ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရန်ကုန်မြို့၏ အချက်အချာကျ နေရာများရှိ မြေဈေးနှုန်းများ ငါးနှစ်အတွင်း ခြောက်ဆနီးပါးမြင့်တက်၊ အိမ်ခြံမြေရောင်းဝယ်ခွန် လျှော့ချပေးထားမှု သြဂုတ်လ ၁၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် PDF Print E-mail

     ရန်ကုန်မြို့၏ နေရာကောင်းဟု သတ်မှတ်ခံထားရသည့် လမ်းမတန်းများ၊ လမ်းသွယ်များရှိ မြေကွက်များ နှင့် လူနေထူထပ်၍ ဈေးကွက်ဖွံ့ဖြိုး လာသည့်နေရာများရှိ မြေကွက်များ၏ ခေါ်ဈေးများမှာ ငါးနှစ်အတွင်း၌ပင် ခြောက်ဆနီးပါး မြင့်တက်လာနေသည်ဟု အကျိုးဆောင်များ၊ ၀ယ်ယူရန် စုံစမ်းနေသူများက ဆိုကြသည်။


    ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပြည်လမ်းမပေါ်တွင် မြေတစ်စတုရန်းပေလျှင် ကျပ် ၂၅၀၀၀၀ ၀န်းကျင် သာ ခေါ်ဈေးရှိခဲ့သည့် အခြေအနေမှ ယခုအခါ ပြည်လမ်းမပေါ်ရှိ မြေ တစ်စတုရန်းပေ၏ခေါ်ဈေးမှာ ကျပ် ၄၀၀၀၀၀ ၀န်းကျင်အထိပင် ရှိလာသည်ဟု အကျိုးဆောင်များကဆိုကြသည်။


    အင်းလျားလမ်းမပေါ်တွင် မြေတစ်စတုရန်းပေ ခေါ်ဈေးမှာ ၂၀၀၅ ခုနှစ်အတွင်းက အမြင့်ဆုံး ကျပ် ၆၀၀၀၀ ၀န်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ တစ်စတုရန်းပေကို ပျမ်းမျှ ကျပ် ၃၀၀၀၀၀ အထိ ဈေးခေါ်ကြ သည်ဟုဆိုသည်။ အကောင်းဆုံးဆိုသည့်နေရာများတွင် ကျပ် ၃၅၀၀၀၀ အထိပင် ခေါ်ဈေးရှိနေသည်။ အင်းလျားလမ်းသွယ် တွင်လည်း ထိုနည်းတူပင် ၂၀၀၅ ခုနှစ်က တစ်စတုရန်းပေလျှင် ကျပ် ၂၅၀၀၀ ၀န်းကျင်သာ အမြင့်ဆုံးရှိသော်လည်း ယခုအခါ ကျပ် ၁၅၀၀၀၀ အထိ ဈေးခေါ်လာကြပြန်ကြောင်း သိရပါသည်။


 အင်းလျားလမ်းမပေါ်တွင် မြေတစ်စတုရန်းပေ ခေါ်ဈေးမှာ ၂၀၀၅ ခုနှစ်အတွင်းက အမြင့်ဆုံး ကျပ် ၆၀၀၀၀ ၀န်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ တစ်စတုရန်းပေကို ပျမ်းမျှ ကျပ် ၃၀၀၀၀၀ အထိ ဈေးခေါ်ကြ သည်ဟုဆိုသည်။ 


    ဒဂုံလမ်းမတန်း၊ ကမ္ဘာအေးစေတီလမ်းမတန်း(ရွှေဂုံတိုင်) တို့ကဲ့သို့သော အချက်အချာကျ နေရာများရှိ မြေခေါ်ဈေးများမှာလည်း မြင့်တက်လာခဲ့ကြောင်း၊ ထိုသို့ယခင်ကတည်း က အချက်အချာကျသည့် နေရာ များ မြေဈေးမြင့်တက်လာသည့် နည်းတူ မြေနီကုန်းကဲ့သို့သော လူနေထူထပ်၍ ဈေးကွက်ကောင်းလာသည့် နေရာများရှိ မြေဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
    ထိုသို့ ဈေးနှုန်းများ မြင့်တက် လာရသည့် အဓိကအကြောင်းရင်းမှာ အချက်အချာကျနေရာမှာ ၀ယ်လိုအားဖြင့်ကိုက်ညီအောင် တိုးလာခြင်းမျိုးမရှိဘဲ ရှိနှင့်ပြီး အကွက်အကွင်းကောင်းသည့် နေရာများကိုသာ ထပ်ခါတလဲလဲ တစ်ဦးလက်တစ်ဦး လွှဲပြောင်းဝယ်ယူ နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။


