ရေနံကုမ္ပဏီအရှုံးပေါ်မှုအတွက် ထိပ်တန်းအမှုဆောင်များအား ဗီယက်နမ်က ရုံးတင်စစ်ဆေး

ရေနံကုမ္ပဏီအရှုံးပေါ်မှုအတွက် ထိပ်တန်းအမှုဆောင်များအား ဗီယက်နမ်က ရုံးတင်စစ်ဆေး
Published 9 January 2018

ဇန်နဝါရီ ၈ ရက်က ဟနွိုင်းရှိ ပြည်သူ့တရားရုံးသို့ ရဲများက စောင့်ကြပ်ခေါ်ဆောင်လာသည့် ဗီယက်နမ်ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဒင်လာသန်း (Photo: AFP)

နိုင်ငံပိုင်ရေနံလုပ်ငန်း Petro Vietnam တွင် အရှုံးပေါ်မှုအတွက် အမှုဆောင် ၂၂ ဦးကို ဗီယက်နမ်က ဇန်နဝါရီ ၈ ရက်တွင်  ရုံးတင်စစ်ဆေးခဲ့သည်။ စစ်ဆေးခံရသူများတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးနှင့် ဂျာမနီ၌ ဖမ်းဆီးခံခဲ့ ရသည့် စီးပွားရေးလုပ်ငန်းအမှုဆောင်တစ်ဦး ပါဝင်သည်။

ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဒင်လာသန်း၊ ၅၇ နှစ်သည် Petro Vietnam ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးစီမံခန့်ခွဲမှု စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ သူသည် Petro Vietnam ၏ မိတ်ဖက်ကုမ္ပဏီ Petro Vietnam's Construction Joint Stock Company (PVC) ကို လျှပ်စစ်ဓတ်အားပေးစက်ရုံတစ်ရုံတည်ဆောက်ရေးအတွက် လေလံလုပ်ငန်းမဆောင်ရွက်ဘဲ ကန်ထရိုက်လုပ်ငန်းချထားပေးခဲ့ဟု စွဲချက်တင်ခံထားရသည်။

ဒင်လာသန်းသည် PVC ကို ဒေါ်လာ ၆၇ သန်း ကြိုပေးခဲ့သည်ဟု စွပ်စွဲခံထားရပြီး PVC သည် ယင်းငွေကြေးများကို မှန်ကန်သော ရည်ရွယ်ချက်အတွက် မသုံးစွဲခဲ့သောကြောင့် နိုင်ငံကို ဒေါ်လာ ၅ ဒသမ ၅ သန်း ဆုံးရှုံးစေခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဒင်လာသန်းသည် ဆယ်စုနှစ်များစွာ အတွင်း ရုံးတင်စစ်ဆေးခံရသည့် ပထမဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနှစ် ၂၀ ကျခံရမည်ဖြစ်သည်။

PVC ၏ ဥက္ကဋ္ဌဟောင်း ထရင်စွမ်သန်၊ ၅၁ နှစ်သည် နောက်ထပ်လျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခုမှ ဒေါ်လာ ၁၈၆၀၀၀ အလွဲသုံးစားပြုမှုနှင့် အလားတူစွဲချက်ကို စွပ်စွဲခံထားရသည်။

ယင်းစွပ်စွဲချက်များသည် ပြစ်မှုထင်ရှားလျှင် သေဒဏ်ကျခံရမည်ဖြစ်သည်။ ထရင်စွမ်သန်အား ဘာလင်ပန်းခြံတစ်ခုတွင် ဗီယက်နမ်ထောက်လှမ်းရေးများက လာရောက် ပြန်ပေးဆွဲသွားခဲ့သည်ဟု ဂျာမန်အစိုးရက သြဂုတ်လတွင် စွပ်စွဲခဲ့သည်။ ဗီယက်နမ်က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး သန်သည် ရဲထံသို့ ဆန္ဒလျောက်လာရောက် အဖမ်းခံခဲ့ဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Petro Vietnam  ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သည့် PVC တွင် ဒေါ်လာသန်း ၁၅၀ ကျော် ဆုံးရှုံးစေခဲ့မှုအတွက် ထရင်စွမ်သန်အား ရုံးတင်စစ်ဆေးခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်က ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် ငါးနှစ်သက်တမ်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရသော နွင်ဖူထရောင်လက်ထက်တွင် ခြစားမှုကို မကြုံစဖူး နှိမ်နင်း နေရာ Petro Vietnam  နှင့် ဗီယက်နမ်  ဘဏ်လုပ်ငန်းတို့က အဓိကပစ်မှတ်ထားခံရသည်။

ခြစားသူ တာဝန်ရှိသူများသည် မည်သူပင်ဖြစ်စေ၊ မည်သည့်ရာထူးပင်ဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း ဒင်လာသန်းနှင့် ထရင်စွမ်သန်တို့ကို ရုံးတင်စစ်ဆေးမှုက ပြင်းထန်သည့် သတိပေးချက်ပေးပို့လိုက်ခြင်းဖြစ်ကြောင်း စင်ကာပူအခြေစိုက် ISEAS - Yusof Ishak Institute မှ သုတေသနပညာရှင် လီဟောင်ဟီရက်က ပြောကြားခဲ့သည်။

Most Read

Most Recent