ဘင်္ဂါလီမွတ်စလင် တစ်သန်းကျော်ကို လက်ခံထားရဟု ဘင်္ဂလားဒေ့ရှ် ပြောကြား

ဘင်္ဂါလီမွတ်စလင် တစ်သန်းကျော်ကို လက်ခံထားရဟု ဘင်္ဂလားဒေ့ရှ် ပြောကြား
Published 18 January 2018

ဇန်နဝါရီ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှ ၃၇ ဒသမ ၅ မိုင်အကွာတွင်ရှိသော ဒုက္ခသည်စခန်း၌ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် သားအဖကို တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီမွတ်စလင် တစ်သန်းကျော်နေထိုင်နေကြောင်း ဘင်္ဂလားဒေ့ရှ်၏ ဘင်္ဂါလီမွတ်စလင်မှတ်ပုံတင်ရေးဥက္ကဋ္ဌက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်တို့ ပြန်လည်လွှဲပြောင်းရေးကို မြန်မာနိုင်ငံနှင့် ညှိနှိုင်းမှုများဆောင်ရွက်နေစဉ် ယခုမှတ်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီမွတ်စလင်များ ယမန်နှစ်က စုပြုံဝင်ရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ဘင်္ဂါလီမွတ်စလင်တို့အား မှတ်ပုံတင်ရေးကို စတင်ဆောင်ရွက်ခဲ့သည်။

ဘင်္ဂါလီမွတ်စလင်တို့ ပြန်လည်လွှဲပြောင်းရေးကို ရည်ရွယ်၍ ယင်းမှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လာမည့်သီတင်းပတ်မှစပြီး ဘင်္ဂါလီမွတ်စလင်တို့ကို စတင်ပြန်လွှတ်လိုကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောကြားထားသည်။

“ခုချိန်ထိ ကျွန်တော်တို့မှတ်ပုံတင်ထားတာ ဘင်္ဂါလီမွတ်စလင် ၁,၀၀၄,၇၄၂ ရှိပါတယ်။ သူတို့ကို သက်သေခံကတ်တွေပေးထားပါတယ်” ဟု ဘင်္ဂါလီမွတ်စလင် မှတ်ပုံတင်ရေးစီမံကိန်းအား ဦးဆောင်သော ဗိုလ်မှူးချုပ်ဆာအီဒါရာမန်က ပြောကြားခဲ့သည်။

မှတ်ပုံမတင်ရသေးသော ဘင်္ဂါလီမွတ်စလင် ထောင်ပေါင်းများစွာရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ထိုစာရင်းအင်းသည် ကုလသမဂ္ဂကထုတ်ပြန်ထားသည့် စာရင်းထက် ပိုမိုများပြားနေသည်။ မြန်မာနှင့်နယ်စပ်ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်တွင် ဘင်္ဂါလီမွတ်စလင် ၉၆၂,၀၀၀ ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ယင်းတို့တွင် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသည့် ဘင်္ဂါလီမွတ်စလင် ၆၅၅,၀၀၀ ပါဝင်သည်။

ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားတို့က ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာတပ်မတော်က ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ဘင်္ဂါလီမွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်သို့ အစုအပြုံလိုက် ဝင်ရောက်သွားခဲ့ကြသည်။

အချို့ဘင်္ဂါလီမွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ဒုက္ခသည်များ ပြန်လည်လွှဲပြောင်းရေး သဘောတူညီချက်အရ ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသူများသာ အကျုံးဝင်မည်ဖြစ်သည်။

ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံမှု နှစ်နှစ်အတွင်းပြီးစီးရန် သဘောတူထားသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့ရာ သိန်းနှင့်ချီသော ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းသောအချိန် မူဘောင်တစ်ရပ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လွှဲပြောင်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

Most Read

Most Recent