မြောက်ကိုရီးယားနှင့် ဖြစ်လာနိုင်သည့် စစ်ပွဲအတွက် အမေရိကန်စစ်တပ်က အလွန်အမင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေ

မြောက်ကိုရီးယားနှင့် ဖြစ်လာနိုင်သည့် စစ်ပွဲအတွက် အမေရိကန်စစ်တပ်က အလွန်အမင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေ
Published 18 January 2018

ဇန်နဝါရီ ၁၇ ရက်တွက် စစ်ကားတစ်စီးက စစ်တပ်စစ်ဆေးရေးစခန်းကိုဖြတ်ပြီး ပန်မန်ဂျွန် အပစ်အခတ်ရပ်စဲရေး ကျေးရွာနယ်စပ်သို့ ဦးတည်မောင်းနှင်နေစဉ် (Photo: AFP)

အမေရိကန်စစ်တပ်သည် ဖြစ်လာနိုင်ခြေရှိသော မြောက်ကိုရီးယားနှင့် စစ်ပွဲအတွက် အလွန်ပြင်းထန်သည့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေသည်ဟု ရီပက်ဘလီကင် ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ထိုပြင်ဆင်မှုများသည် လက်တွေ့အသုံးချရသည့်အဖြစ်သို့ ရောက်မလာစေရန်မျှော်လင့်ကြောင်း ၎င်းကပြောကြားသွားခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်၏အစိုးရသည် ရွေးချယ်မှုလမ်းကြောင်းများနှင့် ပတ်သက်ပြီး သေချာစွာလေ့လာနေသည့်အကြောင်း ကွန်ဂရက်အမတ် မက်သွန်းဘယ်ရီက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ မက်သွန်းဘယ်ရီသည် ပင်တဂွန်သို့ အရပ်ဘက်ကြီးကြပ်မှုဖြင့် ပံ့ပိုးပေးရသော သြဇာကြီးလက်နက်ကိုင်ရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည်။

“မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး စစ်ရေးနည်းလမ်းကို ရွေးချယ်ရတော့မယ်ဆိုရင် ဘယ်လိုကိစ္စတွေ ပါဝင်လာနိုင်တယ်ဆိုတာ အစိုးရက အလွန်ကို လေးလေးနက်နက် စဉ်းစားနေပါတယ်” ဟု သွန်းဘယ်ရီက သတင်းထောက်များကို ပြောကြားခဲ့သည်။ လေ့ကျင့်ရေးများမှာလည်း အလွန်ပြင်းထန်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“စစ်တပ်က ပြင်ဆင်မှုတွေလုပ်နေတုန်းပါ။ ဒါပေမဲ့ အဲဒါတွေ လိုအပ်မလာပါစေနဲ့လို့ မျှော်လင့်ပါတယ်” ဟု သွန်းဘယ်ရီက ဆိုခဲ့သည်။

မြောက်ကိုရီးယားပဋိပက္ခ ဖြေရှင်းမှုများအား သံတမန်ရေးဖြင့်သာ ဦးဆောင်သင့်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က ထပ်တလဲလဲ အခိုင်အမာဆိုထားသည်။ သို့သော်လည်း ပင်တဂွန်သည် ဖြစ်လာနိုင်သော မည်သည့်အရေးပေါ်ကိစ္စအတွက်မဆို အမြဲပင်စီစဉ်ထားသည့်အကြောင်း မာတစ်က ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယားတပ်များနှင့် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း အမေရိကန်တွင် ဆက်တိုက်လုပ်ဆောင်နေသော စစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားနှင့် စစ်ပွဲအတွက် စစ်တပ်ကိုအဆင်သင့်ဖြစ်စေရန် အာရုံစိုက်မှုအသစ် ဖြစ်လာနိုင်သည်ဟု နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

“နိုင်ငံအတွက် အသက်စွန့်မလားလို့ အမျိုးသားတွေ၊ အမျိုးသမီးတွေကိုမေးတော့မယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ သူတို့ကို အကောင်းဆုံးစစ်ရေးအသုံးအဆောင်တွေသာမက အကောင်းဆုံးလေ့ကျင့်မှု၊ ပြင်ဆင်မှုတွေပါ ပံ့ပိုးပေးသင့်ပါတယ်” ဟု သွန်းဘယ်ရီက ပြောကြားခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယားတို့ကြားတွင် တရားဝင်ဆွေးနွေးပွဲများ ပြန်လည်စတင်နေပြီဖြစ်သည့်အတွက် ပြီးခဲ့သည့်သီတင်းပတ်က ကမ္ဘာ့တင်းမာမှုများသည် လျော့ကျလာခဲ့သည်။

သို့သော် မြောက်ကိုရီးယားခေါင်းဆောင် ကင်က နျူကလီးယားခလုတ်ပိုကြီးသည်ဆိုသော ထရန့်၏ပြောစကားသည် ‘အသိဉာဏ်ကင်းသောသူ၏ ရုတ်ခြည်းတုံ့ပြန်မှု’ သို့မဟုတ် ‘ခွေးရူးတစ်ကောင်၏ဟောင်ခြင်း’ ဟု ဇန်နဝါရီ ၁၆ ရက်က ရှုတ်ချခဲ့သောကြောင့် အပြန်အလှန်နှုတ်ဖြင့် ထိုးနှက်မှုများမှာ ပြန်လည်မြင့်တက်လာခဲ့သည်။

Most Read

Most Recent