အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် ထိုင်းတို့က စီးပွားရေးပြုပြင်ပြောင်းလဲမှု ထိပ်တန်းနိုင်ငံများ ဖြစ်လာ

အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် ထိုင်းတို့က စီးပွားရေးပြုပြင်ပြောင်းလဲမှု ထိပ်တန်းနိုင်ငံများ ဖြစ်လာ
Published 2 November 2017

စက်တင်ဘာ ၂၅ ရက်က လူဟီယာနာဒေသရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ အိန္ဒိယအလုပ်သမားများ အလုပ်လုပ်နေသည်ကို တွေ့ရစဉ် (Photo: AFP)

အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် ထိုင်းတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် တိုးတက်မှုအရှိဆုံးနိုင်ငံများ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ၎င်း၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့နိုင်ငံ ၁၉၀ ၏ ဆောင်ရွက်ချက်များကို သုတေသနပြုခဲ့သော ယင်းအစီရင်ခံစာတွင် ကြိုးနီစနစ် လျှော့ချခြင်း၊ စည်းမျဉ်း စည်းကမ်းများ ပြုပြင်ပြောင်းလဲခြင်းဖြင့် အလုပ်အကိုင်ဖန်တီးမှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေခဲ့မှုတို့ကို စောင့်ကြည့်အကဲဖြတ်ခဲ့ သည်။ နယူးဇီလန်နှင့် စင်ကာပူတို့က စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးနိုင်ငံများစာရင်းတွင် ထိပ်တန်း၌ အစဉ်လိုက် ဆက်လက်ရှိနေခဲ့သည်။

ဆာဟာရအောက်ပိုင်း အာဖရိကဒေသ  နိုင်ဂျီးရီးယားသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဒေသတွင်း၌ တိုးတက်မှုအရှိဆုံး ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံဖြစ်ခဲ့ပြီး အဆင့် ၂၄ ဆင့် ခုန်တက်ခဲ့ကာ နိုင်ငံ ၁၉၀ ၌ အဆင့် ၁၄၅ ရရှိခဲ့သည်။

နိုင်ဂျီးရီးယားသည် စာရွက်စာတမ်း အထောက်အထားများ မှတ်ပုံတင်ရန်အတွက် အီလက်ထရွန်နစ်စနစ်ကို မိတ်ဆက်ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းများ စတင်မှုကို ပိုမိုလျင် မြန်စေခဲ့သည်။ ထို့ပြင် ချေးငွေ သတင်းအချက်အလက်များနှင့်ပတ်သက်ပြီး တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အခွန်ပေးဆောင်ရန်ကိုလည်း ဗဟိုထိန်းချုပ် အီလက်ထရွန်နစ်စနစ်ကို မိတ်ဆက်ကျင့်သုံးခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာသည် ယခုနှစ်တွင် ၁၅ ကြိမ်မြောက် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ဇွန် ၂ ရက်မှ ယခုနှစ် ဇွန် ၁ ရက်ထိ ကာလအတွင်း အကျုံးဝင်ခဲ့သည်။

စီးပွားရေးလုပ်ငန်းစတင်ရန် လွယ်ကူမှု၊ လျှပ်စစ်ဓာတ်အား လွယ်ကူစွာ ချိတ်ဆက်နိုင်မှု၊ ကန်ထရိုက် သဘောတူညီချက် တည်တံ့ ခိုင်မြဲမှု၊ အခွန်စနစ်ကောင်းမွန်မှု၊ ဒေဝါလီခံရန် လုပ်ငန်းစဉ်များ ကောင်းမွန်မှုကဲ့သို့သော နယ်ပယ်များကို စွမ်းဆောင်မှုခြေရာခံပြီး အဆင့် အကဲဖြတ်သတ်မှတ်သည်။