   အခြားကာလတိုဈေးကွက်များ ကို ခိုင်မာမှုမရှိတော့ဟု ကာလတို ရင်းနှီးမြှုပ်နှံသူများ ရှုမြင်လာခြင်းမှာ အချက်တစ်ချက်အနေဖြင့် ပါဝင်သည်။ သို့သော် ယခုနောက်ပိုင်း မြေကွက်များကို တန်ဖိုးကြီးစွာပေး၍ ၀ယ်ယူလာခဲ့သူများမှာ ကာလတို ရင်းနှီးမြှုပ်နှံသူများ မဟုတ်တော့ဘဲ လုပ်ငန်းများစွာ ပိုင်ဆိုင်သည့် တိုင်းရင်းသား လုပ်ငန်းရှင်ကြီးများ၏ ၀ယ်လိုအားက အများစု ဖြစ်နေသည့်အတွက်လည်း ၎င်းတို့ပိုင်ဆိုင်ပြီးနောက် ပြန်လည် ၀ယ်ယူနိုင်သူ မရှိသလောက် နည်းပါးခြင်း၊ ၎င်းင်းတို့မှလည်း ပြန်လည်ရောင်းချမှု နည်းပါးခြင်းတို့ကြောင့် ၀ယ်လိုအားသာရှိပြီး ရောင်းလိုအား မရှိသည့်အတွက် ခေါ်ဈေးများမြင့် တက်လာခြင်းဖြစ်သည်ဟု သိရသည်။


    'ပြည်လမ်းမှာ မြေဈေးက တစ်ပေပတ်လည် ကျပ် ၄၀၀၀၀၀ ၀န်းကျင်အထိ ခေါ်လာတဲ့အတွက် ရန်ကုန်မြို့မြေဈေးနှုန်းဟာ အချက်အချာကျနေရာဆိုရင် ဘန်ကောက်မှာထက်တောင် မြင့်သွားတယ်။ အချက်အချာကျဆိုရင် အင်းလျား၊ ပြည်၊ ကမ္ဘာအေး၊ ဒဂုံ ဆိုတဲ့နေရာတွေက မြေကွက်တွေပဲရှိတာလေ။ ဆူးလေဘုရားလမ်းမှာ မြေကွက်လွတ်ဆိုတာ လုံးဝမရှိတော့ဘူး။ ၀ယ်ချင်တဲ့သူက အင်းလျား၊ ပြည်လမ်းပဲလို ချင်တယ်ဆိုရင် အဲဒီတစ်ဝိုက်ပဲလိုက် ရှာဝယ်ကြတာ။ အဲဒီနေရာတွေက မြေကွက်ကလည်း အကွက် ၁၀၀ ရှိရင် ဒီအကွက် ၁၀၀ ကိုပဲ တစ်ဦးလက်တစ်ဦး ပြောင်းဝယ်ကြရတာ မြေကွက်ကတိုးမလာဘူး၊ ၀ယ်လိုအားပဲ တိုးလာတယ်။ ဒီတော့ ကျွန် တော့လက်ထဲကနေ တစ်ပေပတ်လည် ကျပ် ၉၀၀၀၀ နဲ့ဝယ်တဲ့သူက ပြန်ရောင်းရင် တစ်ပေပတ်လည် ကျပ် ၁၂၀၀၀၀ နဲ့ရောင်းမယ်၊ နောက်တစ်ယောက်က အဲဒီလူဆီက ကျပ်တစ်သိန်းခွဲနဲ့ ပြန်ဝယ်တယ်ဆိုတဲ့ သဘောနဲ့ မြေဈေးတွေတက်လာတာပါ'ဟု ယူနတီအိမ်ခြံမြေ ကုမ္ပဏီမှ မန်နေဂျာ ဦးဇော်ဇော်က ရှင်းပြခဲ့သည်။


