှာ အဲဒီဆေးတွေ ရှိပါတယ်။  အဲဒီဆေးတွေ ရှိကြောင်းကို တိုက်နယ်ဆရာဝန်က အကြောင်းကြောင့် မသိတဲ့အခါမှာ နှစ်ဦးနှစ်ဖက်မှာ တာဝန်ရှိတယ်။ တိုက်နယ်ဆရာဝန်ကလည်း မတောင်းရဲတဲ့ သဘောမျိုးဖြစ်သွားသလို တကယ်တော့ ရှိနေတဲ့ တိုင်းဒေသကြီးကလည်း သူ့မှာပစ္စည်းတွေရှိနေရင် ဖြန့်ဝေပေးဖို့ တာဝန်ရှိတယ်။ အဲဒီလိုနှစ်ဦးနှစ် ဖက်နားလည်မှုလွဲသွားတယ်လို့ ကျွန်တော် မြင်မိပါတယ်” လို့  ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။

ဒါပေမဲ့ တကယ့်အောက်ခြေမှာ လုပ်ကိုင်နေကြတဲ့ မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်တွေရဲ့ ပြောကြားချက်တွေအရ ဆေးပြတ်လပ်မှုတွေရှိတယ်လို့ သိရပါတယ်။

“ဆေးတွေကို ပြည်နယ်နဲ့ တိုင်းတွေက ဝယ်ပေးရတယ်။ ဘတ်ဂျက်ချပေးလိုက်တာပေါ့။ ကိုယ်လိုချင်တဲ့ ဆေးတွေကို ကြိုရေးထားပေးပြီးတော့ သူတို့က ပြန်ဝယ်ပေးတာပါ။ ပြည်နယ်နဲ့ တိုင်းကျန်းမာရေး ဦးစီးဌာနတွေက ဆေးတွေကို ဝယ်ပေးတာ။ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး အဖွဲ့ဖွဲ့ပြီးတော့ ဝယ်ရတာ။ လိုအပ်တဲ့ ဆေးဝါးစာရင်းကိုတော့ အောက်ခြေဆေးရုံတွေက တင်ပြတာပေါ့။ ဒါပေမဲ့ ဝယ်တဲ့အခါတို့ ဆေးရွေးတဲ့ အခါတို့ကျတော့ ခုနကဖွဲ့ထားတဲ့အဖွဲ့က ရွေးတာပေါ့။ ခွဲတမ်းချပေးတာက များသောအားဖြင့် ခြောက်လတစ်ကြိမ်ပေါ့။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ နောက်ကျတတ်တယ်။ ဘတ်ဂျက်နှစ်အစမှာ ဆိုရင်တော့ အများအားဖြင့်ဌာနကို ငွေရောက်တာက ဇူလိုင်လောက်မှ ရောက်တတ်တယ်။ အဲဒီအချိန်ကျရင်တော့ အရင်ခြောက်လက ဝယ်ထားတဲ့ဆေးတွေ ကုန်ရင် ဆေးပြတ်သွားတတ်တာပေါ့။ နောက်ပြီးရောက်တဲ့ ငွေအမောင့်ကလည်း ဘတ်ဂျက်ခွဲတမ်းအရ အရင်နှစ်ကကျတဲ့ငွေကို မူတည်ပြီးတော့ အဲဒီလောက်နဲ့ သိပ်မကွာဘဲ ပြန်ချပေးတာပေါ့။ ဘတ်ဂျက်ကျလာလို့ရှိရင် ကျွန်တော်တို့တင်ပြထာတဲ့ လိုအပ်တဲ့ဆေးတွေ ဝယ်ပေးပြီးတော့ တစ်ခါတည်း ခွဲချလိုက်တာပေါ့။ ကျွန်တော်တို့ဘက်က ဆေးလိုအပ်ချက် တောင်းတာများလာရင်တော့ ကိုယ်တောင်းသလောက် မရတတ်တာ ရှိတတ်တယ်။ ကျွန်တော်တို့ ကြိုတင်ထားတဲ့ ဆေးစာရင်းကို ငွေအမောင့်နဲ့မြှောက်ပြီး ဘတ်ဂျက်က ကျလာတာမဟုတ်ဘဲ ပြည်နယ်တစ်ခုကို ဘယ်လောက်ဆိုပြီး ချပေးတဲ့အတွက် တစ်ခါတလေကျရင် မျှယူရတယ်။ ကိုယ်တောင်းထားသလောက်တော့ မရဘူး။ အဲဒီချထားပေးတဲ့ ဘတ်ဂျက်ကုန်သွားရင်တော့ နောက်တစ်ခါ ဘတ်ဂျက်ကျမှပဲ ရတော့တာပေါ့။ တစ်နှစ်ကို နှစ်ခါတော့ ချပေးတယ်။ လက မသေချာဘူး။ ဆရာဝန်တွေက ဆေးကုန်နေတာကို မတောင်းတတ်လို့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ဆေးက တောင်းတိုင်းလည်း အပြည့်အစုံရတာတော့ မဟုတ်ဘူး။ ရလေ့လည်း မရှိဘူး။ တောင်းပေမယ့်လည်း ရချင်မှ ရတာပေါ့။ ဆေးကအမယ်စုံ မရဘူး” လို့ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ဆေးတွေအလကားရတဲ့အတွက် အစိုးရဆေးရုံတွေကို ပြသတာတွေ ပိုမိုများပြားလာတာကြောင့် နှစ်စဉ်ဆေးဝါးလုံလောက်မှု မရှိဘူးလို့ မြို့နယ်ဆရာဝန်တစ်ဦးက ဆိုပါတယ်။

