အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည်

အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည်
Published 10 November 2017

၂၀၁၇ ခုနှစ် ဧပြီ ၁၄ ရက်က ဗာဂျီးနီးယားရှိ နော့ဖော့ရေတပ်စခန်းသို့ ရောက်လာသည့် USS Gerald R.Ford သင်္ဘောကို အမေရိကန်ရေတပ်က ထုတ်ပြန်သည့်ဓာတ်ပုံတွင် တွေ့ရစဉ်

ဒေသတွင်း၌ မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်းသည် အနောက်ပစိဖိတ်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း အမေရိကန် ရေတပ်က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာရှမာရသွန်ခရီးစဉ် သွားရောက်နေချိန်တွင် ဂျပန်တွင် အခြေစိုက်သော လေယာဉ်တင်သင်္ဘော USS Ronald Reagan၊ ဘရီမာတန်ရှိ ရေတပ်စခန်း Kirsap တွင် အခြေစိုက်သော USS Nimitz နှင့် ဆန်ဒီယာဂိုတွင် အခြေစိုက်သော USS Theodore Roosevelt တို့သည် အပြည်ပြည်ဆိုင်ရာ ရေပြင်တွင် ပူးပေါင်းဆောင်ရွက်မှု စစ်ဆင်ရေးများကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။

ယင်းပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ဒေသတွင်း၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အား အမေရိကန်က ကာကွယ်ပေးမည့်ကတိကို ပြသခြင်းဖြစ်ကြောင်း အမေရိကန်၏ ပစိဖိတ်ရေတပ်၏ကွပ်ကဲမှူး ရေတပ်ဗိုလ်ချုပ်ကြီး စကော့ဆွိက ကြေညာချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်လေယာဉ်တင်သင်္ဘောများသည် လေကြောင်းကာကွယ်ရေး လေ့ကျင့်မှု၊ ရေပြင်ထောက်လှမ်းစောင့်ကြည့်ရေးလေ့ကျင့်မှု၊ ရေပြင်၌ လောင်စာဖြည့်တင်းမှုဆိုင်ရာလေ့ကျင့်မှု၊ လေကြောင်းတိုက်ပွဲဝင်မှုကာကွယ်သည့်လေ့ကျင့်မှု၊ အနီးကပ်ပူးပေါင်း ဆောင်ရွက်သည့်လေ့ကျင့်မှုနှင့် အခြားလေ့ကျင့်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။ လေယာဉ်တင်သင်္ဘောနှစ်စင်းဖြင့် ပူးတွဲလေ့ကျင့်မှုသည် ရှားပါးသော အခွင့်အရေးဖြစ်ကြောင်း၊ သုံးစင်းနှင့် လေ့ကျင့်မှုမှာမူ အလွန်အမင်း ပို၍ရှားပါးကြောင်း ဆွိက ပြောကြားခဲ့သည်။ အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း၌ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းလေယာဉ်တင်သင်္ဘောသုံးစင်းသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကိုရီးယားကျွန်းဆွယ်အလွန် ဂျပန်ပင်လယ်တွင် သွားရောက်ပေါင်းစည်းမည်ဟု မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက Fox News သို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် အမေရိကန်အား အကဲမစမ်းရန် ထရန့်က နိုဝင်ဘာ ၈ ရက်တွင် သတိပေးခဲ့သော်လည်း ၎င်း၏ရန်လိုသောလေသံ လျှော့ချမှုဟု ယူဆရမှုအဖြစ် မြောက်ကိုရီးယား၏ လူငယ်ခေါင်းဆောင် ကင်ဂျုံအွန်အား ကောင်းမွန်သော အနာဂတ်အတွက် လမ်းကြောင်းတစ်ခုကို ထရန့်က ကမ်းလှမ်းခဲ့သည်။

ထရန့်သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းတို့၏ ခြိမ်းခြောက်မှု လွှမ်းမိုးနေသော ဆွေးနွေးပွဲအတွက် နိုဝင်ဘာ ၉ ရက်တွင် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Ref: AFP, AP

Most Read

Most Recent