    'ငါးနှစ်အတွင်း ဘာလို့ ဒီလောက် မြင့်တက်လာသလဲလို့ ပြောရင် ၀ယ်လို့မရလို့ ခေါ်ဈေးဆက်တိုက် မြင့်လာတာပါ။ အရင်တုန်းက မြေကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေက မြတ်တာနဲ့ပြန်ရောင်းဖို့ ရည်ရွယ်ပြီး ၀ယ်ထားတာ။ အခု အချက်အချာကျ နေရာတွေမှာ ၀ယ်ထားတဲ့သူတွေက ပြန်ရောင်းဖို့မဟုတ်ဘူး။ လိုချင်လို့ ၀ယ်ထားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးတွေများတယ်။ သူတို့ကလည်း မြန်မာနိုင်ငံမှာ ငွေအတတ်နိုင်ဆုံး သူတွေလေ။ သူတို့က ပြန်မရောင်း တဲ့အတွက် ရောင်းမယ့်မြေကွက်နည်းပြီး ၀ယ်သူသာရှိနေတော့ တက်တာပေါ့ဗျာ။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ရောက်လာနိုင်တာ၊ ၂၀၁၅ အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်မှု အချိန်ရောက်တာနဲ့ ပြည်ပကလုပ်ငန်းတွေ ၀င်လာနိုင်တာကို ကြိုမြင်တဲ့အတွက်လည်း လုပ်ငန်းရှင်တွေ မြေဘက်ကို ပြန်ဝင်လာလို့လည်း မြင့်တက်လာတာပါ။ တချို့ဆို အခုကတည်းကတောင် ကြိုတင်မြှုပ်နှံတာလုပ်ဖို့ စီစဉ်တယ်လို့ ကြားရတယ်'ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။


    ကျပ်သန်း ၅၀၀၀ နှင့်အထက် ဆိုပါက အခွန် ၁၂ ရာခိုင်နှုန်း၊ ကျပ် သန်း ၅၀၀၀ အောက်ဆိုပါကအခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန် လျှော့ချပေးထားမှု သက်တမ်းမှာ ကုန်ဆုံးရန် ရက်ပိုင်းမျှသာ ကျန်ရှိတော့ကြောင်း သိရသည်။


    ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါလျှော့ချထားသည့် အခွန်နှုန်းဖြင့်ပေးဆောင်ရန် သတ်မှတ်ထားမှု မှာ နှစ်နှစ်ဖြစ်သည့်အတွက် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။


    အဆိုပါအခွန်လျှော့ချပေးမှု သက်တမ်းအား ထပ်မံတိုးမြှင့်ပေးခြင်း ရှိ၊ မရှိကို တရားဝင်ညွှန်ကြားစာ ထုတ်ပြန်မှုယနေ့ထိ(ဇူလိုင်လ ၃၀) ရက်နေ့အထိ မရှိသေးကြောင်းလည်း ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


    '၀င်ငွေရလမ်းမပြနိုင်ရင် ကျပ်သန်း ၅၀၀၀ အထက်ဆိုရင် ၁၂ ရာ ခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက် ဆိုရင် ၁၅ ရာခိုင်နှုန်းနဲ့ ပေးဆောင်ရတယ်။ အဲဒီအထဲမှာ အခွန်တံဆိပ် ခေါင်းတန်ဖိုး ၇ ရာခိုင်နှုန်းပါ ပါဝင်တဲ့ အတွက် ၁၅ ရာခိုင်နှုန်းကျသင့်တဲ့ သူဆိုရင် တကယ်ပေးဆောင်ရတာက တံဆိပ်ခေါင်းတန်ဖိုး ၇ ရာခိုင်နှုန်း နှုတ်ပြီး ၈ ရာခိုင်နှုန်းပဲ ပေးဆောင်ရတာပါ။ အဲဒီသက်တမ်းက ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်ကနေ နှစ်နှစ်သက်တမ်းဆိုတော့ ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်။ နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကကို အပြီးအပြတ် ဈေးပြိုင်စနစ်နဲ့ ရောင်းချတုန်းကလည်း ၀ယ်ယူသူတွေအနေနဲ့ ၀င်ငွေရလမ်းမပြနိုင်ရင် အဲဒီနှုန်းနဲ့ပေးဆောင်ဖို့ ညွှန်ကြားသေးတယ်လေ။ အခုတော့ သက်တမ်းပြည့်တော့မယ်၊ သက်တမ်းတိုးမယ်လို့တော့ ကြားပေမယ့် အခုထိတော့ တရားဝင်ညွှန်ကြားချက် ထွက်မလာသေးဘူးလို့ သိရတယ်'ဟု အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတစ်ခု မှ ဈေးကွက်မန်နေဂျာ တစ်ဦးက ရှင်းပြခဲ့ပါသည်။