“ဆေးဝါးကတော့ နိုင်ငံတော် ဘတ်ဂျက်ကတော့ ချပေးတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ တင်ဒါတွေ ခေါ်တယ်။ ဒါပေမဲ့ အဲဒီငွေကြေးနဲ့က လက်ရှိဆေးရုံမှာ သုံးနေရတဲ့ ပမာဏနဲ့တော့ လိုက်လျောညီထွေမှု သိပ်မရှိဘူး။ လိုအပ်ချက်တွေ အများကြီးပဲ။ တိုင်းဒေသကြီးက တင်ဒါအောင်တဲ့ဆေးတွေကို ခွဲတမ်းနဲ့ ဖြန့်ပေးတယ်။ မလုံလောက်ဘူး။ FOC ဆိုတဲ့ အခါကျတော့ လူတွေအားလုံးကလည်း အလကား ရတယ်ဆိုပြီး ဆေးရုံကို ဝင်လာကြတယ်။ တကယ်ရတဲ့ဟာနဲ့ ကျွန်တော်တို့ သုံးရတဲ့ဟာနဲ့က လုံလောက်မှု မရှိဘူး” လို့ ၎င်းလက်ရှိ ကြုံတွေ့နေရတာကို မြို့နယ် ဆရာဝန်က ရှင်းပြပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့တိုင်းက မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေသာမက ဗဟိုဆေးရုံဖြစ်တဲ့ ဆေးရုံကြီးတွေမှာလည်း တစ်ခါတစ်ရံ ဆေးဝါးပြတ်လတ်မှုတွေ ကြုံတွေ့ရတာရှိတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက သိရပါတယ်။

“ချပ်သင်းမှာ ဖြစ်သွားတဲ့ ကိစ္စက ဥပမာတစ်ခုသာ ဖြစ်ပါတယ်။ ချပ်သင်းတစ်နေရာတည်းမှာ ဖြစ်နေတဲ့ ပြဿနာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပြဿနာပါ။ ဆေးဝါးမလုံလောက်တာ၊ ကျန်းမာရေးဝန်ထမ်းဦးရေ လုံလောက်အောင် မရှိတာဟာ လက်တွေ့တကယ်ဖြစ်နေတဲ့ ပြဿနာတွေပါ။ FOC စနစ်လုပ်နေတယ်။ ကျန်းမာရေးဘတ် ဂျက်တွေဘယ်လိုပဲ တိုးမြှင့်ချထားတယ် ပြောနေပါစေ။ လက်တွေ့မှာတော့ အစိုးရဆေးရုံတိုင်းလိုလိုမှာ ဆေးဝါးလုံလောက်အောင် အမြဲတမ်းချမပေးနိုင်တာဟာ အမှန်တရားပဲဖြစ်ပါတယ်။ FOC  စနစ်ကို ကြေညာထားတယ်။ ကျွန်မတို့ ပြည်သူတွေ အများစုက ဆင်းရဲနွမ်း ပါးသူတွေဖြစ်တဲ့အတွက် အဲဒီတော့ အရေးပေါ်တဲ့အခါ ဆေးရုံကိုပြေးတယ်။ ခေတ်စနစ်တွေပြောင်းသွားပြီ။ FOC လည်း ကြေညာထားတယ်ဆိုတော့ ဆေးတွေ အခမဲ့ရမယ်ထင်တယ်။ ရချင်တယ်။ လက်တွေ့မှာ လုံလောက်အောင် မပေးနိုင်ဘူး။ ကျွန်မတို့ ကိုယ်တိုင်လဲ ကြုံဖူးတယ်။ မတတ်သာလို့ ချပေးထားတာမရှိလို့ ဒီဆေးလေးဝယ်ပေးပါဆိုရင် မျက်နှာပျက်သွားသူတွေရှိတယ်။ သူတို့ အဲဒီဆေးတွေဝယ်ဖို့ တကယ်ခက်ခဲလို့လည်း ဖြစ်နိုင်ပါတယ်” လို့  မြောက်ဥက္ကလာပဆေးရုံ နား၊ နှာခေါင်း၊ လည်ချောင်းဌာနမှာ ဘွဲ့လွန် ဒုတိယနှစ်တက်နေတဲ့ လက်ထောက်ဆရာဝန်ဒေါက်တာ စိမ်းမိုးစက်က ဆိုပါတယ်။

