ပိတ်ဆို့အရေးယူမှုများအား မြောက်ကိုရီးယား၏ ရှောင်လွဲှနေမှုကို အဆုံးသတ်ပစ်မည်ဟု အမေရိကန်နှင့် မဟာမိတ်များ ကတိပြု

ပိတ်ဆို့အရေးယူမှုများအား မြောက်ကိုရီးယား၏ ရှောင်လွဲှနေမှုကို အဆုံးသတ်ပစ်မည်ဟု အမေရိကန်နှင့် မဟာမိတ်များ ကတိပြု
Published 18 January 2018

ဇန်နဝါရီ ၁၆ ရက်က ကနေဒါတွင်ကျင်းပသည့် ဗင်ကူးဗားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်က အဖွင့်အမှာစကားပြောနေသည်ကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်ဟွာက နားထောင်နေစဉ် (Photo: AFP)

ရေကြောင်းမှောင်ခိုကူးမှုများအား ကြိုတင်ကာကွယ်ရန် ရေကြောင်းလုံခြုံရေးစစ်ဆင်ရေးများ အပါအဝင် ပိတ်ဆို့အရေးယူမှုများအား မြောက်ကိုရီးယား၏ ရှောင်လွဲှနေမှုကို အဆုံးသတ်ပစ်ရန် ပြင်းထန်သောအရေးယူမှုများအား ဆောင်ရွက်သွားမည်ဟု အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ဇန်နဝါရီ ၁၆ ရက်တွင် ကတိပြုခဲ့သည်။ ဗင်ကူးဗားတွင် ဆွေးနွေးပွဲကိုဦးစီးကျင်းပခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးခရိုင် စတီယားဖရီးလန်းတို့က ရေကြောင်းကာကွယ်ရေး အရေးယူဆောင်ရွက်မှုများကို ကမ္ဘာ့အင်အားကြီးများက ထောက်ခံကြရန် တိုက်တွန်းခဲ့ကြသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားအင်အားကြီးနိုင်ငံအချို့လည်း တက်ရောက်ခဲ့သည့် အဆင့်မြင့်ဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးကို ကြိုးပမ်းကြရန် ထပ်မံကတိပြုခဲ့ကြသည်။ နျူကလီးယားပစ္စည်းများ သို့မဟုတ် ပိတ်ဆို့အရေးယူမှုကို အရေးမစိုက်သော သွင်းကုန်များအား တရားမဝင်တင်ဆောင်လာသည့် သင်္ဘောများကို ကြားဖြတ်ဟန့်တားရန် ခိုင်မာသောနည်းစနစ်သစ်များကို ကျင့်သုံးရန် တရုတ်နှင့်ရုရှားတို့ ဖိတ်ကြားမခံခဲ့ရသည့် နှစ်ရက်ကြာအစည်းအဝေးက တိုက်တွန်းခဲ့သည်။

တရုတ်၏ထောက်ခံမှုသည် သံတမန်ရေးရာ အောင်မြင်ရန်အတွက် အဓိကကျနေဆဲဖြစ်ချိန်တွင် ယင်းအကြောင်းအရာကို ကိုရီးယားစစ်ပွဲ၌ ပါဝင်ခဲ့သည့် နိုင်ငံဟောင်းများက ကျင်းပခဲ့မှုကို ပေကျင်းနှင့်မော်စကိုတို့အပါအဝင် လေ့လာသူအများအပြားက မေးခွန်းထုတ်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ အားကောင်းစေရန်နှင့် ကင်ဂျုံအွန်အစိုးရက နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး ညှိနှိုင်းလာစေရန်အတွက် ဖိအားပေးရန် မဟာမိတ်နိုင်ငံများသည် တရုတ်၊ ရုရှားနှင့် ဆက်လက်လက်တွဲသွားမည်ဖြစ်ပြီး ၎င်းတို့အကြား ညီညွတ်နေဆဲဖြစ်ကြောင်း ဆွေးနွေးပွဲအပြီးတွင် တေလာဆင်က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်းတို့အစိုးရအား ချမှတ်ထားသော ပြင်းထန်သောပိတ်ဆို့အရေးယူမှုများကို ရှောင်လွဲှနိုင်ရန် ဝေးလံသောရေပြင်များတွင် ပြည်ပသင်္ဘောများမှကုန်များအား ၎င်းတို့၏သင်္ဘောများပေါ် လွဲှပြောင်းယူနေကြောင်း စွပ်စွဲခံနေရသည်။ ကုန်သွယ်သင်္ဘောများအား ကြားဖြတ်ဟန့်တားရန် ဆောင်ရွက်မှုသည် စစ်ပွဲလုပ်ရပ်ဟု အနက်ကောက်ယူခံရနိုင်ပြီး မြောက်ကိုရီးယားက ဆိုးဆိုးရွားရွားတုံ့ပြန်မှု အလားအလာကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က သတိပေးခဲ့ကြသည်။ ကင်အတွက် ဘေးအကင်းဆုံးရွေးချယ်စရာသည် စေ့စပ်ညှိနှိုင်းခြင်းဖြစ်ကြောင်း သဘောပေါက်လာစေရန်အတွက် အမေရိကန်တပ်များသည် ၎င်းတို့ကိုယ်တိုင် အလားအလာရှိသော တိုက်ခိုက်မှုတစ်ရပ်ကို စီစဉ်နေကြောင်း အမေရိကန်မှသတင်းများက ဖော်ပြနေကြသည်။ မြောက်ကိုရီးယားက ဆွေးနွေးပွဲများအား ရွေးချယ်မှုသည် အမှန်ကန်ဆုံးခြေလှမ်းဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်းကို စဉ်းစားပါက ကောင်းမွန်သောရလဒ် ထွက်ပေါ်လာမည်မဟုတ်ကြောင်း တေလာဆင်က သတိပေးခဲ့သည်။

Most Read

Most Recent