    အချက်အချာကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ယခုနောက်ပိုင်း ရန်ကုန်ရှိလမ်းမတန်းများတွင်သာမက လမ်းသွယ်များ၌ပင် ကန်ထရိုက်တိုက်များ အစီအရီဆောက်လုပ်လာသည့် အတွက် မြေကွက်လွတ်ကျန်ရှိမှုမှာ လည်း နည်းပါးလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက် ရခြင်းဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း နိုင်ငံတကာမှ ပြည်ပရင်း နှီးမြှုပ်နှံသူများကိုမျှော်၍ ရောင်းချခြင်း မရှိတော့ဘဲ ကိုင်ထားသူက များ လာခြင်းကြောင့် ခေါ်ဈေးတက်လာခြင်း ဖြစ်သည်ဟု သုံးသပ်ကြပါသည်။


နှစ်အလိုက် ရန်ကုန်မြို့ စီးပွားရေးအချက်အချာကျ နေရာများမှ ပျမ်းမျှမြေဈေးနှုန်းအချို့(တစ်စတုရန်းပေ၊ ကျပ်)

နေရာ  
 ၂၀၀၅     
၂၀၀၆  
  ၂၀၀၇     ၂၀၀၈   
၂၀၁၀(ဇူလိုင်) 
အင်းလျားလမ်းမ  
  ၆၀၀၀၀      ၇၀၀၀၀  
  ၉၀၀၀၀  
  ၁၈၀၀၀၀  
  ၂၅၀၀၀၀-၃၅၀၀၀၀
အင်းလျားလမ်းသွယ်   
  ၂၅၀၀၀ 
   ၃၀၀၀၀  
  ၇၅၀၀၀   
 ၉၀၀၀၀   
 ၁၂၀၀၀၀-၁၅၀၀၀၀
ဒဂုံလမ်းမတန်း   
 ၇၀၀၀၀      ၇၈၀၀၀  
  ၉၀၀၀၀   
 ၂၀၀၀၀၀   
 ၃၀၀၀၀၀ ၀န်းကျင်
ပြည်လမ်းမ   
  ၈၀၀၀၀  
  ၈၇၀၀၀  
  ၁၂၀၀၀၀   
 ၂၅၀၀၀၀  
  ၃၅၀၀၀၀-၄၀၀၀၀၀
ကမ္ဘာအေးလမ်းမ(ရွှေဂုံတိုင်)   
  ၆၀၀၀၀   
 ၇၀၀၀၀  
  ၁၁၀၀၀၀   
 ၁၆၀၀၀၀   
 ၂၅၀၀၀၀-၂၈၀၀၀၀
 မြေနီကုန်း (၀န်းကျင်)  
  -   
 -  
  -    
  ၁၅၀၀၀၀
  ၂၅၀၀၀၀ ၀န်းကျင်

မှတ်ချက်။      ။အချက်အချာကျမှု အပေါ်မူတည်၍ ဈေးကွာခြားမှုရှိနိုင်သည်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်း ခေါ်ဈေးအချို့ ဖြစ်သည်။

 

Comments 

 
+35 #1 manwanpan 2010-08-01 12:08
ဘယ်တရုတ်တွေ ဘယ်ကုလားတွေက ဘယ်မြေတွေဝယ်နြေ ကလဲ
တို့ဗမာတွေဘယ်ကိုလွန့်ကုန်ပြီလဲ
တိုင်းရင်းသားတွေဟာဒီလိုနဲ့ပဲမြို့ပြင်ကိုရောက် ကုန်ကြတာပါပဲ။
သူတိုဘယ်ကငွေတွေ နဲ့ဝယ်နေကြတာလဲ
ဒို့များတော့ ဒီလောက်ငွေတွေ ဘယ်လိုရှာရမလဲ။