ဒီလို အောက်ခြေက ဆရာဝန်တွေရဲ့ ပြောကြားချက်တွေအရ ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီး ပြောကြားချက်နဲ့ ကွဲလွဲနေတာကို တွေ့ရမှာပါ။

မြန်မာနိုင်ငံမှာ ဆရာဝန်လိုအပ်ချက်ကလည်း မြင့်မားလျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနစ် ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်ရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်းအဆိုကို လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်းက ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ ဆရာဝန်တစ်ဦးဟာ လူပေါင်း ၄၀၀၀ လောက်ကို ကုသစောင့်ရှောက်မှုပေးနေရဆဲ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းအတွက် အစိုးရဝန်ထမ်း ဆရာဝန်နဲ့ ပုဂ္ဂလိကဆရာဝန် ပေါင်းလိုက်ရင်တောင်မှ ဆရာဝန်တစ်ဦးဟာ လူပေါင်း ၄၀၀၀ ခန့်ကို စောင့်ရှောက်ပေးနေရဆဲဖြစ်သလို အထူးကု ဆရာဝန်များရဲ့ လိုအပ်ချက်လည်း ကြီးမားနေဆဲဖြစ်ပါတယ်” လို့ ဒေါက်တာစိုင်းမောက်ခမ်းက ဆိုပါတယ်။

ဒါ့အပြင်  ၂၀၁၆ ခုနစ် စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ တိုက်နယ်ဆေးရုံပေါင်း ၇၂၅ ရုံရှိတဲ့အနက် အများစုက ဆရာဝန်တစ်ဦးတည်းနဲ့သာ လည်ပတ်လျက်ရှိတယ်လို့ ပြောကြားထားပါတယ်။

“မြန်အောင်မြို့နယ်အတွင်းရှိ ၁၆ ခုတင်အဆင့် သပြေကုန်းတိုက်နယ်ဆေးရုံနှင့် ရွှေကျင်တိုက်နယ် ဆေးရုံတို့တွင် လိုအပ်သော ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးရန်၊ ကနောင်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်စက်ချထားပေးရန်နှင့် ညောင်ဝိုင်းအုပ်စုအတွင်းရှိ ဆင်ကျွန်းကျေးရွာတွင် ကျေးလက် ဆေးပေးခန်းဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနဲ့ ပတ်သက်လို့ ပြန်လည်ဖြေကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တွင် တိုက်နယ်ဆေးရုံပေါင်း ၇၂၅ ရုံရှိသည့်အနက်မှ အများစုမှာ ဆရာဝန် တစ်ဦးတည်းနဲ့သာ လည်ပတ်လျက်ရှိပါတယ်။ အချို့တိုက်နယ်ဆေးရုံများတွင် ဆရာဝန်နှစ်ဦး ရှိသည်မှာ ဆရာဝန်ဇနီးမောင်နှံ ဖြစ်၍ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သလိုပဲ အောက်ခြေမှာရှိတဲ့ မြို့နယ်၊ တိုက်နယ်ဆေးရုံတွေမှာ ဖွဲ့စည်းပုံအရ ဆရာဝန်ခန့်အပ်မှုဟာ ရာခိုင်နှုန်း ၅၀ လောက်သာ ရှိတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဆရာဝန်လိုအပ်ချက်ကတော့ တိုက်နယ်တို့၊ မြို့နယ်တို့မှာ လက်ထောက်ဆရာဝန် တအားနည်းနေတယ်။ ဖွဲ့စည်းပုံရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိမလား မသိဘူး။ အများဆုံး တစ်ဝက်လောက်ပဲရှိတာ များတယ်။ မြို့နယ်ဆေးရုံတွေမှာ ဆရာဝန်လိုအပ်ချက် တော်တော်လေးများနေတယ်” လို့ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

မြို့နယ်ဆရာဝန်တစ်ဦးကတော့ “ကျွန်တော်တို့ ညောင်တုန်းမှာ ဝန်ထမ်းအင်အားက တစ်ဝက်လောက်ပဲရှိတယ်။ မြို့နယ်ဆေးရုံ ခုတင် ၅၀ ဆိုရင် ဆရာဝန် ရှစ်ယောက်ရှိရမယ်။ အခု လေးယောက်ပဲ ရှိတယ်။ တိုက်နယ်တွေမှာလည်း ဆရာဝန်တစ်ယောက်နဲ့ လက်ထောက်တစ်ယောက်ရှိရမှာကို အကုန်လုံးက တစ်ယောက်စီပဲ ရှိတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာဝန်၊ သူနာပြု အချိုး (Doctor Nurse Ratio) မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားတဲ့  Health in Myanmar မေ ၂၀၁၃ အရ ဆရာဝန်တစ်ဦးကို သူနာပြုတစ်ဦးသာရှိပြီး အမှန်တကယ်ရှိရမယ့် တစ်အချိုးသုံးထက်များစွာ လျော့နည်းနေတယ်လို့ သိရပါတယ်။

