အကြမ်းဖက်မှု နည်းလမ်းတစ်ရပ်ဖြစ်လာသော ကားဖြင့် ဝင်တိုက်မှု

အကြမ်းဖက်မှု နည်းလမ်းတစ်ရပ်ဖြစ်လာသော ကားဖြင့် ဝင်တိုက်မှု
Published 21 August 2017

ကားနဲ့ ဝင်တိုက်တဲ့ အကြမ်းဖက်မှုပုံစံမှာ ကျူးလွန်တဲ့သူဟာ တမင်ရည်ရွယ်ပြီး ကားနဲ့ အဆောက်အအုံတစ်ခုကို ဒါမှမဟုတ် လူအုပ်ကို ဒါမှမဟုတ် တခြားယာဉ်တစ်စီးကို ဝင်တိုက်တာပါပဲ။ ၂၀၀၈ ခုနှစ် ဂျေရုဆလင်မှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေက အဲဒါကို အကြမ်းဖက်မှုနည်းလမ်းအဖြစ် အစောဆုံး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ အဲဒီနည်းလမ်းဟာ လူအသေအပျောက်နည်းပေမယ့် အသေခံဗုံးခွဲတာထက် ပိုပြီး ကာကွယ်ရ ခက်ခဲတယ်လို့ သိရပါတယ်။

အဲဒီနည်းလမ်းကို နောက်ဆုံးအသုံးပြုခဲ့တာကတော့ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ဖြစ်ပါတယ်။ သြဂုတ် ၁၇ ရက်က သမိုင်းဝင် ဒေသဖြစ်တဲ့ လက်စ်ရမ်းဘလက်စ်ခရိုင်မှာ လမ်းသွားလမ်းလာတွေကို ဗင်ကားတစ်စီးက လိုက်တိုက်ခဲ့ပါတယ်။ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်နောက်ပိုင်း စပိန်နိုင်ငံအတွက် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုပါပဲ။

အဲဒီမှာ မော်တော်ကားတွေကို အကြမ်းဖက် လက်နက်တွေအဖြစ် သုံးနေတာကို ကာကွယ်နိုင်မလားဆိုတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။ မကြာသေးမီ ကာလအတွင်းမှာပဲ  လန်ဒန်၊ နိစ်နဲ့ ဘာစီလိုနာမြို့တွေမှာ အဲဒီလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သြစတြေးလျ အာဏာပိုင်တွေကတော့ အဲဒီလိုတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ သြဂုတ် ၂၀ ရက်မှာ မဟာဗျူဟာတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နိစ်မြို့မှာ ကုန်တင်ကား နဲ့ ဝင်တိုက်ခဲ့ပြီး လူ ၈၆ ဦး သေဆုံးပြီးကတည်းက သြစတြေးလျဟာ အဲဒီအကြမ်းဖက်ပုံစံအတွက် စိုးရိမ်နေခဲ့တာပါ။ သြစတြေးလျဟာ သူ့ပြည်တွင်းက အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုကို ပိုပိုပြီး စိုးရိမ်လာနေရတဲ့ နိုင်ငံဖြစ်လာတာကိုး။ သြစတြေးလျ အာဏာပိုင်တွေက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူတို့အနေနဲ့ ပြည်တွင်းက အကြမ်းဖက်တိုက်ခိုက်မှု ၁၃ ခုလောက်ကို ကာကွယ်တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ် မဲကွန်တန်ဘူးက “ပါရီ၊ လန်ဒန်၊ ဘာလင်နဲ့ ဘာစီလိုနာမြို့တွေမှာ ကြေကွဲဖွယ်ဖြစ်ရပ်တွေကို ကျွန်တော်တို့ မြင်ခဲ့ရတဲ့အတိုင်း အကြမ်းဖက်သမားတွေ က လူထူထပ်တဲ့နေရာတွေကို ဆက်ပြီး ပစ် မှတ်ထားနေတုန်းပါပဲ။ အခု မဟာဗျူဟာကပိုင်ရှင်တွေကိုရော တာဝန်ယူလုပ်ဆောင်နေသူတွေကိုပါ သြစတြေးလျတစ်လွှားက လူထူ ထပ်တဲ့နေရာတွေ ဘေးကင်းလုံခြုံမှု၊ ကာကွယ်စောင့်ရှောက်မှုနဲ့ ထိုးနှက်မှုဒဏ်ခံနိုင်မှု တိုးတက်လာစေဖို့ အထောက်အကူပြုမှာပါ”  လို့ ကြေညာချက်တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။

အခုမဟာဗျူဟာက လုပ်ငန်းတွေနဲ့  ဒေသဆိုင်ရာ အစိုးရတွေကို သူတို့ရဲ့နေရာတွေဟာ ကားနဲ့တိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုတွေကို ခံရနိုင်တဲ့အကြောင်း သုံးသပ်ပုံနဲ့ ပိုပြီးဘေးကင်းလုံခြုံအောင် ပြုလုပ်ပုံအတွက် လမ်းညွှန်ချက်ကို ပေးနိုင်တယ်လို့ ဆိုပါတယ်။

