တူရကီအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာရန် ကြိုးပမ်းမှုကို စွန့်လွှတ်သင့်ကြောင်း ပြင်သစ်သမ္မတ ပြောကြား

တူရကီအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာရန် ကြိုးပမ်းမှုကို စွန့်လွှတ်သင့်ကြောင်း ပြင်သစ်သမ္မတ ပြောကြား
Published 7 January 2018

ဇန်နဝါရီ ၅ ရက်က ပါရီရှိ ပြင်သစ်သမ္မတ နန်းတော်တွင် တူရကီသမ္မတ အာဒိုဂန် (ဝဲ) အား နှုတ်ဆက်နေသည့် ပြင်သစ်သမ္မတ မက်ခရွန် (Photo - AFP)

ပါရီသို့လာရောက်ခဲ့သော တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်နှင့် ဆွေးနွေးခဲ့အပြီးတွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က တူရကီအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်လာရန် ရည်မှန်းချက်ကို စွန့်လွှတ်သင့်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် အကြံပြုခဲ့သည်။ တူရကီသည် ပါရီသို့ အာဒိုဂန်၏ ခရီးစဉ်အတွင်း ဥရောပနှင့်အေးခဲသော ဆက်ဆံရေးကို ပြန်လည်နွေးထွေးလာစေရန် မျှော်လင့်ခဲ့သော်လည်း ခေါင်းဆောင်နှစ်ဦးအကြား ဆွေးနွေးမှုသည် တူရကီတွင် ၂၀၁၆ ခုနှစ်၌ မအောင်မြင်ခဲ့သော အာဏာသိမ်းမှုအလွန် အစိုးရ၏ အလွန်အမင်း ဖြိုခွင်းခဲ့မှုအား စိုးရိမ်မှုများက အရိပ်မိုးနေခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် တူရကီ၏ နှစ်များစွာ တန့်နေသောကြိုးပမ်းမှုသည် တိုးတက်မှုမရှိကြောင်း၊ ၎င်းတို့သည် အခန်းကဏ္ဍသစ် ဖွင့်လှစ်နိုင်မည်ဟု ပြောကြားလျှင် လိမ်ရာကျမည်ဖြစ်ကြောင်း မက်ခရွန်က တူရကီ၏ အလားအလာကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂနှင့် မကြာသေးမီက ဆက်ဆံရေးအရ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့် ရွေးချယ်မှုများသည် တူရကီ၏ အဖွဲ့ဝင်ဖြစ်လာရေး ကြိုးပမ်းမှုတွင် တိုးတက်ရန် အခွင့်အလမ်းမရှိမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေကြောင်း မက်ခရွန်က တူရကီသမ္မတနှင့် ပွင့်လင်းသော ဆွေးနွေးမှုအပြီး ပြောကြားခဲ့သည်။

တူရကီက ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ရရန် စောင့်ဆိုင်းမှုသည် ၅၄ နှစ်ကြာမြင့် လာချိန်တွင် တူရကီပြည်သူများကို အလွန်အမင်း ပင်ပန်းစေခဲ့ပြီဖြစ်ပြီးသူသည် ဆုံးဖြတ်ချက်တစ်ခုခု ချရတော့မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သော်လည်း အသေးစိတ် မပြောခဲ့ပေ။

အာဏာသိမ်းရန်ကြိုးပမ်းမှုအလွန်၌ မီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် အတိုက်အခံများအား ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည့် အာဒိုဂန်အား မက်ခရွန်က ဖိတ်ခေါ်ခဲ့မှုကြောင့် ပြင်သစ်လက်ဝဲယိမ်း၊ အလုပ်သမား သမဂ္ဂများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ပြင်သစ်သမ္မတ နန်းတော်အပြင်ဘက်တွင် ဇန်နဝါရီ ၅ ရက်၌ ဆန္ဒပြရန်ကြိုးပမ်းခဲ့ကြသည့် ကာ့ဒ်ဆန္ဒပြအဖွဲ့တစ်ဖွဲ့သည် ဖမ်းဆီးခံခဲ့ရသည်။ နယ်စည်းမထား သတင်းထောက်များအဖွဲ့ကလည်း ထောင်ဒဏ်ကျခံနေရသော ဂျာနယ်လစ်များ၏ ဓာတ်ပုံများကိုင်ဆောင်လျက် ပါရီရှိ တူရကီသံရုံးအပြင်ဘက်၌ ဆန္ဒပြခဲ့သည်။

တူရကီထောက်လှမ်းရေးအဖွဲ့က ဆီးရီးယားရှိ အစွန်းရောက်အဖွဲ့များထံ လက်နက်များပေးပို့နေကြောင်း သတင်းတစ်ခု နှင့် ပတ်သက်၍ အာဒိုဂန်နှင့် ပြင်သစ်မီဒီယာတို့ တွေ့ဆုံစဉ် ဂျာနယ်လစ်တစ်ဦးက မေးခဲ့ရာမှ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အာဒိုဂန်က  FETO ၏ပါးစပ်ဖြင့် မပြောရန် ခွန်းတုံ့ပြန်ခဲ့သည်။ FETO သည် တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ဆီးရီးယားသို့ လက်နက်များပို့မှုတို့တွင်ပါ ပါဝင်သည်ဟု တူရကီက စွပ်စွဲထားသည့် အမေရိကန်အခြေစိုက် ဘာသာရေးဆရာ ဖေတူလာဂူလင် အကြမ်းဖက်အဖွဲ့အစည်းကို အာဒိုဂန်က ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။

ယခုခရီးစဉ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စကို ဆွေးနွေးခဲ့သည့်အပြင် တူရကီက ပြင်သစ်-အီတလီ ယာယီလုပ်ငန်းစုတစ်ခုနှင့် ဒုံးခွင်းစနစ် စီမံကိန်းသဘောတူညီချက်၊ ဥရောပလေယာဉ်ကုမ္ပဏီ အဲဘတ်စ်ထံမှ လေယာဉ်သစ်များဝယ်ယူရေး သဘောတူညီချက်တို့တွင် လက်မှတ်ထိုးခဲ့သည်။

Ref; AFP

Most Read

Most Recent