ဒီလိုအကြောင်းအရာတွေက ဘာကြောင့်ဖြစ်နေတာလဲဆိုရင် ဆေးရုံတွေကို အဆင့်မြှင့်တင်တဲ့အပြင် ဆေးရုံတွေကို ထပ်မံတိုးချဲ့ ဆောက်လုပ်ခဲ့ပေမယ့် ဒီဆေးရုံတွေအတွက် တစ်နှစ်ကို ဆရာဝန်၊ သူနာပြုဘယ်နှစ်ဦးခန့်မယ်ဆိုတဲ့ တွက်ချက်လျာထားခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၇ခုနှစ်၊ မတ်လအထိ တစ်နိုင်ငံလုံးမှာ အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံကိုးရုံ၊ ခုတင် ၅၀၀ ဆံ့ဆေးရုံ၁၁ရုံ၊  ခုတင် ၃၀၀ ဆံ့ဆေးရုံသုံးရုံ၊  ခုတင်၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊  ခုတင် ၁၅၀ ဆံ့ ဆေးရုံ နှစ်ရုံ၊  ခုတင် ၁၀၀ ဆံ့ ဆေး ရုံ ၄၁ ရုံ၊ ခုတင် ၅၀ ဆံ့ ဆေးရုံ ၁၁၂ ရုံ၊ ခုတင်၂၅ ဆံ့ဆေးရုံ ၁၅၁ ရုံ၊ ခုတင် ၁၆ ဆံ့ ဆေးရုံ ၁၀ ရုံ၊ တိုက် နယ်ဆေးရုံ ၇၂၅၊ စုစုပေါင်း ဆေးရုံ ၁၁၂၃ ရုံနဲ့ ဒီဆေးရုံတွေမှာ ခွင့်ပြုခုတင် စုစုပေါင်း ၅၄၇၀၃ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ဘတ်ဂျက်အချိုးရရှိမှုက နည်းပါးတာကလည်း အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀၀ ကျော်သုံးစွဲမယ်ဆိုတဲ့အတွက် ဘတ်ဂျက်တစ်ခုလုံး အသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်းကျော်ကို သုံးစွဲမယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထား ကျန်းမာရေးအတွက် အသုံးစရိတ် ၁၅ ရာခိုင်နှုန်းလောက် ဖြစ်သင့်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အတွက် တစ်နှစ်လုံးရဲ့ ဘတ်ဂျက်ကို လူဦးရေနဲ့ စားမယ်ဆိုရင် နိုင်ငံသားတစ်ယောက်အတွက် တစ်နှစ်စာ ၂၁၅၀၀ ကျပ် သုံးနိုင်ပါတယ်။ ဒါက ကျန်းမာရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အားကစားဘက်ကိုလည်း ခွဲပေးရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ လစာ၊ ကူး စက်ရောဂါကာကွယ်ဖို့အတွက် စရိတ်စတဲ့ သုံးစွဲစရာကဏ္ဍတွေ အများအပြား ရှိနေပါသေးတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုမှာ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၈၆၅၈၂  ဒဿမ ၈၇၁၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကျပ် သန်းပေါင်း ၃၄၉၆၃၀  ဒသမ ၉၆၇၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် အတွက် ကျပ်သန်းပေါင်း ၄၈၅၂၆၃  ဒသမ ၂၉၈ ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာ နှစ်အတွက် ကျပ်သန်းပေါင်း ၇၀၈၉၄၉  ဒသမ  ၀၀၆၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၈၄၅၅၅၃ ဒသမ  ၃၆၂၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၈၅၀၆၄၄  ဒသမ ၇၀၆ အဖြစ် ခွဲတမ်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာနတစ်ခုရှိ သွေးစစ်ဌာနကို တွေ့ရစဉ်

ဒီလို တစ်နှစ်ထက် တစ်နှစ်ထက် ဘတ်ဂျက်တိုးမြှင့်ပေးတာတွေကို လုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကတော့  လက်ရှိအချိန်အထိ အိမ်နီးချင်းနိုင်ငံများထက် များစွာနိမ့်ကျလို့ နေပါသေးတယ်။ ဒါဟာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ထိရောက်လုံလောက်အောင် မပေးနိုင်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်တယ်လို့ ၂၀၁၆ ခုနစ် ဇူ လိုင်လအတွင်းက ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အဆိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာ အိမ်နီးချင်း နိုင်ငံများထက် များစွာနိမ့်ကျလို့နေပါတယ်။ ပျမ်းမျှလူ့သက်တမ်းဟာ ဆိုရင်လည်း အာဆီယံနိုင်ငံများအကြား နိမ့်ကျလို့နေပါတယ်။ မိခင်သေနှုန်း၊ မွေးကင်းစကလေးသေနှုန်းနဲ့ ငါးနှစ်အောက်ကလေးသေ ဆုံးနှုန်းများမှာတော့ အခြားအာဆီယံနိုင်ငံများထက် မြင့်မားလို့ နေပါတယ်။ ဒါ့အပြင် အာဟာရချို့တဲ့မှုကြောင့် ကလေး ခုနစ်ဦးမှာ တစ်ဦးက သာမန်ကိုယ်အလေးချိန်ထက် လျော့နည်းကြီးထွားခြင်း၊ အသက် ငါးနှစ်အောက်ကလေးများ၏ ၃၅ ရာခိုင်နှုန်းမှာ ကြီးထွားနှုန်း တန့်နေခြင်း၊ ၂၃ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် စံမမီနေခြင်း၊ ရှစ်ရာခိုင်နှုန်းမှာ ခန္ဓာကိုယ် သေးကွေးကြုံလှီ နေခြင်းတို့ကိုလည်း တွေ့ရပါတယ်။ ဒီအဖြစ်တွေဟာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ထိရောင်လုံလောက်အောင် မပေးနိုင်ခြင်းရဲ့ အကျိုးရလဒ်အဖြစ်ပါဝင်နေတာ ဖြစ်ပါတယ်” လို့ ဒေါက်တာ အေဇင်လတ်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၂)ကို အကောင်အထည်ဖော်လုပ်ဆောင်လျက် ရှိပါတယ်။

