ရာဟူးလ်ဂန္ဒီက အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်

ရာဟူးလ်ဂန္ဒီက အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်
Published 21 November 2017

နိုဝင်ဘာ ၂၀ ရက်က နယူးဒေလီရှိ ကွန်ဂရက်ပါတီရုံးချုပ်တွင် ဆွေးနွေးပွဲ၌ တွေ့ရသော ရာဟူးလ်ဂန္ဒီ၊ ဆိုနီယာဂန္ဒီနှင့် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း (Photo: AFP)

ရာဟူးလ်ဂန္ဒီသည် ၎င်း၏မိခင်ထံမှ ပါတီဥက္ကဋ္ဌရာထူးအား ရယူသွားမည်ဟု ခန့်မှန်းမှုများ မြင့်တက်နေစဉ် အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီသည် လာမည့်လတွင် ပါတီခေါင်းဆောင်ရွေးချယ်ပွဲကို ကျင်းပသွားမည်ဟု ကြေညာခဲ့သည်။

အဖေ၊ အဘွားနှင့် ဘီတို့က ဝန်ကြီးချုပ်များဖြစ်သည့် ရာဟူးလ်သည် နောက်ဆုံးအကြိမ်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဗဟိုလက်ဝဲယိမ်းကွန်ဂရက်ပါတီအား ဦးဆောင်ခဲ့သည်။ သို့သော် အသက် ၇၀ ရှိ မိခင်ဖြစ်သူ ဆိုနီယာဂန္ဒီသည် ပါတီဥက္ကဋ္ဌအဖြစ်ရှိနေဆဲဖြစ်ပြီး အရေးကြီးသော ဆုံးဖြတ်ချက်များအား ချမှတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ကွန်ဂရက်ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရန် ဆိုနီယာက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုဝင်ဘာ ၂၀ ရက်တွင် ပါတီထိပ်တန်းခေါင်းဆောင်များ ဆွေးနွေးပွဲအပြီး၌ ပါတီခေါင်းဆောင်ရွေးချယ်ပွဲအား လာမည့်လတွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူ မူလက်ပယ်လီရာမချန်ဒရန်က ပြောကြားခဲ့သည်။

ကွန်ဂရက်ပါတီက ပါတီခေါင်းဆောင်အတွက် အမည်စာရင်းသွင်းမှုအား ဒီဇင်ဘာ ၄ ရက် နောက်ဆုံးထားလုပ်ဆောင်မည်ဖြစ်ပြီး မဲခွဲအတည်ပြုမှုအား ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ ကွန်ဂရက်ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲအား နောက်ဆုံးအကြိမ်ကျင်းပခဲ့ပြီး ဆိုနီယာက ကန့်ကွက်သူမရှိဘဲ ရွေးချယ်ခံခဲ့ရသည်။

ဂန္ဒီမိသားစု၏ မျိုးဆက်ဖြစ်သော အသက် ၄၇ နှစ်ရှိ ရာဟူးလ်သည် မိခင်ဖြစ်သူထံမှ ရာထူးလွှဲပြောင်းယူမည်ဖြစ်ကြောင်း လပေါင်းများစွာ ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် ပါတီ၏ ယင်းကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရာဟူးလ်သည် ၂၀၁၃ ခုနှစ်တွင် ကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး မိခင်ဖြစ်သူ၏နေရာအား ဆက်ခံမည့်သူအဖြစ် ကာလရှည်ကြာ ရှုမြင်ခံထားရသည်။

၂၀၁၄ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ်ဖြစ်နေသည့် နရင်ဒရာမိုဒီ၏ ဘရာသီယာဂျနသာပါတီအား ရှုံးနိမ့်ခဲ့သဖြင့် ရာဟူးလ်သည် ၎င်း၏အသက်မဲ့သော မဲဆွယ်လှုပ်ရှားမှုများကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

သို့သော် ပြည်နယ်ရွေးကောက်ပွဲများတွင် ရှုံးနိမ့်မှု တစ်သီတစ်တန်းကြုံခဲ့ရအပြီး မျိုးဆက်နှင့်ချီ အာဏာချုပ်ကိုင်ခဲ့သော ဂန္ဒီမျိုးဆက်အား ပါတီတွင်းမှ လူအနည်းစုကသာ လူသိရှင်ကြားဝေဖန်ရန် ဆန္ဒရှိခဲ့ကြသည်။ ရာဟူးလ်သည် ၂၀၁၄ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးဆိုင်ရာအသိအမြင် ပိုမိုထက်မြက်လာကြောင်း လေ့လာသူအချို့က သုံးသပ်ခဲ့ကြသော်လည်း ၎င်းသည် တွန့်ဆုတ်တတ်သည့် ခေါင်းဆောင်အဖြစ် ကာလရှည်ကြာ ယူဆခံထားရသည်။

အစောပိုင်းတွင် ရာဟူးလ်သည် ငယ်ရွယ်လွန်းပြီး အတွေ့အကြုံအားနည်းခြင်းကြောင့် တစ်ခါတရံ အမှားများကျူးလွန်လေ့ရှိကြောင်း၊ သို့သော် ယခုအခါ သူသည်အတွေ့အကြုံပိုမိုရှိလာပြီဖြစ်ကြောင်း ပါတီဝါရင့်ခေါင်းဆောင် ဗာဘာဒရာဆင်းက ပါတီခေါင်းဆောင်ရွေးချယ်ပွဲ ကြေညာချက်မတိုင်မီ ပြောကြားခဲ့သည်။

၁၉၄၇ ခုနှစ်တွင် အိန္ဒိယက ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း နိုင်ငံအား အချိန်အများစု ဦးဆောင်နိုင်ခဲ့သော ကွန်ဂရက်ပါတီကို အိန္ဒိယပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူးနှင့်အတူ နေရူး-ဂန္ဒီမျိုးဆက်က အချိန်အများစု ဦးဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent