မိုနာကိုမှ ကားပြပွဲတွင် ကားပျံနှစ်မျိုး ပါဝင်ပြသ

ဧပြီ ၂၀ ရက်က မိုနာကိုတွင် PAL-V Liberty ကားပျံအနီး ဓာတ်ပုံရိုက်ခံနေသော အမျိုးသမီးတစ်ဦး (Photo: AFP)

ကားပျံများကို စိတ်ကူးယဉ်သိပ္ပံဝတ္ထုများတွင်သာ တွေ့နိုင်ဖွယ်ရှိသော်လည်း French Riviera ပင်လယ်ကမ်းခြေဒေသတွင်းမှ မိုနာကိုတွင် ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့သည့် စူပါကားပြပွဲ၌  ကားပျံရှေ့ပြေးပုံစံ နှစ်မျိုးကို ပြသခဲ့ကြသည်။

ချမ်းသာကြွယ်ဝသော မိုနာကိုတွင် ဧပြီ ၂၃ ရက်နေ့အထိ ကျင်းပမည့် ဇိမ်ခံကားများ လာရောက်ပြသကြသော Top Marques ပြပွဲတွင် ဒတ်ခ်ျနှင့် ဆလိုဗက် ကုမ္ပဏီများက ၎င်းတို့၏ ကားပျံဒီဇိုင်းများကို ပါဝင်ပြသခဲ့ကြခြင်းဖြစ်သည်။

ဆလိုဗက်ကီးယားနိုင်ငံ၏မြို့တော် ဘရစ်တစ်လာဗာ အခြေစိုက် Aeromobil ကုမ္ပဏီသည် ၎င်းတို့၏ ကုမ္ပဏီအမည်ကိုပင် ပေးထားသော မျိုးဆက်သစ်ယာဉ်ပျံ  Aeromobil ကို ပြသခဲ့သည်။ ယင်းကုမ္ပဏီသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကားပျံရှေ့ပြေးပုံစံတစ်မျိုးကို ပြသခဲ့သော်လည်း မတော်တဆမှုဖြစ်ပွားခဲ့သည်။ “ဒီနေ့ကစပြီး ကြိုတင်မှာကြားမှုတွေကို လက်ခံနေပါပြီ။ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတည်ပြုမှုတွေ ပြီးဆုံးတဲ့အချိန် ၂၀၂၀ ပြည့်နှစ်လောက်မှာ ပို့ပေးနိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု Aeromobil ၏ပြောခွင့်ရပုဂ္ဂိုလ် စတီဗင်ဗာဒို့ဇ်က ပြောကြားခဲ့သည်။

ထို Aeromobil ယာဉ်သည် ခြောက်မီတာရှည်ကာ ပုံမှန်ဘီးလေးလုံးပါ ကားတစ်စီးဖြစ်သည်။ ပျံသန်းမည့်အချိန်တွင် ခေါက်ထားသည့် တောင်ပံများကို ဖြန့်လိုက်ပြီး တစ်နာရီကီလိုမီတာ ၂၆၀ နှုန်းဖြင့် ကီလိုမီတာပေါင်း ၇၅၀ ကျော် ပျံသန်းနိုင်မည်ဖြစ်ကာ လူနှစ်ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ ရွေးချယ်မှုအပေါ်မူတည်၍ ထိုကားပျံ၏ တန်ဖိုးသည် ယူရိုငွေ ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၅ သန်းကြားရှိမည် ဖြစ်သည်။

ပြိုင်ဘက် ဒတ်ခ်ျကုမ္ပဏီ၏ ယာဉ်ပျံမှာ ရောဘတ်ဒင်ဂျီမန့်စ်၏ စိတ်ကူးတီထွင်မှုဖြစ်သော PAL-V Liberty ဖြစ်သည်။ ထို ရောဘတ်ဒင်ဂျီမန့်စ်၏ ကုမ္ပဏီသည် နယ်သာလန်တောင်ပိုင်းတွင် အခြေစိုက်သည်။ PAL-V Liberty ကား-လေယာဉ်သည် ပိုမို ကျစ်လျစ်ပြီး လေးမီတာရှည်လျားသည်။ ယင်းယာဉ်ပျံသည်လည်း မှာယူမှုများ စတင်လက်ခံနေပြီဖြစ်ပြီး လာမည့်နှစ်အစောပိုင်း ၀န်းကျင်တွင် ပေးပို့နိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ယူရို ၂၉၉၀၀၀ မှ ၄၉၉၀၀၀ အထိ ကျသင့်မည် ဖြစ်သည်။

ဘီးလေးလုံးပါသော ဒတ်ခ်ျယာဉ်ပျံသည် စင်စစ်တွင် ဂရိုယို ကော်ပတာတစ်မျိုးသာဖြစ်ပြီး ပြန်သိမ်းနိုင်သော ဒလက်တစ်ခု  ပါဝင်သည်။ ယင်းယာဉ်သည် လူနှစ်ဦးကို သယ်ဆောင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် ကီလိုမီတာ ၄၀၀ မှ ၅၀၀ ကြား ပျံသန်းနိုင်မည်ဖြစ်သည်။

“ဒီယာဉ်ဟာ ကမ္ဘာပေါ်မှာ လုံခြုံစိတ် အချရဆုံး ပျံသန်းနိုင်တဲ့ စက်ကိရိယာပဲဖြစ်ပါတယ်။ ဘယ်လို ရာသီဥတုအခြေအနေမဆို ပျံသန်းနိုင်ပါတယ်” ဟု ဒီဇိုင်နာများက ပြောကြားခဲ့သည်။

Aeromobil နှင့် PAL-V Liberty ယာဉ် ပျံနှစ်မျိုးစလုံးတွင် အသုံးပြုမောင်းနှင်မည့်သူသည် ယာဉ်မောင်းလိုင်စင်နှင့် လေယာဉ်မောင်း လိုင်စင်နှစ်မျိုးလုံး ရှိရမည်ဖြစ်သည်။

Writer: 
Ref: AFP