အဓိကပန်းတိုင်ဖြစ်တဲ့ ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အခြေခံအကျဆုံး မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ငွေကြေးကုန်ကျမှုနည်းပါးစွာနဲ့ နေရာဒေသမရွေး ပေးစွမ်းနိုင်ဖို့နဲ့ စီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်ချင်း လုပ်ဆောင်သွားမည် ဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်း ပထမ၏အဆင့်အနေနဲ့ ဒီနှစ်ကစပြီး  မြို့နယ်ပေါင်း ၇၀ က ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲတွေမှာ လိုအပ်တဲ့ဆေးဝါး၊ ဆေးပစ္စည်း၊ လူအင်အားနဲ့ အဆောက်အအုံတွေကို ဖြည့်ဆည်းပေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ မတ် ၃၁ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  “ကျွန်မတို့ရဲ့ အမျိုးသား ကျန်းမာရေးစီမံကိန်းဟာ ပြည်သူကို အခြေပြုတဲ့ စီမံကိန်းမျိုး ဖြစ်ပါတယ်။ ပြည်သူကို အခြေပြုတဲ့ စီမံကိန်းဆိုတော့ ကျန်းမာရေးဟာ အိမ်တွင်းကနေစတယ် ဆိုတဲ့အမြင်နဲ့ ကျွန်မတို့ ဆက်သွားဖို့ လိုပါတယ်။ ဆေးရုံရောက်မှ ကျန်းမာရေး ကုသမှုယူရတာ မဟုတ်ပါဘူး။ ကိုယ့်အိမ်တွင်းထဲကနေပြီးတော့ ကျန်းမာရေးကို ဂရုစိုက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်တဲ့သူနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူဆိုပြီး ကွျွန်မတို့ ခွဲခြားပြီးတော့ မြင်ပါတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒီလိုခွဲခြားလို့တော့ မရပါဘူး။ တချို့ပြောကြပါတယ်။ တကယ်ကုတာက ဆရာဝန်တွေက ကုတာမဟုတ်ပါဘူး။ လူနာက ကိုယ့်ကိုယ်ကိုယ် ကုရတယ်။ ဆရာဝန်တွေက လမ်းပြရုံပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါလည်း မှန်ပါတယ်။ ဆရာဝန်တွေက၊ ကျန်းမာရေးနဲ့ပတ်သက်လို့ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေက ပညာပေးပြီးတော့ လမ်းပြဖို့ပါ။ ပြည်သူပြည်သားများဟာ ကိုယ်ရဲ့ကျန်းမာရေးအတွက် ကိုယ့်ဟာကိုယ် တာဝန်ယူရပါမယ်။ ဒီလိုကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးအတွက် တာဝန်ယူနိုင်တဲ့ အခြေအနေရောက်အောင်လို့ ကျွန်မတို့ရဲ့ အမျိုးသားစီမံကိန်းကို ရေးဆွဲထားတာလို့ ကျွန်မအနေနဲ့ နားလည်ပါတယ်” လို့ ပြောကြားပါတယ်။

ဒီလို နိုင်ငံတော်အစိုးရဘက်ကနေ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေသလို လွှတ်တော်ဘက်ကလည်း အမျိုးသားကျန်းမာရေး အာမခံစနစ်နဲ့ ပတ်သက်လို့ ဒီနှစ် ဇွန် ၅ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။

