ဗြိတိန်ဘုရင်မ အလစ်ဇဘတ် အသက် ၉၁ နှစ်ပြည့် မွေးနေ့ အခမ်းအနားဆင်နွှဲ

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်က အင်္ဂလန်တောင်ပိုင်းရှိ ဆောက်သမ်တန်မြို့တွင် သင်္ဘောတစ်စင်းပေါ်သို့ သွားရောက်ခဲ့သော အလစ်ဇဘတ်ဘုရင်မ (Photo: AFP)

ဗြိတိန်ဘုရင်မ ဒုတိယမြောက် အလစ်ဇဘတ်သည် ဧပြီ ၂၁ ရက်တွင် အသက် ၉၁ နှစ်ပြည့်မြောက်ခဲ့ပြီး ကမ္ဘာ့ထီးနန်းစိုးစံမှုအရှည်ကြာဆုံး ဘုရင်မသည် လူငယ်မျိုးဆက်များထံ နန်းတော်တာဝန်များ လွှဲပေးရန်အတွက် လုပ်ဆောင်နေကြောင်း သိရသည်။ လန်ဒန်ရှိ Tower Bridge တွင် သေနတ်ပစ်ဖောက် ဂုဏ်ပြုမှုနှင့် Hyde Park တို့တွင် ဘုရင်မ၏ မွေးနေ့အထိမ်းအမှတ်ကို ကျင်းပမည်ဖြစ်ရာ အလစ်ဇဘတ်၏ အသက် ၉၀ ပြည့် မွေးနေ့ အခမ်းအနားကဲ့သို့မဟုတ်ဘဲ ခပ်မှိန်မှိန်သာ ကျင်းပမည့် လက္ခဏာဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်က ကျရောက်ခဲ့သော ၎င်း၏မွေးနေ့တွင် နိုင်ငံတစ်ဝန်း ထောင်နှင့်ချီသော အချက်ပြမီးများ ထွန်းခဲ့ကြပြီး လမ်းပေါ် ပါတီပွဲများနှင့် ၀င်ဆာရဲတိုက်ရှိ ၎င်း၏နေအိမ်တွင် ဖျော်ဖြေပွဲကျင်းပခဲ့ကြောင်း သိရသည်။

သို့သော် အလွန်အမင်းထင်ရှားသော ဘုရင်မသည် နန်းတော် တာဝန်အချို့အား စတင်လွှဲပြောင်းပေးနေသည်။ ၎င်း၏အကြီးဆုံးသားဖြစ်သူ ချားစ်မင်းသားသည် ထီးနန်းဆက်ခံရန် စောင့်ဆိုင်းနေစဉ် ချားစ်၏သား နှစ်ဦးဖြစ်သော မင်းသားဝီလျံနှင့် ဟာရီတို့သည် ပို၍ အာရုံစိုက်ခံနေရသည်။ ၎င်းတို့ နှစ်ဦးသည် ဘုရင်မ၏ တာဝန်အချို့ကို စတင် ထမ်းဆောင်နေပြီဖြစ်သည်။

ဝီလျံမင်းသားနှင့် ကြင်ယာတော်ကိတ်၏ ကလေးနှစ်ဦး (ဂျော့မင်းသားနှင့် ရှားလော့မင်းသမီး) တို့ ရောက်ရှိလာခဲ့မှုကလည်း တော်ဝင်မိသားစုအပေါ် နိုင်ငံ၏အကောင်းမြင်မှုအား အားကောင်းစေခဲ့သည်။ ဟာရီမင်းသားကလည်း ၎င်းကလေးဘ၀က မိခင်ဖြစ်သူ ဒိုင်ယာနာ သေဆုံးခဲ့ပြီးနောက် နှစ်များစွာအကြာတွင် နှစ်သိမ့်ဆွေးနွေးမှုများ ယူခဲ့ရကြောင်း ယခုသီတင်းပတ်တွင် ထုတ်ဖော် ပြောကြားခဲ့မှုအတွက် ချီးကျူးခံခဲ့ရသည်။

ဗြိတိန်အင်ပါယာ အလွန်အမင်း ကျဆင်းနေသည့်အချိန် ၁၉၅၂ ခုနှစ်တွင် ထီးနန်း ဆက်ခံခဲ့သော အလစ်ဇဘတ်ဘုရင်မသည် တော်ဝင်မိသားစုဝင်များအား ခေတ်သစ်သို့ ဆွဲခေါ်ယူရာတွင် အခရာကျခဲ့သည်။ ၎င်း၏ ဘ၀တစ်လျှောက်လုံး သက်တမ်းရှည်သည် ဖြစ်စေ တိုသည်ဖြစ်စေ တာဝန်ထမ်းဆောင်မှုများတွင် နှစ်မြှုပ်ထားကြောင်း အလစ်ဇဘတ်က အသက် ၂၁ နှစ် မွေးနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည်။  ဘုရင်မသည် သဘောထား အလွန်အမင်း ကွဲလွဲစေခဲ့သော Brexit ပြည်သူ့ ဆန္ဒခံယူပွဲ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား နိုင်ငံတော်အဆင့် ခရီးစဉ် ဖိတ်ကြားရန် ၀န်ကြီးချုပ်ထရီဆာမေ၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက် အပါအ၀င် နိုင်ငံရေး အကြောင်းအရာများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။       

 

Writer: 
Ref: AFP