အကြုံပြုထားတဲ့ အချက်တွေထဲမှာ ခြံစည်းရိုးကာရံခြင်းနဲ့ စီစီတီဗီတပ်ဆင်ခြင်းတို့လို အဟန့်အတား နည်းလမ်းတွေပါသလို ကားတွေ အရှိန်လျှော့ရမယ့် သစ်ပင်တွေ၊ ရုပ်တုတွေ ထားရှိတာလိုမျိုး ကြန့်ကြာစေမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အလျင်အမြန်တုံ့ပြန်နိုင်မယ့် ဝန်ထမ်းတွေ ထားရှိဖို့လည်း ပါဝင်ပါတယ်။

ပြင်သစ်နိုင်ငံ နိစ်မြို့ရဲ့ မြို့တော်ဝန်ကလည်း ဘာစီလိုနာတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် သူတို့ရဲ့မြို့တွေမှာ လုံခြုံရေးတိုးတက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ တိုင်ပင်ဖို့ လာမယ့်လမှာ ဥရောပ မြို့တော်ဝန်တွေနဲ့ ညီလာခံကျင်းပမယ်လို့ ဆိုပါတယ်။

နိစ်မြို့တော်ဝန် ခရစ်ရှန်အက်စထရိုစီက လွန်ခဲ့တဲ့နှစ်ကစလို့ ကားနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ဖွယ်ရှိတဲ့ မြို့ရဲ့ နေရာတွေ မှာ ကာကွယ်မှုတွေလုပ်ဖို့ ယူရိုသန်း ၃၀ သုံးခဲ့ ပြီးပြီလို့ ဆိုပါတယ်။ သူက မြို့ကြီးတွေအနေနဲ့ ခြိမ်းခြောက်မှုအသစ်တွေကိုကိုင်တွယ်ဖို့ ငွေကြေး ပိုမိုလိုအပ်နေတယ်လို့ ဆိုပါတယ်။ သူက “ငြိမ်းချမ်းရေး သဘောထားစည်းမျဉ်းတွေနဲ့က စစ်ပွဲမှာ ကျွန်တော်တို့ နိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေအတွက် အထင်ရှားဆုံး ကာကွယ်မှုကတော့ ကားတွေကို အရှိန်ယူလို့မရအောင် ဒါမှမဟုတ် ရှည်လျားတဲ့ အကွာအဝေးကို ဆက်တိုက်မောင်းချသွားလို့မရအောင် ကာကွယ်ထားတဲ့ အတားအဆီးတွေ အသုံးပြုတာပါပဲ။ အဲဒီ အတားအဆီးတွေထဲမှာ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံ အပြင်ဘက်မှာ ထားတဲ့ သတ္တုနဲ့ ကာရံထားတဲ့ အင်္ဂတေတုံးတွေလိုမျိုး အလွန်မြင်သာတာမျိုး ရှိသလို လမ်းတွေပေါ်မှာ ပန်းအိုးကြီးတွေ၊ ရုပ်တုကြီးတွေအဖြစ် အသွင်ယူထားတဲ့ အတားအဆီးမျိုးတွေလည်း ရှိပါတယ်။ လန်ဒန်မြောက်ပိုင်းက အာဆင်နယ် ဘောလုံးအသင်းရဲ့ အီမိုင်းရိတ် အားကစားကွင်းမှာ ဘောလုံးကလပ်ရဲ့ လိုဂိုကိုဖော်ပြတဲ့ အဆင်တန်ဆာ ဧရာမအမြောက်ကြီးဟာလည်း အတားအဆီး တစ်မျိုးပါပဲ။

ကားတွေအရှိန်မြှင့်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေဆီ ရောက်အောင်သွားဖို့လုပ်တာကို ကာကွယ်ဖို့ လမ်းတွေကို မသိမသာ ပြန်ပြီး အနေအထားပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုနည်းလမ်းတွေဟာ တစ်စိတ်တစ်ပိုင်းသာ အကာအကွယ်ပေးနိုင်ကြောင်း အခုနှစ်အတွင်း ဝက်မင်စတာနဲ့ ဘိုရိုတို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေက သက်သေခံနေပါတယ်။