အဆိုကို တင်သွင်းရာမှာ ဒေါက်တာစံရွှေဝင်းက ပြောင်းလဲလာတဲ့ လူမှုစီးပွားရေးအခြေအနေ၊ ပြောင်းလဲလာတဲ့ ရောဂါဖြစ်စဉ်များ၊ တိုးတက်လာတဲ့ လူဦးရေ၊ ဖွံ့ဖြိုးလာတဲ့ ကျန်းမာရေးစောင့် ရှောက်မှုနည်းစနစ်တွေကြောင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေဟာ ပိုမိုများပြားလာခဲ့ရာမှာ နိုင်ငံတော်က Free Medical Care လို့ခေါ်တဲ့ အခမဲ့ကျန်းမာရေးစနစ်ကို ကျင့်သုံးပေမယ့် လုံလုံလောက်လောက် ဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် အိတ်စိုက်ကုန်ကျစရိတ်နဲ့ ကုသရတာကြောင့် မကျန်းမာတဲ့ လူတစ်ယောက်မှာ အနည်းဆုံးရာခိုင်နှုန်း ၈၀ လောက်ကို မိမိအိတ်ထဲကနေ စိုက်ထုတ်သုံးစွဲနေရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့် Free Medical Care ကို ရှေးနှစ်ပေါင်းများစွာ သုံးစွဲနိုင်။ မသုံးစွဲနိုင် စဉ်းစားရမှာဖြစ်ပြီး ဖွံ့ဖြိုးချမ်းသာတဲ့ နိုင်ငံတွေမှာတောင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ကုန်ကျစရိတ်ကို အကုန်လုံးမခံဘဲ ကျန်းမာရေးအာမခံစနစ်ကို မိမိတိုင်းပြည်ရဲ့ လိုအပ်ချက်အရ လိုက်လျောညီထွေးမှုဖြစ်မယ့် ပုံစံအမျိုးမျိုးနဲ့ ဖြည့်တင်းဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဆက်လက်ပြီး ဒေါက်တာစံရွှေဝင်းက “အခြေခံကျတဲ့ ကျန်းမာရေးလို အပ်ချက်ကိုတောင် ရန်ပုံငွေ လုံလောက်မှုမရှိသေးတဲ့အတွက် ပြည်သူများရဲ့ ကျန်းမာရေး အဆင့်မြင့်မားတိုးတက်ဖို့အတွက် ရန်ပုံငွေ ပိုမိုလုံလောက်စွာ ရရှိသုံးစွဲနိုင်ရန် ကျွန်တော်တို့အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ဒီလုပ်ငန်းစဉ်ကြီးကို လုပ်တဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်လို့ မရနိုင်ပါဘူး။ နှီးနွယ်တာရှိတဲ့ ဝန်ကြီးဌာနများ၊ ပြည်သူ့လွှတ်တော်အပါအဝင် ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျန်းမာရေး ဘောဂဗေဒပညာရှင်များ၊ ဆရာဝန်များ၊ ဆေးပညာရှင်များနဲ့ ပြည်သူလူထု တစ်ရပ်လုံးကနေပြီးတော့ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီစနစ်ကြီးကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ မိမိနိုင်ငံလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စနစ်တစ်ခုကို ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီးတော့ အမျိုးသားကျန်းမာရေး အာမခံဖြစ်တည်ရေးအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်ပြဆွေးနွေးလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒေါက်တာ စံရွှေဝင်းရဲ့ အဆိုကို အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘောတူခဲ့ပါတယ်။ ဇွန် ၂၂ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာတော့ ဒေါက်တာစံရွှေဝင်းရဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ပါတယ်။

ဒီလို ဆွေးနွေးရာမှာ ကိုယ်စားလှယ်အများစုက မြန်မာနိုင်ငံမှာ အိတ်စိုက်ကျခံသုံးစွဲရတဲ့အတွက် ပြည်သူလူထုဟာ စီးပွားရေးကျပ်တည်းပြီး ဆင်းရဲတွင်းနက်နေရတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကနေဒါနှင့် ယူကေနိုင်ငံက ကျန်းမာရေးအာမခံစနစ်တွေဟာ ကျွန်တော်တို့အတွက် လေ့လာသင်ယူဖို့ အောင်မြင်နေတဲ့စနစ်များမှ  နမူနာတချို့ပဲ ဖြစ်ပါတယ်လို့ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက ဆွေးနွေးပါတယ်။

အမျိုးသား ကျန်းမာရေးအာ မခံစနစ်နဲ့ပတ်သက်လို့ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်ကတော့ ထိုင်းနိုင်ငံက ဘတ် ၃၀ စီမံကိန်းကို ဥပမာပြပြီး ဆွေးနွေးပါတယ်။

“ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဘတ် ၃၀ စီမံကိန်းဆိုတာ တစ်ခါတည်းတန်းပြီးတော့ ကျင့်သုံးတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ အရှေ့မြောက်မှာရှိတဲ့ Khon Kaen ဆိုတဲ့ ပြည်နယ်မှာ Pilot Project ကို ဆောင်ရွက်ပြီးတော့မှ အောင်မြင်ပြီဆိုမှ ၂၀၁၂ ခုနစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘတ် ၃၀ စီမံကိန်းကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်ကလည်း ဆွေးနွေးရာမှာ စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးအာမခံစနစ်အပြင် နိုင်ငံအချို့ရဲ့ အာမခံစနစ်တွေနဲ့လည်း နှိုင်းယှဉ်ဆွေးနွေးခဲ့ပါတယ်။