ထို့နောက် စီးပွားရေး ပတ်ဝန်းကျင် တိုးတက်လာမှုကိုလည်း အမှတ်ပေး အကဲဖြတ်ခဲ့သည်။ ရမှတ်မြင့်မားသည့်နိုင်ငံများသည် အလုပ်အကိုင် ပိုမိုဖန်တီးနိုင်ခဲ့ကြောင်း၊ သို့ သော်လည်း အလုပ်အကိုင်ဖန်တီးမှုသည် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုအတွက် အဓိကအချက်ဟု မဆိုလိုကြောင်း ယင်းအစီရင်ခံစာက သတိပေးခဲ့သည်။ ရမှတ်နိမ့်ပါးသောနိုင်ငံများသည် ဝင်ငွေမညီမျှမှု ပိုမိုမြင့်မားကြောင်းကို စစ်တမ်းက ဖော်ပြသည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။

အိန္ဒိယသည် ယခုနှစ်တွင် အဆင့် ၃၀ ကျော် ခုန်တက်ခဲ့ပြီး အဆင့် ၁၀၀ သို့ ရောက်ရှိခဲ့ကာ တိုးတက်မှုအမြင့်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် ထိပ်တန်းမှ ပါဝင်ခဲ့သည်။ ၂၀၁၆ မှ ၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယသည် ပြုပြင် ပြောင်းလဲမှုရှစ်ခုကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ အင်အားနည်း ရင်းနှီးမြှုပ်နှံသူများကို ကာကွယ်ရန်အတွက် ဆောင်ရွက်မှု၌ အိန္ဒိယသည် တောင်အာရှတွင် ရမှတ်အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးတိုးတက်မှုကို သိသိသာသာ နှေးကွေးစေခဲ့သော စီးပွားပြုပြင်ပြောင်းလဲမှုကြီးများ ဆက်တိုက်ဆောင်ရွက်ခဲ့မှုအတွက် ဝေဖန်ခံနေရသော ဝန်ကြီးချုပ် နရင်ဒရာမိုဒီအတွက် ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်က သတင်းကောင်းဖြစ်ခဲ့သည်။

မိုဒီအစိုးရသည် ပြီးခဲ့သည့် ၁၂ လအ တွင်း ဧရာမ ပြုပြင်ပြောင်းလဲမှုကြီးနှစ်ခုကို ဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် သုံးစွဲမှု အများဆုံး ငွေစက္ကူများကို ပိတ်ပင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အခွန်စနစ်သစ်တစ်ရပ်ကိုလည်း စတင်ကျင့်သုံးခဲ့သည်။ ယင်းပြုပြင်ပြောင်းလဲ မှုများကြောင့် အိန္ဒိယတိုးတက်မှုသည် ၂၀၁၇ ပထမနှစ်ဝက်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းသို့ နှေးကွေးသွားခဲ့ပြီး သုံးနှစ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။ ယင်း ပြုပြင်ပြောင်းလဲမှုများ ကြောင့် ယခုနှစ် ဇန်နဝါရီမှ သြဂုတ်အတွင်း အိန္ဒိယသည် အလုပ်အကိုင် နှစ်သန်းခန့် ဆုံးရှုံးသွားခဲ့သည်ဟု သုတေသနပညာရှင်များ က ခန့်မှန်းခဲ့သည်။

ကမ္ဘာ့ဘဏ်၏ Ease of Doing Business၂၀၁၈ ခုနှစ်အတွက် အစီရင်ခံစာတွင် ထိုင်းနိုင်ငံသည် အဆင့် ၂၆ ရရှိခဲ့ပြီး ယခင်နှစ်ကထက် အဆင့် ၂၀ ခုန်တက်ကာ အာဆီယံ ပြိုင်ဘက်များ၏ စွမ်းဆောင်မှုကို သာလွန်ခဲ့သည်။ ထိုင်းနိုင်ငံသည် ယခုနှစ်တွင် တိုးတက်မှုအရှိဆုံး ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်ခဲ့ပြီး အာဆီယံ၌ စင်ကာပူနှင့် မလေးရှားတို့နောက်မှ တတိယရရှိခဲ့သည်။

စင်ကာပူသည် တစ်ကမ္ဘာလုံးတွင် အဆင့် ၂ ရရှိခဲ့ပြီး မလေးရှားက အဆင့် ၂၄ ရရှိခဲ့သည်။

 

 

Most Read

Most Recent