လန်ဒန်အရှေ့ဖျားက ကိုလံဘီယာလမ်း ပန်းဈေးမှာ ကုန်သည်တွေက ကိုယ့်လုံခြုံရေးကို ကိုယ့်ဘာသာ တည်ဆောက်ခဲ့ပါတယ်။ ဘိုရိုဈေးမှာ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ပန်းဈေးက ကုန်သည်တွေဟာ သူတို့ရဲ့ ကုန်တင်ကားတွေကို ဝင်ပေါက်အသီးသီးကို ကန့်လန့်ဖြတ်ပိတ်ပြီး ရပ်ထားကြပါတယ်။ တိုက်ချလို့မရတဲ့ လမ်းပိတ်ငုတ်တိုင်တွေစိုက်ဖို့လည်း ဒေသကောင်စီနဲ့ ဆွေးနွေးနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘာလင်မြို့က ခရစ္စမတ်ဈေးမှာ လူအုပ်ထဲကို ကုန်တင်ကားနဲ့ ဝင်တိုက်ခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့အကြီးအကဲ ကလော့စ်ကန့်က သိပ်ကိုများပြားလှတဲ့ တိုက်ခိုက်ခံရ နိုင်ဖွယ်ရှိတဲ့ နေရာတွေကို ထောက်ပြခဲ့ပါတယ်။ သူ့ရဲ့တင်ပြချက်အရ ဂျာမနီမှာ အဲဒီလိုဈေးမျိုး ၂၅၀၀ ရှိပြီး ဘာလင်မြို့မှာကို အဲဒီလိုဈေးမျိုး ၆၀ ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အန္တရာယ်ဖြစ်နိုင်ခြေကို သုညအထိ လျှော့ချနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အဲဒီလို ဈေးတွေမဟုတ်ဘဲ လူအများအပြား ဝတ်ပြုရာနေရာမျိုးတွေကလည်း ပစ်မှတ်တွေဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွင်း လန်ဒန်မြောက်ပိုင်းက ဖင်းဘာရီပက် ဗလီအပြင်ဘက်မှာ ဝတ်ပြုဖို့လာတဲ့သူတွေကို ကားနဲ့ ဝင်တိုက်တာ ဖြစ်ခဲ့ပါသေးတယ်။

ဒါကြောင့် ကားတွေအသုံးပြုတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ဆိုတာ တခြားလက်နက်တွေသုံးတဲ့ အကြမ်းဖက်သမားတွေကို တားဆီးတာနဲ့ အနည်းငယ်သာ ကွာခြားမှုရှိပါတယ်။ စုံစမ်းထောက်လှမ်းမှု၊ ဥပဒေ ထိန်းသိမ်းရေးအဖွဲ့အစည်း၊ အများပြည်သူရဲ့ သတိပြုမှု၊ လူ့အဖွဲ့အစည်းအတွင်း ဆက်ဆံရေးနဲ့ မကြာသေးမီနှစ်တွေအတွင်း ပိုပြီးအကျွမ်းတဝင်ဖြစ်လာတဲ့ တခြားအရာတွေ ရှုပ်ထွေးထိရောက်စွာ ပေါင်းစပ်မှုအပေါ်မှာ မူတည်နေပါတယ်။

အဲဒီထဲက အချက်တစ်ချက်ကတော့ လုံခြုံရေးဌာနတွေအနေနဲ့ ဖမ်းဆီးမှုတွေ ဆောင်ရွက်ပြီးတဲ့နောက် လတ်တလောအဆင့်မှာ ဘယ်လိုပိုကောင်းအောင် ကိုင်တွယ်မလဲ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့ဝင်တွေ တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်မီမှာ သူတို့ ရဲ့ကွန်ရက်ကို ဘယ်လိုဖော်ထုတ်မလဲ ဆိုတာမျိုးပါ။

ဘာစီလိုနာမြို့ရဲ့တောင်ဘက် မိုင် ၁၂၀ အကွာက ငှားထားတဲ့အိမ်တစ်အိမ်မှာ အစွန်းရောက်တွေ ဗုံးတွေလုပ်ဖို့ပြင်နေတုန်း ပေါက်ကွဲမှုကြီးဖြစ်ပြီး အိမ်ပြိုကျတာ ဖြစ်ပွားပြီးတဲ့ နောက်မှာမှ ဘာစီလိုနာတိုက်ခိုက်မှုဖြစ်တာ ဆိုတာမျိုး စဉ်းစားဖို့လိုပါတယ်။

အဲဒီပေါက်ကွဲမှုပြီးတဲ့နောက်မှာမှ သူတို့ဟာ ရရာလက်နက်ကို အစားထိုးအသုံးပြုပြီး တိုက်ခိုက်မှုကို လျင်လျင်မြန်မြန်လုပ်ခဲ့တာလို့ စဉ်းစားနိုင်ပါတယ်။

သူတို့ရဲ့ အိုင်ဒီယိုလိုဂျီက ဘယ်လိုပဲ ဖြစ်နေပါစေ၊ အကြမ်းဖက်သမားတွေဟာ နည်းပညာအသစ်တွေရဲ့ အစွမ်းကို အလျင်အမြန် ရယူတတ်ကြပါတယ်။ အကြမ်းဖက်သမားတွေဟာ ၁၈၈၀ ပြည့်လွန်နှစ်တွေမှာ ဒိုင်းနမိုက်ကိုသုံးခဲ့တယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရုပ်မြင်သံကြားကို အသုံးချခဲ့တယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေရောက်တော့ ခရီးသည်တင် လေယာဉ်တွေကို အသုံးချပြန်တယ်။ ဒါပေမဲ့ မော်တော်ကားတွေ ပေါ်တာ ကြာလှပြီဖြစ်ပေမယ့် အကြမ်းဖက်သမားတွေက အသုံးပြုရမယ့် လက်နက်အဖြစ် နှစ်တွေအကြာကြီး တွေ့ရှိခဲ့ခြင်းမရှိတာကတော့ဖြင့် အံ့သြစရာပါပဲ။

Most Read

Most Recent