“စင်ကာပူနိုင်ငံမှာလည်း ဝန်ထမ်းလစာထဲမှ နှစ်ရာခိုင်နှုန်းကနေ ခုနစ်ရာခိုင်နှုန်းကိုထည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ် ပေးထားတာတွေကပါတယ်။ နိုင်ငံတချို့မှာ ကျင့်သုံးနေတဲ့ ရာခိုင်နှုန်း ၄၀၊ ရာခိုင်နှုန်း ၆၀ စနစ်ကို ပြည်သူတွေ တော်တော်နှစ်သက်တယ်လို့ သိရှိရပါတယ်။ ကျန်းမာရေးကုသမှု ကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်း ၄၀ ကို လူနာက ကျခံပြီး ရာခိုင်နှုန်း ၆၀ ကို နိုင်ငံတော်မှ ကျခံတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ်ဖြစ်ပါတယ်” လို့ ဒေါက်တာစောနိုင်က ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးပြီးချိန်မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက လူနာတွေကို ဆေးတွေ အလကားပေးဖို့ လုံးဝမတတ်နိုင်တော့တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ကို အစီအစဉ်ချမှတ်ပြီး လုပ်သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပြီး သဘောမတူသူမရှိတဲ့အတွက် ဒေါက်တာစံရွှေဝင်းရဲ့ အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

လက်ရှိအချိန်မှာ အစိုးရက အခမဲ့ ကျန်းမာရေးစနစ်ကို လုပ်နေပေမယ့် ကျန်မာရေးဘတ်ဂျက်အင် အားနည်းပါးမှုကြောင့် အောက်ခြေမှာ ဆေးဝါးမလုံလောက်တာတွေ၊ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်တာတွေကြောင့် ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြား နားလည်မှုလွဲပြီး အထင်အမြင်လွဲမှားမှုတွေ ရှိနေပါတယ်။

“အဓိက, က ဘတ်ဂျက်ကိစ္စနဲ့ ကိုယ့်အိတ်ထဲက သုံးစွဲကျခံပေးဖို့ပဲ။ ဒါပေမဲ့ ခက်တာက ဝန်ကြီးဌာနကလည်း အဲဒီလိုစိုက်ထုတ်ရမယ်လို့ ဘာမှမပြောဘဲ ငြိမ်နေတာက ဆိုးတာပေါ့။ အဲဒီတော့ လူထုက ထင်တာက အကုန်ရမယ်လို့ ထင်တယ်။ ဒီဘက်က မပေးနိုင်ဘူး။ အဲဒီမှာ ပြဿနာတက်နေတာပဲ။ အကုန်လုံးကို ပြန်ခြုံပြီးပြောရရင် ပိုက်ဆံမရှိတာပဲ” လို့ အစိုးရဝန်ထမ်းမဟုတ်တဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒါကြောင့်လည်း အောက်ခြေက ဆရာဝန်အတော်တော်များများက FOC စနစ်အစား အိတ်စိုက်ကျခံမှု ဒါမှမဟုတ် ကျန်းမာရေးအာမခံစနစ်ကို ဖော်ဆောင်ပေးဖို့ ဆန္ဒရှိနေကြပါတယ်။

“အားလုံး Free Service ထက်စာလို့ရှိရင် ကိုယ့်ကိုယ်ပိုင်စိုက်ထုတ်မှုလေး နည်းနည်းထည့်ရင်တော့ အဆင်ပြေမယ်ထင်တယ်။ ကျန်းမာရေး အာမခံစနစ်နဲ့ ကြိုပေးထားတာပဲ ဖြစ်ဖြစ်တတ်နိုင်တဲ့သူတွေကမျှပြီး ထည့်ပေးတာပဲဖြစ်ဖြစ် အဲဒီလိုဆိုရင်တော့ အဆင်ပြေမလားပဲ” လို့  ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့လည်း လက်ရှိအခြေခံ လူတန်းစားတစ်ယောက်ရဲ့ ဝင်ငွေက အနိမ့်ဆုံးလုပ်ခ ၃၆၀၀ သတ်မှတ် ထားတဲ့အတွက် အိတ်စိုက်ကျခံရမယ်ဆို အဆင်မပြေနိုင်ပါဘူး။

Asia Ranking ရဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို အာရှရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တစ်ဦးချင်းစီရဲ့ ဂျီဒီပီ ၁၇၁၁ ဒေါ်လာနဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဖြစ်စေတဲ့ အကြောင်းရင်းအဖြစ် အရင်အစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားနေတာတွေကို ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် တစ်ဦးချင်းစီရဲ့ ဂျီဒီပီကို အမှီပြုထားပြီး Purchasing Power Parity ကို အခြေခံတဲ့ Global Finance Magazine ရဲ့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို တွက်ချက်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ Per Capital GDP တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၁၀ ပြည့်နှစ်မတိုင်မီ အာဆီယံနိုင်ငံများအနက် အနိမ့်ကျဆုံးဖြစ်ခဲ့ပြီး နှစ်စဉ်တစ်ဦးကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်သာ ရှိခဲ့တယ်လို့  CIA Facebook က ကိန်းဂဏန်းတွေက ညွှန်ပြထားပါတယ်။

၂၀၁၃ ခုနှစ်မှာ နှစ်ဆကျော်ဖြစ်တဲ့ ဒေါ်လာ ၄၄၀၀ အထိ မြင့်မားတိုးတက်ခဲ့ပြီး နောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၄ ခုနှစ်မှာ နှစ်စဉ်တစ်ဦးကို ဒေါ်လာ ၅၂၀၀ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ Per Capital GDP ဆိုတာ တစ်နိုင်ငံလုံး စုစုပေါင်း GDP ကို တိုင်းပြည်လူဦးရေနဲ့ စားထားတဲ့ ကိန်းသာဖြစ်တာကြောင့် နိုင်ငံတိုးတက်ခြင်းကိုတော့ Per Capital GDP ကိန်းတစ်မျိုးတည်း အပေါ်မှာ အခြေခံလို့မရပါဘူး။ ဒီကိန်းမြင့်မားလာခြင်းက နိုင်ငံအတွင်းရှိ ပြည်သူလူထုတွေအတွက် အကျိုးကျေးဇူး ဘယ်လောက်ရှိတယ်ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အခြေအနေကို ထင်ရှားစွာ ဖော်ပြတဲ့ ကိန်းကတော့ Percentage of Pepple Living Below Poverty Line ခေါ် အဆင်းရဲဆုံးအခြေအနေထက် ပိုမိုနိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ရာခိုင်နှုန်းကိန်းပဲ ဖြစ်ပါတယ်။

ဒီကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အထိ အဆင်းရဲဆုံး အခြေအနေထက် ပိုမိုနိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ၃၂ ရာခိုင်နှုန်းခန့်ရှိတာကြောင့် အာဆီယံ ဒေသအတွင်းမှာ အမြင့်မားဆုံးဖြစ်ရုံမက ကမ္ဘာပေါ်မှာလည်း ဆင်းရဲမှု မြင့်မားတဲ့နိုင်ငံအဖြစ် ပါဝင်ပါတယ်။

ပြည်ပပို့ကုန်အဖြစ် မြန်မာနိုင်ငံကနေ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တောစတဲ့ သယံဇာတတွေကို တင်ပို့မှုတွေရှိနေတာကြောင့် ပို့ကုန်ပစ္စည်းထုတ်လုပ်ရာမှာ လုပ်သားအင်အား မလိုအပ်တဲ့အတွက် နိုင်ငံအတွင်း အလုပ်အကိုင်များပြားခြင်း မရှိဘဲ အလုပ်အကိုင်ရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအချက်ကြောင့်ပဲ ဆင်းရဲမွဲတေမှုဟာ ဆက်လက်မြင့်တက်လို့ နေပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်းရှိနေပြီး ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဒီလို အခြေအနေမှာ ပြည်သူတွေရဲ့ ကျန်းမာရေးစောင်ရှောက်မှုကို အစိုးရအနေနဲ့ ဘယ်လိုဆက် လက်ဖော်ဆောင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

NLD အစိုးရအနေနဲ့ အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၂)ကို အကောင်အထည်ဖော်နေသလို ပြည်သူ့လွှတ်တော်မှာလည်း အမျိုးသားကျန်းမာရေးအာ မခံစနစ်ကို အစိုးရက ဖော်ဆောင်ပေးဖို့အဆိုဟာ အတည်ပြုထားပြီး ဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံကို အစိုးရအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲကျင့်သုံးမလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ဥက္ကလာပဆေးရုံ နား၊ နှာခေါင်း၊ လည်ချောင်းဌာနမှာ ဘွဲ့လွန်ဒုတိယ နှစ်တက်နေတဲ့ လက်ထောက်ဆရာ ဝန်ဒေါက်တာ စိမ်းမိုးစက်က “အရမ်းချမ်းသာတဲ့ နိုင်ငံတွေမှာတောင် အရာအားလုံး လုံးဝအခမဲ့ FOC ဆိုတာ မရှိပါဘူး။ ထိုက်သင့်တဲ့ Iin- surance ပေးဆောင်ရပါတယ်။ နားလည်မှုလွဲနေကြတဲ့ ပြည်သူနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြားမှာ နားလည်မှုလေး နည်းနည်းပဲဖြစ်ဖြစ် တိုးလာစေဖို့ မြေပြင်မှာ လက်တွေ့မကြာခဏ ကြုံနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ပြဿနာတွေကို ဆိုင်ရာ တတ်သိနားလည်တဲ့ လူကြီးမင်းတို့ သိရှိပြီး The Best Possible win ကို တည်ဆောက်နိုင်စေဖို့ ပြောချင်ပါတယ်။ သက်ဆိုင်ရာ လူကြီးမင်းတွေအနေနဲ့ တကယ့်မြေပြင်က ကိုယ့်ဝန်ထမ်းတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အခြေအနေမှန်တွေကို သိရှိအောင်လုပ်ပြီး အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ဖြေရှင်းနည်း (Solution) တစ်ခုကို ထုတ်ချိန်တန်ပါပြီလို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

Most Read

Most Recent